Thursday, March 26, 2015

ထီဥပဒေကို ထောင်ဒဏ်ဖြုတ်ကာ ဒဏ်ငွေ သိန်း လေးဆယ်တိုးပြီး လွှတ်တော်အတည်ပြု

စိုးသန်းလင်း

သတ်မှတ်တန်ဖိုးထက် ဈေးပိုရောင်းပါက ထောင်ဒဏ် တစ်နှစ်၊ သို့မဟုတ် ငွေဒဏ် ဆယ်သိန်းထက် မပိုသော ပြစ်ဒဏ်ချမှတ်မည့် အစိုးရ အောင်ဘာလေထီဥပဒေကြမ်းကို ထောင်ဒဏ်ပယ်ဖျက်၍ အများဆုံးဒဏ်ငွေကို သိန်းလေးဆယ်တိုးပြီး သိန်းငါးဆယ်အဖြစ် သတ်မှတ်ကာ မတ်လ ၂၄ ရက်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်သည်။

“ပုဒ်မ ၂၄ ကတော့ ထီရောင်းသူ မည်သူမျှ ထီလက်မှတ်ကို သတ်မှတ်ထားတဲ့ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရဟု တားမြစ်ချက် ဖြစ်ပါတယ်။ ထီရောင်းချသူများဆိုတဲ့ နေရာမှာ ထီလုပ်ငန်းဆိုင် ထီဆိုင်ကြီးများ၊ ထီဆိုင်ခွဲများသာမက ကျေးလက်အထိ ထီရောင်းချ စားသောက်နေရတဲ့ ပြည်သူများလည်း ပါပါတယ်။

ဒီပုဒ်မကို ပြဌာန်းလိုက်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေကို ထောင်ကျစေဖို့ ပြဋ္ဌာန်းပေးသလိုလည်း ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ခါ ပြစ်ဒဏ်အရ အရေးယူမှုမရှိဘဲ ဒီပြဋ္ဌာန်းချက်ကို ပယ်ဖျက်လိုက်မယ် ဆိုပါကလည်း ဥပဒေရဲ့စည်းနှောင်အား လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထောင်ဒဏ်ကို ပယ်ဖျက်ပြီး ဒဏ်ငွေကို မူလအဆိုပြုချက်မှာပါတဲ့ ငွေဒဏ်ကျပ်သိန်း ၃၀ မှ သိန်း ၅၀ အထိ ချမှတ်ရမည်ဟု ပြဋ္ဌာန်းသင့်ကြောင်း ပြင်ဆင်အဆိုပြု တင်ပြအပ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ချောင်းဦးမြို့ နယ်အမတ် ဦးစောလှထွန်းက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အောင်ဘာလေထီ ဥပဒေကြမ်းအား ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက် ၄၄ ချက်တို့ ကို တင်သွင်းရာ၌ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဥပဒေ၏ ပြစ်မှု ပြစ်ဒဏ်အခန်းပါ ပုဒ်မ ၂၄ ကို ဖောက်ဖျက်ပါက ထောင်ဒဏ် အနည်းဆုံး ခြောက်လ၊ အများဆုံး တစ်နှစ် သို့ မဟုတ် ဒဏ်ငွေ အများဆုံး ကျပ်ဆယ်သိန်း သို့မဟုတ် ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ်လုံး ကျခံစေရမည်ဟု မူလပုဒ်မ ၂၇ တွင် ပြဋ္ဌာန်းခဲ့ခြင်းအား ထောင်ဒဏ်ကို ဖြုတ်ကာ ဒဏ်ငွေကို သိန်းငါးဆယ်အထိ တိုးလိုက်ခြင်း ဖြစ်သည်။

သို့ရာတွင် ပုဇွန်တော်မြို့နယ်အမတ် ဦးအောင်ဇင်က ထို ပုဒ်မ ၂၇ ကို ပယ်ဖျက်ပေးရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကိုးအကားဖြင့် အဆိုတင်ခဲ့သေးသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅ မှာ နိုင်ငံတော်၏ စီးပွားရေးသည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။ လွတ်လပ်သော ဈေးကွက်ကို ပြစ်ဒဏ်များသတ်မှတ်၍ ပိတ်ဆို့ အရေးယူတာ မဖြစ်သင့် ပါဘူး။ ဈေးကွက်ကို အခြားနည်းစနစ်များဖြင့် ထိန်းသိမ်းသင့်ပါတယ်။ အရောင်းအဝယ်မှာ ရောင်းဈေးကို သတ်မှတ်ပြီး ဈေးအရင်းအတိုင်း ရောင်းရခြင်းဟာ မဖြစ်နိုင်ပါဘူး။

ရောင်းကုန်အပေါ်တွင် စိုက်ထုတ်ရတဲ့ ဝန်ဆောင်မှုများလည်း ရှိနေပါတယ်။ အမြတ်မရှိသော ရောင်းကုန်ဟာ ကြာရှည် မရပ်တည်နိုင်ပါဘူး။ ကြာရှည်မရပ်တည်နိုင်လို့ အရောင်းများ ကျသွားခဲ့ရင် မရောင်းတော့ရင် ထီရောင်းသူတွေ အလုပ်လက်မဲ့ဖြစ်သွားနိုင်သလို ကံစမ်းသူတွေက နှစ်လုံး သုံးလုံးဘက်ကို ဦးတည်သွားနိုင်ပါတယ်။ ဒီအခါမှာ မလိုလားအပ်တဲ့ လူမှုအခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်” ဟု ဝေဖန်ထောက်ပြပြီး ယနေ့ ပြည်သူ့လွှတ်တော်သို့ အဆိုတင်ခဲ့သည်။

ဦးအောင်ဇင်၏ အဆိုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက “ပုဒ်မ ၂၄ နဲ့ ၂၇ ကတော့ ထီမှောင်ခိုဈေးကွက် ကြီးထွားလာမှာကို တားမြစ်ဖို့ ဖြစ်ပါတယ်။ ထီလက်မှတ်တွေကို ဈေးနှုန်းတွေ ပိုပိုတင်ရောင်းတဲ့အတွက် ပြည်သူတွေက အခက်အခဲဖြစ်ပါတယ် ဆိုတဲ့ အော်သံတွေကို နားမဆံ့အောင်ကြားရပါတယ်၊ ဒါကြောင့် ဒီပုဒ်မကို ထည့်ခြင်းဖြစ်ပါတယ်။ ထည့်ရာမှာလည်းပဲ ပြစ်ဒဏ်ချမှတ်ရာမှာ တကယ်တမ်း ထီမှောင်ခို ဈေးကွက်ကြီးကို ကြီးစိုးနေတာက စက်ဘီးကလေးတွေနဲ့ လက်ပွေ့လိုက်ရောင်းတဲ့ ထီသမားတွေ မဟုတ်ပါဘူး။ ထီလက်ကားရောင်းသူတွေသာ ဖြစ်ပါတယ်။ သူတို့ကို ဒဏ်ငွေလောက်ချလို့ကတော့ သူတို့က ရယ်ပြီးတော့ လတိုင်းပေးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထောင်ဒဏ်ထည့်ထားရခြင်း ဖြစ်ပါတယ်။ ဥပဒေတွေရဲ့ ပြစ်မှု ပြစ်ဒဏ်ပိုင်းမှာ ဟန့်တားလောက်တဲ့ ပြစ်ဒဏ်ဖြစ်ဖို့ ထည့်ရတာပါ၊ ဟန့်တားလိုတဲ့ ရည်ရွယ်ချက်နဲ့ ထည့်ထားတာပါ” ဟု ပြန်လည် ချေပခဲ့သည်။

လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဦးအောင်ဇင်ဆွေးနွေးချက်မှာ အခြေခံဥပဒေပါ ဈေးကွက် စီးပွားရေးစနစ် ပါပါတယ်။ ဝန်ဆောင်မှု စရိတ်တွေ မကာမိဘဲ အမြတ်မပါဘဲ မလုပ်နိုင်ဘူး ဆိုတာနဲ့ပတ်သက်ပြီး အောင်ဘာလေ ထီရောင်းချရာမှာ ကိုယ်စားလှယ်များ အကျိုးရှိအောင် ဘယ်လိုများ ဆောင်ရွက်ပေး ထားပါသလဲ” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနကို မေးခဲ့ရာ ဒေါက်တာ မောင်မောင်သိမ်းက “၁ဝ ရာခိုင်နှုန်း အမြတ်ပေးထားပါတယ်၊ အမြတ်မရှိဘဲ လုပ်ရတာ မဟုတ်ပါဘူး” ဟု ပြန်လည်ရှင်းပြခဲ့သည်။ သို့ရာတွင် ထောင်ဒဏ်ကို ပယ်ဖျက်ပြီး ဒဏ်ငွေကို တိုးမြှင့် ပြင်ဆင်လိုက်သည့် ဥပဒေကြမ်းကော်မတီ၏ ဆောင်ရွက်မှုအပေါ် သဘောတူ ထောက်ခံကြောင်းလည်း သူက ဖြေကြားခဲ့သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်တွင် ပြစ်မှု ပြစ်ဒဏ်အခန်းမှ ပုဒ်မ ၃၀ ကို ပယ်ဖျက်ခြင်းလည်း ပါဝင်သည်။ ပုဒ်မ ၃၀ အရ တားမြစ်ချက်များကို မလိုက်နာပါက ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှုများအဖြစ် မူလက ဥပဒေကြမ်း ကော်မတီက အသစ်ဖြည့်စွက်ခဲ့ကြောင်း၊ ထိုသို့ အသစ်ဖြည့်စွက် ပြဋ္ဌာန်း လိုက်ပါက အရေးယူမှုများ၊ ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ပြီး ထီလုပ်ငန်းရှင် ဖြစ်သည့် အစိုးရဌာနနှင့် ထီရောင်းချသူများအကြားမှာပါ မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာနိုင်သဖြင့် ထိုဖြည့်စွက်ချက်ကို ပြင်ဆင်ပယ်ဖျက်ကြောင်းလည်း ဥပဒေကြမ်း ကော်မတီကရှင်းပြခဲ့ရာ ဘဏ္ဍာရေးဝန်ကြီးဌာနက သဘောတူခဲ့ပြီး ပြည်သူ့လွှတ်တော်က ကန့်ကွက်သူ နှစ်ဦးသာရှိပြီး ထောက်ခံသူ ဦးရေများသောကြောင့် အောင်ဘာလေထီ ဥပဒေကို အတည်ပြုခဲ့သည်။

No comments: