Thursday, March 26, 2015

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားနှင့် ကားတိုက်မိ ချင်းမိုင်ရောက် ရွှေ့ပြောင်း အလုပ်သမား ၇ ဦးသေဆုံး

သျှမ်းသံတော်ဆင့်

မတ်ခ်ျလ ၂၄ ရက် ညနေ ၅ နာရီ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်း နေချိန် ချင်းမိုင်- ဘန်ကောက် ရထားက တိုယိုတာ ဟိုင်းလက်ကား တစီးအား တိုက်မိရာ ကားနှင့် အတူ စီးနှင်း လိုက်ပါသော သျှမ်းရွှေ့ပြောင်း အလုပ်သမား ၇ ဦးစလုံး သေဆုံး ခဲ့ကြောင်း မြို့နယ် စုံစမ်း စစ်ဆေးရေး ရဲများက ခရိုင် ရဲထံသို့ အကြောင်း ကြားသော စာတွင် ဖော်ပြ ထားသည်။

ချင်းမိုင်မြို့ ဆာရဖီးရပ်ကွက် ဆာရဖီးဆေးရုံကြီးအနောက်ဘက်ရှိ ရထားပြေးလမ်းနှင့် ကားလမ်း ဖြတ်သန်းသည့်နေရာတွင် တိုက်မိခဲ့ခြင်းဖြစ်ပါသည်။ ညနေ ၃ နာရီခန့်ကတည်းက ချင်းမိုင်မြို့တွင် လေပြင်းမုန်တိုင်းတိုက်ခတ် မိုးသည်းထန်စွာရွာသွန်း မိုးသီးများကျရာက်မှု ကြောင့် အဆိုပါ တိုယိုတာကား ယာဉ်မောင်းသည် ရထားဖြတ်သန်း မည့် အချက်ပြမီးလှမ်းမမြင်နိုင်သဖြင့် ထိုသို့ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွါး ခဲ့ခြင်း ဖြစ်ကြောင်းရဲများအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကားပေါ်ပါ ပွဲချင်းပြီးသေဆုံးသူ ၇ ဦးမှာ အသက် ၂၅ နှစ်မှ ၅၀ နှစ်ကြားရှိ အမျိုးသမီး ၂ ဦး အမျိုးသား ၅ ဦးဖြစ်ပါသည်။ ထိုအနက် ၃ ဦးမှာ အမည်မသိရသေးဘဲ ကျန် ၄ ဦးမှာ စိုင်းထွန်း၊ စိုင်းဂျရယ်၊ ဖှန်မြို့နယ် မှ စိုင်းလောင်း နှင့် ဝိန်းဟိုင်မြို့နယ်မှ စိုင်းဝန်း တို့ဖြစ်ကြကြောင်း ရဲအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယာဉ်မောင်းဖြစ်သော စိုင်းထွန်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသဖြင့် ဆာရဖီးဆေးရုံမှ ဆွန်ဒေါက် ဆေးရုံကြီးသို့ပို့ဆောင်ထားခြင်းခံရကြောင်းလည်း ရဲအစီရင်ခံစာတွင်ဖော်ပြ ထားပါသည်။

ထိုင်းနိုင်ငံ မိုးလေ၀သ ဌာနက မတ်ခ်ျလ ၂၇ ရက်နေ့အထိ ထိုင်းနိုင်ငံတခုလုံး နွေမုန်တိုင်း ကျ နိုင်မည်ဖြစ်ပြီး လေပြင်းထန်စွာတိုက်ခတ်မှု မိုးသီးကြွေကျမှုများရှိနိုင်ကြောင်း ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်သတင်းစာမျက်နှာများတွင် ထုတ်ပြန်ထားပါသည်။

No comments: