Sunday, March 1, 2015

ပြည်တရားရုံးအချုပ်မှ အချုပ်သားများ ခိုက်ရန်ဖြစ်ပွား၊ တစ်ဦးဆေးရုံရောက်

ရေခဲ (ပြည်)

ပဲခူးတိုင်း၊ ပြည်မြို့နယ်တရားရုံး အချုပ်တွင် ဖေဖော်ဝါရီ ၂ဝ ရက် ညနေပိုင်းက အမှုစစ်ရန် ရုံးထုတ်လာသော အချုပ်သားအချင်းချင်း စကားများရန်ဖြစ်ခဲ့ကြရာမှ အချုပ်သားတစ်ဦး ဆေးရုံတင်လိုက်ရသည်ဟု ပြည်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

''တစ်ဖက်နဲ့တစ်ဖက် မိုက်ကြေးခွဲစကား နိုင်လုပြီး ရန်ဖြစ်ကြတာ၊ တစ်ဦးကို သုံးဦးက ဝိုင်းထိုးကြိတ်ပြီး တစ်ဦး သတိလစ်သွားတယ်။ ဆေးရုံရောက်တော့ သတိပြန်ရတယ်'' ဟု ရဲတပ်ဖွဲ့ဝင်က ဆိုသည်။

ထိုနေ့ ညနေ ၃ နာရီအချိန်က ဆဲဆိုမှု၊ အိမ်ကျော်နင်းဖျက်စီးမှုများဖြင့် ပြည်မြို့မ ရဲစခန်းတွင် အချုပ်ခံထားရ သော အောင်ဇင်ဝိုင်း၊ ကျော်သက်ဦးနှင့် ထွန်းထွန်းဝင်း တို့သုံးဦးနှင့် ရဲဘက်ပြေးအမှုဖြင့် ပြည်အကျဉ်းထောင် တွင် အချုပ်ခံထာရသော ရဲနောင်(ခ)ရဲဝင်း တို့စကားများရန်ဖြစ်ခဲ့ ကြသည်။ အောင်ဇင်ဝိုင်းပါ (၃)ဦးက ဝိုင်း ဝန်းထိုးကြိတ်ခဲ့ကြသဖြင့် ရဲနောင်သည် အပေါ်အောက် နှုတ်ခမ်းဖူးရောင်ဒဏ်ရာ၊ ဝဲဘက် နဖူး ဖုရောင်ဒဏ် ရာ၊ ဝဲလက်ပြင်နာ ကျင်ဒဏ်ရာများရရှိပြီး သတိလစ်ခဲ့သည်။

လုံးထွေးသတ်ပုတ်နေစဉ် ပြည်ခရိုင် တာဝန်ကျရဲတပ်ဖွဲ့ဝင်များမှ အချုပ်ခန်းအတွင်း ဝင်ရောက်ထိန်းသိမ်းခဲ့ရပြီး သတိလစ်မေ့မျောသွားသော အချုပ်သားကိုလည်း ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင် ဆေးကုသပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

No comments: