Sunday, March 1, 2015

ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ် နည်းပါးဆဲဟု လွှတ်တော်တွင် ဝေဖန်

ထက်နိုင်ဇော်

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်မှာ နည်းပါးနေဆဲ ဖြစ်သဖြင့် ပြည်ထောင်စု လွှတ် တော်တွင် လွှတ်တော် ကိုယ်စားလှယ်များက ဝေဖန် ထောက်ပြနေကြကြောင်း သတင်းရရှိသည်။

ပညာရေး အသုံးစရိတ် လျာထားချက်မှာ ဘတ်ဂျက် စုစုပေါင်း၏ ၆.၇၇ ရာခိုင်နှုန်း၊ ကျန်းမာရေး အသုံးစရိတ်မှာ ၃.၆၄ ရာခိုင်နှုန်း အသုံးပြုနေချိန် ကာကွယ်ရေး အသုံးစရိတ်မှာ ၁၃ ရာခိုင်နှုန်းအထိ လျာထားသဖြင့် လွှတ်တော် ကိုယ်စား လှယ်တချို့က ဝေဖန်ပြောဆိုလျက် ရှိသည်။

၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်အတွက် တိုင်းပြည်၏ ကာကွယ်ရေး အသုံးစရိတ်ကို ကျပ် ၂၇၅၀ ဘီလီယံ အသုံးပြုမည်ဟု လျာထားချိန်တွင် ပညာရေး အသုံးစရိတ်သည် ကျပ် ၁၄၉.၉ ဘီလီယံ၊ ကျန်းမာရေး အသုံးစရိတ်သည် ကျပ် ၇၅၇.၄၃၆ ဘီလီယံသာ ရှိသဖြင့် လွှတ်တော် ကိုယ်စားလှယ်တချို့က ဘတ်ဂျက်များကို အတည်ပြုပေးရမည့် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား ဆွေးနွေးစဉ် ဝေဖန် ပြောဆိုကြခြင်း ဖြစ်သည်။

ပြည်သူ့ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက “ပညာရေးဆိုရင် ၈ ရာခိုင်နှုန်းလောက်တော့ အနည်းဆုံး တိုးသင့်နေပါပြီ။ အရင်နှစ်တွေတုန်းကလည်း ပညာရေး အသုံးစရိတ်တွေကို တိုးသုံးခဲ့တာ ရှိပါတယ်။ ၂၀၀၂ ခုနှစ်က စပြီး တိုးလာပါတယ်။ စာ ရင်း ဇယားတွေကို ပြန်ကြည့်ရင် အစပိုင်းမှာ တိုးသလို ရှိပေမယ့် တကယ်တန်းမှာ ဘာမှ မတိုးဘူးဆိုတာ တွေ့ရမှာပါ”ဟု လွှတ်တော် တွင် ပြောကြားသည်။

အာဆီယံနိုင်ငံများတွင် မြန်မာနိုင်ငံသည် ပညာရေး အသုံးစရိတ် အနည်းဆုံး နိုင်ငံဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် လာအို နိုင်ငံ၏ ပညာရေး အသုံးစရိတ်မှာ ၆ ရာခိုင်နှုန်းဖြစ်သဖြင့် လာအိုနှင့်ယှဉ်လျှင် မြန်မာနိုင်ငံသည် ၁၄ နှစ်ခန့် နောက်ကျကျန်ခဲ့ပြီ ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံသည် ၂၀ ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနိုင်ငံက ၁၈ ရာခိုင်နှုန်း အသုံးပြုနေသည်ဟု လွှတ်တော် ကိုယ်စားလှယ်တချို့က ထောက်ပြကြ သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူကလည်း “ဘတ်ဂျက်က ကိန်းဂဏန်းအားဖြင့်တော့ တိုးနေတယ်။ အရင်က ပညာရေး ကို ပိုက်ဆံ ၁၀၀ ရှိရင် ၂ ကျပ် သုံးတယ်။ အခု ပိုက်ဆံ ၂၀၀ မှာ ၃ ကျပ် သုံးလာတယ်။ ၃ ကျပ်ဆိုပေမယ့် အရင်ကထက် တကျပ် လျော့သွားပြီ။ ကာကွယ်ရေး၊ လယ်ဆည်နဲ့ စက်မှုတို့အောက်မှာ ပညာရေးက ရှိနေတုန်းပဲ”ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် အာဆီယံနိုင်ငံများ၏ ကျန်းမာရေး အသုံးစရိတ်တွင် မလေးရှားနိုင်ငံသည် ၂၀၁၂ ခုနှစ်က လူတဦး၏ ကျန်းမာရေး အသုံး စရိတ်သည် အမေရိကန် ဒေါ်လာ ၄၁၀ အသုံးပြုနေပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေး အသုံးစရိတ်သည် ၂၀၁၂ ခုနှစ်က ဒေါ်လာ ၂၀ ဖြစ်ကြောင်း၊ ယခု ၂၀၁၅ ခုနှစ်တွင် ၁၄ ဒေါ်လာခန့်သာ အသုံးပြုတော့ကြောင်း သိရသည်။

နော်ဝေနိုင်ငံက လူတဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ်သည် ၂၀၁၂ ခုနှစ်က ဒေါ်လာ ၉၀၀၀ ကျော် အသုံးပြုကြောင်း ကမ္ဘာဘဏ်က ထုတ်ပြန်ထားသည်။

ပြည်သူ့ငွေစာရင်း ကော်မတီ အတွင်းရေးမှူး ဦးမောင်တိုးက“ကျန်းမာရေး ဆိုရင်လည်း တိုးပြီး သုံးတယ်ဆိုပြီး တင်ပြထားပါတယ်။ တကယ်လည်း ငွေ Amount အရ တိုးပါတယ်။ တဦးချင်းစီရဲ့ ကျန်းမာရေး အသုံးစရိတ်ဟာ ၁၆၈၄ ကျပ်ကနေ ၇၀၀၀ ကျပ် အထိ ရှိပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။

အစိုးရကမူ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ၂၀၀၂ ခုနှစ်မှ စတင်၍ ဆက်တိုက် တိုးမြင့်လာခဲ့ကြောင်း ၂၀၁၅ ခုနှစ် ဖေဖော် ၀ါရီလ ၅ ရက်နေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ကိန်းဂဏန်း ဇယားတချို့ဖြင့် ဖော်ပြခဲ့သည်။

အစိုးရ အသုံးစရိတ် ဘတ်ဂျက်များကို အတည်ပြုပေးရသည့် အမျိုးသား စီမံကိန်း ဥပဒေကြမ်းအား အစိုးရက ဦးဆောင် ရေးဆွဲနေခြင်းအား ပြည်သူ့ လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းပြီးမှ ရေးဆွဲသင့်ကြောင်းလည်း လွှတ်တော် ကိုယ်စားလှယ်တချို့က အကြံပြုခဲ့ကြသည်။

No comments: