အောင်ကိုဦး
မန္တလေးခရိုင်အတွင်းတွင် သင်္ကြန်ကာလ၌ မှုခင်းကျဆင်းရေးနှင့် မှုခင်း ကြိုတင်ကာကွယ်ရေးအတွက် ရဲတပ်ဖွဲ့ဝင် ၇၀၀ ဦးဖြင့် ဆောင်ရွက်သွားမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်ထွန်းက မဇ္ဈိမကို ပြောသည်။
လုံခြုံရေးယူရာတွင် ရေကစား မဏ္ဍပ်များအပြင် လူစည်ကားသည့် ကုသိုလ်တော်၊ ကျောက်တော်ကြီး၊ တောင်သမန်အင်း စသည့် နေရာများတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ချထားပေးသွားမည် ဖြစ်သည်။
"မဏ္ဍပ်တစ်ခုကို ရဲတပ်ဖွဲ့ ခုနစ်ဦးချထားမယ်။ လုံခြုံရေးကို မီးသတ်တပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာ မဏ္ဍပ်လုံခြုံရေး တွေနဲ့လည်း ပူးပေါင်းလုပ်မယ်။ နောက်တစ်ချက်က မဏ္ဍပ်တွေထဲမှာ အရက်သေစာ မထားရသလို အန္တရာယ်ပြုစေနိုင်တဲ့ တုတ်၊ ဓား၊ လှံတွေ မထားဖို့ တားဆီးမယ်"ဟု ရဲမှူးစိန်ထွန်းက ပြောသည်။
ထိုသို့ ပြုလုပ်ရခြင်းမှာ ခိုက်ရန်ဖြစ်ပွားမှုများ မရှိစေရန်၊ သင်္ကြန်ကာလအတွင်း အဖျက်အမှောင့်များ မဖြစ်ပေါ် စေရန်နှင့် ဖြစ်ပေါ်လာခဲ့လျှင်လည်း အချိန်မီတားဆီးနိုင်ရန် ဖြစ်သည်။
ထို့အပြင် မဏ္ဍပ်များ အားလုံးတွင်လည်း CCTV များ တပ်ဆင်ထားရန် မဏ္ဍပ်များ စတင် တည်ဆောက်စဉ်ကပင် ညွှန်ကြားစာများဖြင့်လည်း အကြောင်းကြားထားသည်။
No comments:
Post a Comment