Saturday, March 28, 2015

ပုဏ္ဏားကျွန်းမြို့နယ်တွင် ငါးရှာသူတစ်ဦး အသတ်ခံရ

မာန်ယုကျော် (ရွှေဝမြေ)

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်တွင် ငါးရှာနေသူတစ်ဦး မတ်လ ၂၄ ရက်နေ့က အသတ်ခံခဲ့ရသည်ဟု ပုဏ္ဏားကျွန်းမြို့နယ်အပိုင် သဲတက်ရဲစခန်းမှ တာဝန်ရှိသူက အတည်ပြုပြောသည်။

“ဖြစ်စဉ်ဖြစ်တာမှန်ပါတယ်ဗျာ။ သူ့ရဲ့ ကိုယ်ပေါ်မှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာတွေကို တွေ့ရပါတယ်။ အပြင်မှာ ၁၃ ချက်လောက် တွေ့ရပါတယ်။ ဒါပေမယ့် ဆရာဝန်စစ်ဆေးချက်အရတော့ အဆုပ်ကိုဝင်သွားတဲ့ အပေါက် ၂ ပေါက်ပဲတွေ့တယ်လို့ ပြောပါတယ်”ဟု သဲတက်ရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ဇော်က နိရဉ္စရာသို့ပြောသည်။

ယခုသေဆုံးသွားသူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်စွန်းချောင်းကျေးရွာမှ အသက် (၄၁) နှစ်အရွယ် ဦး အောင်သန်းဖြစ်ပြီး ဒဏ်ရာများဖြင့် သေဆုံးနေသည့်သူ့အလောင်းကို ဒေသခံများ၏သတင်းပေးပို့ချက်အရ ရဲတပ်ဖွဲ့က မတ်လ ၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကန်စွန်းချောင်းရွာနဲ့ ဘင်္ဂါလီတွေရှိတဲ့ ကာဒီရွာကြား သူတစ်ယောက်တည်း ငါးရှာနေစဉ်မှာဖြစ်တာလို့ သိရပါတယ်။ ၂၄ ရက်နေ့ မနက်အစော ၂ နာရီလောက်မှာ ငါးရှာထွက်သွားခဲ့ပါတယ်။ ရွာသားတစ်ယောက်က အဲဒီမနက်ပိုင်း ၇ နာရီလောက်မှာ သူ့ကိုအလောင်းကို တွေ့ခဲ့လို့ သက်ဆိုင်ရာဆီအကြောင်းကြားခဲ့ပါတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ရခိုင်အမျိုးသားပါတီမှ ဦးစံရွှေကျော်က ပြောသည်။

သားသမီး ၃ ဦးရှိသည့်သေဆုံးသွားသူကို ကာဒီကျေးရွာမှ ဘင်္ဂါလီများကသတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများအကြား သတင်းများထွက်ပေါ်နေသော်လည်း ယင်းသတင်းကို အတည်ပြုရန် သဲတက်ရဲစခန်းမှ စခန်းမှူး ရဲအုပ် ခင်မောင်ဇော်က ငြင်းဆိုသည်။

“ကျွန်တော်တို့ အဲဒီ ကာဒီဘင်္ဂါလီရွာကိုလည်း ပိုက်စိပ်တိုက်ရှာဖွေစုံစမ်းနေပါတယ်။ ဘင်္ဂါလီတွေ တကယ်သတ်ခဲ့တာဆိုရင် ကျွန်တော်တို့ စုံစမ်းစစ်ဆေးရင် အမှုက တန်းပေါ်ပါတယ်။ အခုက ဘာမှမထူးခြားဘူး။ ဒါကြောင့် သူ့ကို ဘယ်သူသတ်သွားတယ်ဆိုတာ ပြောရတော့ ခက်ပါတယ်”ဟု ယင်းက ပြောသည်။

သို့သော် အမှုမှန်ပေါ်ပေါက်ရန်အတွက် အဆိုပါဘင်္ဂါလီကျေးရွာအပါအဝင် အနီးအနားရှိကျေးရွာများကို မြို့နယ်ရဲ၊ ခရိုင်ရဲတပ်ဖွဲ့တို့နှင့် တာဝန်ရှိသူတို့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ယခုဖြစ်စဉ်ကို သေမှုသေခင်းပုဒ်မဖြင့် အမှုဖွင့်ထားကြောင်းလည်း ရဲ၏ပြောဆိုချက်အရ သိရသည်။

No comments: