Saturday, March 21, 2015

မိုင်းပွန်ဒေသခံတဦးအား အစိုးရတပ်မတော် ပစ်ခတ်

သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ပိုင်း လွယ်လင် ခရိုင် မိုင်းပွန် နှင့် လွယ်လင် အကြား တောင်ယာ စိုက်ပျိုးရန် သွား ရောက် ပြင်ဆင်သည့် ရွာသား တဦးအား အစိုးရ တပ်မတော် လှုပ်ရှား စစ်ကြောင်းမှ ပစ်ခတ် မှုကြောင့် ခြေထောက်တဖက် ထိမိဒဏ်ရာ ရရှိ သွားသည်ဟု ဒေသခံများက ပြောသည်။

၂၀၁၅ မတ်ခ်ျ ၁၈ ရက် နံနက် ၁၀ နာရီ ကျော်အချိန် လွယ်လင်မြို့နယ် တောင်နောက် ကျေးရွာအုပ်စု ဝမ့်မတ်လန်း(ဒုံတဖြူး) ရွာနေ အသက် ၃၅ နှစ်အရွယ် ပအိုဝ်းအမျိုးသား စိုင်းအောင်ဆွေအား အစိုးရတပ်မတော် လှုပ်ရှားစစ်ကြောင်း ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁၇ နှင့် လွယ်လင်အခြေစိုက် ပူးပေါင်းတပ်တို့မှ ပစ်ခတ်ခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ဒေသခံတဦးကပြောသည်။

“စစ်သားတွေ့လို့ သူက ခြုံထဲဝင်ပုန်းတာ။ အဲဒါကိုသူပုန် ဆိုပြီး ဗမာ စစ်သားတွေက ပစ်လိုက်တာ။ ညာဘက်ခြေ ထိသွားတယ်။ စုတ်ပြတ်နေတာဘဲ၊ ဖြတ်ရမှာဘဲထင်ပါတယ်။ စိုင်းအောင်ဆွေ အပစ်ခံရကြောင်းကိုလည်း အဲဒီတပ်ကဘဲ ရွာကိုလာပြီးအကြောင်းကြားတာ” - ဟု အဆိုပါဒေသခံက ပြောသည်။

လွယ်လင်ခရိုင် ကျန်းမာရေးအသိုင်းအဝိုင်း ကလည်း မနက် ၁၀ အချိန်ခန့်က စိုင်းအောင်ဆွေး ပစ်ခတ်ခံရကြောင်း၊ ၎င်းအား ဝိုင်းထမ်းပြီး မိုင်းပွန်ဆေးခန်းသို့ ပို့ဆောင်ရာမှာ မွန်းလွဲ ၂ နာရီခွဲခန့်မှ ရောက်ရှိကြောင်း၊ ခြေထောက်အား ဖြတ်ပစ်ရဖွယ်ရှိသောကြောင့် လွယ်လင်ဆေးရုံသို့ဆက်လက်ပို့ဆောင်ရာ မွန်းလွဲ ၄ နာရီကျော်တွင်ရောက်ရှိသွားကြောင်း ပြောပါသည်။

No comments: