ကျော်စိုးမိုး
နိုင်ငံတော်အကြည်အညိုပျက်စေမှုအပါအဝင် ပုဒ်မသုံးခုဖြင့် စွဲချက်တင် ဖမ်းဆီးခံထားရသည့် ဗိုလ်ကြီးဟောင်းနေမျိုးဇင် ခါးနာသည်ဟု ပြောသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ဓာတ်မှတ်ရိုက်ခဲ့ရသော်လည်း ကြည့်မြင်တိုင် အရိုးကုဆေးရုံမှ အရိုး၊ အကြောအထူးကု ဆရာဝန်ဒေါက်တာ ဦးသန့်ဇင်နိုင်က ခါးနှင့်ပတ်သက်သည့် ရောဂါရှိမနေဟု ဒဂုံမြို့နယ် တရားရုံးတွင် လာရောက်အစစ်ဆေးခံချိန် ထွက်ဆိုခဲ့သည်။
ပုဒ်မသုံးခုဖြင့် စွဲချက်တင် ဖမ်းဆီးခံထားရသည့် ဦးနေမျိုးဇင်အပါအဝင် ၇ ဦး၏ အမှုအတွက် မတ် ၁၈ ရက်၊ နံနက်ပိုင်းက ဒဂုံမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ်တွင် အဆိုပါအရိုး၊ အကြောအထူးကုဆရာဝန်က အထက်ပါအတိုင်း ထွက်ဆိုခဲ့ခြင်းဖြစ်သည်။
ဒေါက်တာသန့်ဇင်နိုင်က ဦးနေမျိုးဇင်သည် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကြည့်မြင်တိုင်အရိုးဆေးရုံသို့ ရောက်လာပြီး ခါးနာသည်ဟုပြောသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ကာ ခါးကိုဓာတ်မှန်ရိုက်ရန် ညွှန်ကြားခဲ့ပြီး၊ ဖေဖော်ဝါရီ၂၆ ရက်က ထွက်လာသည့် ဓာတ်မှန်ပုံရိပ်အရ ဦးနေမျိုးဇင်သည် ခါးနှင့်ပတ်သက်၍ မည်သည့် ရောဂါမျှမရှိသဖြင့် အရေးပေါ်ဆေးကုသမှုခံယူရန် မလိုအပ်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။
ဦးနေမျိုးဇင်ကမူ "ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဓာတ်မှန်သွားရိုက်တော့ ဓာတ်မှန်ဆရာဝန်ကြီးကိုယ်တိုင် ခင်ဗျားရဲ့ခါးဆစ်နှစ်ခုက တော်တော်အခြေအနေ ဆိုးတယ်လို့ပြောပါတယ်၊ အခုဒီဆရာဝန်က ဘာရောဂါမှမရှိဘူးလို့ သက်သေထွက်ဆိုတယ်၊ ကျွန်တော်ဘာမှ နားမလည်တော့ပါဘူး။ " ဟု ပြောသည်။
အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်ကလည်း "ဝန်ထမ်းဆရာဝန်ဆိုတော့ ဝန်ထမ်းလိုပဲ ထွက်ဆိုတာပေါ့၊ ရောဂါဝေဒနာမရှိတဲ့သူဆို ဒီလိုပုံစံဖြစ်ပါမလား၊ မဖြစ်နိုင်တဲ့ကိစ္စပါဗျာ။" ဟုပြောသည်။
ဒဂုံမြို့နယ်တရားရုံးမှ ဒဂုံမြို့မရဲစခန်းမှူး ဒုရဲမှူးသောင်းစိန် အပါအဝင် လေးဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးခေါ်ထားသော်လည်း အမှုကြန့်ကြာမည် စိုးသဖြင့် မစစ်တော့ဘဲ လာမည့်ရုံးချိန်းတွင် စွဲချက်တင်ခံထားရသူများကို စစ်ဆေးမည်ဟု ဦးရောဘတ်စန်းအောင်ကဆိုသည်။
ဦးနေမျိုးဇင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်ပိုင်းမှစတင်ကာ ရုံးထုတ်လာသည့်အချိန်များတွင် ခါးဝေဒနာကြောင့် လဲလျောင်နေခဲ့ရသည်။
ဦးနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ဒေါ်စိန်ထွေး၊ ကိုတင်ထွဋ်ပိုင်၊ ဒေါ်စန်းစန်းဝင်း၊ ဦးသန်းဆွေနှင့် ဒေါ်မြတ်နုခိုင်တို့သည် လက်ပံတောင်းစီမံကိန်းတွင် ဒေါ်ခင်ဝင်း အသတ်ခံရမှု နှင့် ပတ်သက်၍ ရန်ကုန်မြို့ တရုတ်သံရုံးရှေ့တွင် ဆန္ဒပြခဲ့သဖြင့် ပုဒ်မ သုံးခုဖြင့် စွဲချက်တင် ခံထားရခြင်း ဖြစ်သည်။
၎င်းတို့ကို ဒဂုံမြို့နယ်တရားရုံးက မတ် ၁၀ ရက်တွင် ရုန်းရင်းဆန်ခတ်မှု၊ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် နိုင်ငံတော်အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မများဖြစ်သည့် ပြစ်မှုပုဒ်မ ၁၄၇/၃၅၃/၅၀၅(ခ) ဖြင့် စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး ဒေါ်မြတ်နုခိုင်ကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။
အဆိုပါအမှုကို မတ် ၂၆ ရက်တွင် ရုံးချိန်းစစ်ဆေးရန် ချိန်းဆိုထားပြီး စွဲချက်တင်ခံထားရသူများကို စတင်စစ်ဆေးသွားမည်ဟု တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်ကပြောသည်။
No comments:
Post a Comment