ယုဝေ
ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေးအတွက် မြင်းခြံမြို့တွင် ဆန္ဒပြသည့် ကျောင်းသားများကို အာဏာပိုင်များက ဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူလေးဦး အဖမ်းခံခဲ့ရသည်ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကျောင်းသား ကိုဟန်ဖြိုးက မဇ္ဈိမကို ပြောသည်။
မတ်လ ၂၇ ရက် နံနက် ၁၀ ခန့်အချိန်က ဖမ်းဆီးခံ ကျောင်းသားများ လွတ်မြောက်ရေး ဆန္ဒပြရန် မြင်းခြံ ဗကသ အဖွဲ့ဝင် ကျောင်းသားများက မြင်းခြံမြို့ ပြည်သူ့ဆေးရုံအနီးတွင် ပြင်ဆင်နေစဉ် မြို့နယ်ရဲမှူး၊ ခရိုင်ရဲမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ ဦးဆောင်သော ရဲအင်အား တစ်ရာဝန်းကျင်က လာရောက် တားမြစ်ရာမှ ရုတ်ရင်းဆန်ခတ်ဖြစ်ပွား၍ ကျောင်းသား ကိုဥာဏ်မြင့်သန်း၊ ကိုစည်သူ၊ ၀န်းရံသူ မဖြူ နှင့် ဦးစိန်ဝင်းတို့ကို မနက် ၁၀ နာရီခွဲအချိန်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ကိုဟန်ဖြိုးက “ ကျွန်တော်တို့ကို ညှိုနှိုင်းတာမျိုးမရှိဘူး။ ဆုံးဖြတ်ချက်ချပြီးတဲ့ပုံစံမျိုး။ နောက်ဆုတ်မှာလား။ နောက်မဆုတ်ရင် ဖမ်းမယ်လို့ပြောတယ်။ ကျွန်တော်တို့က ဆန္ဒပြမယ်လုပ်တော့ င်လုံးပြီးဖမ်းသွား တာပဲ”ဟုပြောသည်။
ကျောင်းသားများကို ၀င်ရောက်ဖမ်းဆီးသည့် ရဲအင်အားမှာ ၁၀၀ ပတ်ဝန်းကျင်ရှိပြီး ကျောင်းသားအင်အားမှာ ၃၀ ခန့်ရှိသည်ဟု ကိုဟန်ဖြိုးကဆိုသည်။
ဝန်းရံသူ ကိုအောင်စိုးသိန်းက “ကျောင်းသားတွေကို ထွက်မလို့လုပ်တုန်းမှာလာတားတယ်။ ကျောင်းသား တွေက လက်မခံဘဲ ဆန္ဒပြဖို့ဆက်လုပ်တာကနေ ဖမ်းသွားတာပဲ ။အဖမ်းခံရတာ ၆ ဦးလောက်ရှိမယ်။ အခု လေးဦးပဲ အတည်ပြုရသေးတယ် ”ဟုပြောသည်။
ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး၊ ကျောင်းသားသပိတ်ဖြိုခွင်းခံရမှုကိုအစိုးရက တာဝန်ယူပေး ရန်အတွက် မြို့အချို့တွင် ကျောင်းသားများက ၁၀ နာရီ ၁၀ မိနစ်တွင် တစ်ပြိုင်နက်ဆန္ဒပြ နေကြခြင်းဖြစ်သည်။
No comments:
Post a Comment