Tuesday, March 17, 2015

သတင်းစာဆရာ နေးရှင်း ဦးလောရုံ အကြောင်း ရေးထားသည့် စာအုပ် ထွက်ရှိ

တင်ထက်ပိုင်

“ရှင်ရင်ရွှေထီး” ဟု အမည်ပေးထားသည့် သတင်းစာဆရာကြီး နေရှင်း ဦးလောရုံရဲ့ ဘ၀အကြောင်း ရေးသားထားသောစာအုပ် ပြီး ခဲ့ သည့် စနေနေ့က ရန်ကုန်မြို့ River Ayeyarwaddy Gallery တွင် မိတ်ဆက် ဖြန့်ချိပွဲပြုလုပ်သည်။

ဦးလောရုံသည် မြန်မာ သတင်းစာ လောကတွင် The Nation သတင်းစာကို တည်ထောင်ခဲ့သူအဖြစ် ထင်ရှားခဲ့ပြီး အာဏာသိမ်း တော်လှန်ရေး ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး နေ၀င်း အစိုးရ လက်ထက် အင်းစိန် ထောင်တွင် ထိန်းသိမ်းခံရသူ ဖြစ်သည်။

အဆိုပါ စာအုပ်ကို သမီးဖြစ်သူ ၀င်ဒီလောရုံက “Golden Parasol” အမည်နှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့ခြင်းဖြစ်ပြီး စာရေးဆရာ ဟိန်းလတ်က မြန်မာ ဘာသာသို့ ပြန်ဆိုထားခြင်း ဖြစ်သည်။

ဤ စာအုပ်အဖွင့်တွင် ၁၉၆၇ ခုနှစ်ကတည်းက မြန်မာပြည်မှ ထွက်ခွာသွားရသည့် ၀င်ဒီလောရုံက ဦးသိန်းစိန် အစိုးရလက်ထက် မြန်မာပြည်သို့ ပြန်လာပြီး ရန်ကုန်မြို့ လမ်း ၄၀ ရှိ ဦးလောရုံ ပိုင်ဆိုင်ခဲ့သည့် The Nation သတင်းစာတိုက် နေရာဟောင်းကို သွားရောက်ကြည့်ရှုပုံဖြင့် ဖွင့်လှစ်ထားသည်။

စာရေးဆရာမ ၀င်ဒီလောရုံ က ဤစာအုပ်သည် သတင်းစာဆရာကြီး ဦးလောရုံ၏ အတ္ထုပ္ပတ္တိ သက်သက် မဟုတ်ဘဲ သမီး တယောက်၏ မှတ်ဉာဏ်ထဲက အဖေတယောက်အကြောင်း ဖြစ်သည်ဟု စာအုပ်ဖြန့်ချိသော နေ့ကဆိုသည်။

“ဖေဖေ့ အတ္ထုပ္ပတ္တိ မှာ သူ့အကြောင်းရယ်၊ ကျမဘဝ အကြောင်းရယ်၊ သူ့အကြောင်းတွေကြောင့် ကျမဘဝက ဘာဖြစ်လို့ အဲဒီလို ပြောင်းသွားတာလဲ၊ သက်ရောက်မှုတွေပေါ့။ အဲဒါတွေကို အားလုံးရောနှောပြီးတော့ ရေးထားတာပါ”လို့ ၀င်ဒီလောရုံက ပြောသည်။

အာဏာရှင်စနစ်ကြောင့် မြန်မာပြည်နှင့် ကင်းကွာခဲ့ရသူ ၀င်ဒီလောရုံက ဦးလောရုံ၏ ဘ၀အကြောင်း ရေးသားထားသည့် စာအုပ်ကို အမိမြန်မာပြည်ထဲတွင် ဖြန့်ချိခွင့်ရသည့်အတွက် အဓိပ္ပာယ်ရှိသည့် အိမ်အပြန်လမ်းဟုလည်း ဆိုသည်။

ဤစာအုပ်တွင် မြစ်ကြီးနားဇာတိ အက်ဒွပ် မိုက်ကယ်လောရုံ ခေါ် ဦးလောရုံ၏ ငယ်ဘ၀အကြောင်း၊ ဒုတိယကမ္ဘာစစ်အတွင်း ဖြတ် သန်းပုံ၊ အမေရိကန် ထောက်လှမ်းရေးအဖွဲ့တွင် အလုပ်လုပ်ပုံ၊ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ICS ဦးတင်ထွဋ်နှင့် တွဲဖက်၍ အလုပ် လုပ်ရပုံ၊ ဗိုလ်ချုပ်နေ၀င်းနှင့် တရင်းတနှီးနေပြီးနောက် ထောင်တွင်းသို့ အပို့ခံရပုံ၊ ထို့နောက် အင်္ဂလန်သို့ ထွက်ခွာမည်ဟု အကြောင်းပြ၍ ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ၀န်ကြီးချုပ်ဟောင်း ဦးနု အတွက် အလုပ်လုပ်ပေးပုံ၊ ပါလီမန်ဒီမိုကရေစီ ပါတီ(PDP)မှထွက် ကာ အမေရိကန်သို့ သွားရောက် နေထိုင်ပုံတို့ ပါဝင်သည်။

မြစ်ကြီးနား ဇာတိ ဦးလောရုံသည် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းဒေသတွင် သာသနာပြုလုပ်ငန်းများ လုပ်ကိုင်၍ ဒေသခံများကို ဆေးကုပေးနေသည့် ဒေါက်တာ ဆီဂရေ့ဗ် ၏ သမီးနှင့် အိမ်ထောင်ပြုခဲ့သည်။

ထို့နောက် ၁၉၄၈ ခုနှစ်တွင် The Nation သတင်းစာကို စတင်တည်ထောင်၍ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပြီး အမေရိကန်နိုင်ငံ သို့ သွားရောက်နေထိုင်ရင်း ၁၉၈၀ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့သည်။

ဦးလောရုံ၏ အတ္ထုပ္ပတ္တိ ကို ရေးသားသည့် ၀င်ဒီလောရုံသည် ၁၉၆၇ ခုနှစ် အသက် ၂၀ အရွယ်တွင် မြန်မာနိုင်ငံကနေ “နိုင်ငံမဲ့” တယောက်အဖြစ် ထွက်သွားခဲ့သည်။ ထို့နောက်“Coffin Tree” စာအုပ်ဖြင့် နိုင်ငံတကာ စာပေလောကသို့ ၀င်ရောက်ခဲ့သူဖြစ်သည်။

No comments: