Saturday, March 28, 2015

အောင်တံခွန် သင်္ဘောလိုင်းများအစား ဂျပန်မှ တင်သွင်းသော သင်္ဘောခြောက်စီး ပြေးဆွဲမည်

ကေဇူး

အောင်တံခွန် သင်္ဘောများအစား ဂျပန်နိုင်ငံမှ တင်သွင်းသော သင်္ဘောအသစ် ခြောက်စင်းကို ပြေးဆွဲပေးမည်ဟု ပြည်ထောင်စု ပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ကတိပြုခဲ့သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

မတ်လ ၂၅ ရက်က ပြည်ထောင်စု လွှတ်တော်ရှိ ရခိုင်လွှတ်တော် ကိုယ်စားလှယ်များကို ပြည်ထောင်စု ဝန်ကြီး ဦးဉာဏ်ထွန်း အောင်က ၎င်း၏နေအိမ်သို့ ဖိတ်ကြား၍ အောင်တံခွန်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်ပြီး အစိုးရ၏ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ဦးဖေသန်းက ဆိုသည်။

"ဂျိုက်ကာ အကူအညီနဲ့ ချေးငွေယူပြီး ဂျပန်က သင်္ဘောခြောက်စင်း ဝယ်ပြီး ရခိုင်ပြည်နယ် အစိုးရကို အပ်မယ်ဆိုပြီး ကတိပြုခဲ့တယ်"ဟု ဦးဖေသန်းက ပြောသည်။

သင်္ဘောပေးအပ်မည့် အစီအစဉ်များကို ပြောကြားခဲ့သော်လည်း မည်သည့်အချိန်တွင် ပြေးဆွဲမည်ကို အတိအကျ ပြောဆိုနိုင်ခြင်း မရှိသေးဟုလည်း ၎င်းက ဆိုသည်။

ပို့ဆောင်ရေးဝန်ကြီးက နစ်မြုပ်သင်္ဘောကို ပြန်လည်ဆယ်ယူခြင်း၊ သင်္ဘောနစ်မြုပ်မှုတွင် ကယ်ဆယ် ထားသူများကို ဂုဏ်ပြုဆုများ ပေးအပ်သွားမည်ဟု ပြောကြားခဲ့သေးကြောင်း ဆိုသည်။

လက်ရှိအချိန်တွင် အောင်တံခွန် သင်္ဘောများ ပြေးဆွဲမှုကို ရပ်နားထားပြီး သင်္ဘောတစ်စင်းကို အစားထိုး ပြေးဆွဲပေးထားသည်။

မတ်လ ၁၃ ရက်က ည ၁၁ နာရီခန့်က ရခိုင်ပြည်နယ် တောင်ကုတ်-စစ်တွေသွားသည့် အောင်တံခွန်-၃ သင်္ဘော ကျောက်ဖြူမြို့နှင့် မြေပုံမြို့ကြား နောင်တော်ကြီးမြစ်အတွင်း နစ်မြုပ်ခဲ့သည်။

အောင်တံခွန် သင်္ဘောနှစ်မြုပ်မှုတွင် လူရှစ်ဆယ်ကျော်၏ အလောင်းများတွေ့ရှိခဲ့ပြီး ၁၆၅ ဦးမှာ အသက်ရှင်ခဲ့သည်။ သို့သော် အစိုးရက သေဆုံးစာရင်းနှင့် ပျက်စီးဆုံးရှုံးမှုစာရင်းကို တိကျစွာ ထုတ်ပြန်ခြင်း မရှိသေးပေ။

No comments: