Wednesday, April 8, 2015

မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် မိုဘိုင်း App များရေးဆွဲ ထုတ်လုပ်ရန် ဒုတိယ သမ္မတ တိုက်တွန်း

မောင်မန်း

ပြည်တွင်း နည်းပညာကဏ္ဍ ပိုမိုတိုးတက်လာစေရန် ဆောင်ရွက်ရာတွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် မိုဘိုင်း App များ ရေးဆွဲထုတ်လုပ်ကြရန် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ဧပြီလ ၂ ရက်နှင့် ၃ ရက်များတွင် နေပြည်တော်၊ MICC II ၌ ပြုလုပ်သည့် Myanmar Software Showcase 2015 ပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဒေါက်တာ စိုင်းမောက်ခမ်းက "သန့်ရှင်း အစိုးရဖြစ်ဖို့ဆိုရင် အိုင်စီတီကို သုံးမှရမယ်။ နည်းပညာကဏ္ဍမှာ မြန်မာဘာသာနဲ့ အသုံးပြုနိုင်မယ့် မိုဘိုင်း App တွေရေးဆွဲထုတ်လုပ်ကြဖို့လိုပါတယ်။ စံသတ်မှတ်ချက်ရှိတဲ့ မြန်မာစာစနစ် ပေါ်ထွက်လာဖို့လည်း လိုပါတယ် " ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မိုဘိုင်းဖုန်းအသုံးပြုမှု ပိုမိုများပြားလာသည့်အလျှောက် ကျေးလက်ဒေသများအထိ မိုဘိုင်း App များ အသုံးပြုပြီး နည်းပညာများ အသုံးပြုနိုင်ရန် မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် မိုဘိုင်း App များ ပိုမိုပေါ်ထွက်လာရန် လိုအပ်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

ဦးဇော်မင်းဦးက " မြန်မာနိုင်ငံမှာ အင်တာနက်သုံးတာတိုးတက်လာတယ်။ မိုဘိုင်းက သုံးတာက အများဆုံးပဲ။ ကျေးလက်ဒေသတွေအထိ ပျံ့နှံ့ဖို့ဆိုရင် မြန်မာဘာသာနဲ့ အသုံးပြုနိုင်မယ့် မိုဘိုင်း App တွေအများကြီးထွက် လာဖို့လိုတယ်" ဟု သုံးသပ်သည်။

ပြည်တွင်းနည်းပညာနယ်ပယ်၌ မိုဘိုင်း App များရေးဆွဲထုတ်လုပ်မှုတွင် Android OS ပေါ်တွင်အသုံးပြုနိုင်မည့် App များရေးဆွဲထုတ်လုပ်မှု ပိုမိုများပြားပြီး ပြည်တွင်းဖုန်းအသုံးပြုသူများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် Android OS သုံးစမတ်ဖုန်းများ အသုံးပြုနေသည်ဟု ပညာရှင်တစ်ဦးက သုံးသပ်သည်။


၎င်းက " ပြည်တွင်းမှာ ဖုန်းအသုံးပြုသူ အများစုက Android ဖုန်းတွေသုံးကြပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်ကို ရှိပါတယ်။ ပြည်တွင်းက ရေးဆွဲတဲ့ App တွေမှာလည်း App တွေပဲ များပါတယ်။ မြန်မာဘာသာနဲ့ သုံးနိုင်တဲ့ App တွေလည်းရှိပါတယ်။ အခုထက်ပိုပြီး များများ ရှိလာဖို့လိုအပ်ပါတယ်" ဟု ပြောသည်။

လေးနှစ်အတွင်း မိုဘိုင်းဖုန်းအသုံးပြုမှုသည် ၉၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခဲ့ပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် မိုဘိုင်း App များ ပိုမိုပေါ်ထွက်လာပါက နိုင်ငံ၏ လူမှုဘ၀ တိုးတက်ရေးအတွက် များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု ပညာရှင်များက သုံးသပ်ကြသည်။

No comments: