Wednesday, April 8, 2015

ဒေါက်တာ အေးချမ်းနှင့် နာမည်ကြီး ရခိုင်ရဟန်းတော်များ စစ်တွေတွင် စာပေဟောပြော

စံမောင်သန်း

ရခိုင်သမိုင်း ပညာရှင် ဒေါက်တာ အေးချမ်း အပါအ၀င် စစ်တွေမြို့ရှိ အလိုတော်ပြည့်ဓမ္မစရိယ တက္ကသိုလ်မှ နာယကချုပ်ဆရာတော် သုစိတ္တာ ဘိဝံသ၊ ဆရာတော် ဣန္ဒပါလနှင့် ဒေါက်တာ စံရွှေအောင်တို့သည် ဧပြီလ ၄ ရက်နေ့က စစ်တွေတွင် စာပေ ဟောပြောပွဲတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ ဆရာတော်ဦးဥတ္တမ ခန်းမတွင် ပြုလုပ်သော ယင်းစာပေဟောပြောပွဲတွင် ဟောပြောသူများသည် ရခိုင်လူငယ်များ၏ အနာဂတ်နှင့် ပတ်သက်ပြီး အလေးပေးဟောပြောခဲ့ကြသည်။

စစ်တွေမြို့ရှိ အလိုတော်ပြည့်ဓမ္မစရိယ တက္ကသိုလ်မှ နာယကချုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထ၀ါစက ပဏ္ဍိတ၊ ဘဒ္ဒန္တသုစိတ္တာ ဘိဝံသမှ “ဘ၀သမိုင်း မရိုင်းစေနှင့်” ခေါင်းစဉ်ဖြင့် ဟောကြားရာတွင် လူပုဂ္ဂိုလ်တစ်ဦးဦးသည် ဇာတိသွေးဇာတိမာန်မရှိလျှင် အသွေးမရှိသောပုဇွန်၊ အသက်မရှိသော ထင်းတုံးနှင့်တူသည်ဟု မိန့်ကြားခဲ့သည်။

“လူမျိုးတစ်မျိုးရဲ့ အမျိုးဘာသာ၊ သာသနာ နိမ့်ကျသွားပြီဆိုရင် ကိုယ်ပါနိမ့်ကျသွားတယ်။ အမျိုးဘာသာ၊ သာသနာမြင့်မားမှ ကိုယ်ပါမြင့်မားမယ်”ဟု ဆရာတော်က ပြောဆိုသည်။

တိုင်းပြည်တစ်ပြည်ကို လောဘနှင့်ယှဉ်သော စေတနာရှိသည့် ခေါင်းဆောင်အုပ်ချုပ်လျှင် ယင်းတိုင်းပြည် ဆင်းရဲပြီး၊ ဒေါသနှင့်ယှဉ်သော စေတနာရှိသည့် ခေါင်းဆောင်အုပ်ချုပ်လျှင် ရန်ပွဲများပြီး တိုင်းပြည်မငြိမ်းမချမ်းဖြစ်တတ်သည်။ မေတ္တာနှင့်လုပ်မှငြိမ်းချမ်းမည်။ မောဟနှင့်ယှဉ်သော စေတနာရှိသည့် ခေါင်းဆောင်အုပ်ချုပ်လျှင် ၄င်းတိုင်းပြည်၌ ပညာမဲ့ဖြစ်စေနိုင်သည်ဟု ဟောကြားခဲ့သည်။

“နောက်တစ်ခုက လူမှန်နေရာမှန် ရွေးချယ်တတ်ဖို့လိုတယ်။ ဗုဒ္ဓဟာ သာသနာတော် တည်တံ့ဖို့အတွက် အခြွေအရံတွေကို ရွေးချယ်တဲ့နေရာမှာ သာကီဝင်မင်းမျိုးတွေ၊ ဆွေမျိုးတွေကိုကြည့်တဲ့အခါမှာ အရည်အချင်းပြည့်မှီတာ မတွေ့ရဘူး။ ညီတော်အာနန္ဒာဟာ မှတ်ဥာဏ်ကောင်းသလောက် ရှင်သာရိပုတ္တရာတို့၊ ရှင်မောက္ကလန်တို့ကို မမှီဘူး။ ဒါကြောင့် ပုဏ္ဍားမျိုးဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မောက္ကလန်ကိုသာ လက်ဝဲရံ လက်ယာရံ ရွေးချယ်ခဲ့တယ်။ ဘုရားလက်ထက်က အဲ့ဒီရ ဟန်းတော်တွေဟာ တစ်ပါးနဲ့ တစ်ပါး စွမ်းတာချင်း မတူကြဘူး။ အဲဒီဟာတွေကို ဗုဒ္ဓက လူမှန်နေရာမှန် ချပေးပြီးတော့ သာသနာတော် အဓွန့်ရှည်အောင် တည်ဆောက်နိုင်ခဲ့တယ်” ဟု ဆရာတော် ဟောကြားခဲ့သည်။

တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ဘဒ္ဒန္တ ဣန္ဒပါလကလည်း “ရခိုင်လူငယ်များနှင့် စာရိတ္တ” ခေါင်းစဉ်ဖြင့် ဟောကြားခဲ့သည်။

ဆရာတော်က လူတစ်ယောက်၏ စာရိတ္တ၊ ကိုယ်ကျင့်တရား သိက္ခာသည် လူ့ဘ၀၏ စွမ်းအားဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းရောက်သည့် ပုဂ္ဂိုလ်များ စာရိတ္တကို ထိန်းသိမ်းကြိုးစားကြ၍ အထွဋ်အထိပ်သို့ ရောက်ရှိသွားကြသည်ဟု ဟောကြားခဲ့သည်။

“အရက်သေစာနဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းဟာ ပင်ကိုယ်စိတ်ကို ပြောင်းလဲပြီး၊ အသိဥာဏ်ကို ကင်းမဲ့သွားစေတယ်။ ၂၀၁၄ ခုနှစ်က ပွိုင့်ကို သွားကြည့်တော့ လမ်းမှာ ၀ိုင်းဖွဲ့အရက်သောက်နေတာတွေကို တွေ့ခဲ့ရတယ်”ဟု ဆရာတော်က ဟောပြောပွဲတွင် မိန့်ကြားသည်။

စာပေဟောပြောပွဲတွင် သမိုင်းပညာရှင် ဒေါက်တာအေးချမ်းကလည်း “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်နှင့် ရခိုင်လူငယ်များတာဝန်” ခေါင်းစဉ်ဖြင့် ဟောကြားသည်။

ကိုယ့်ပြည်ကို ကိုယ့်မချစ်လျှင် မည်သူကချစ်မည်နည်း။ တချို့ရခိုင်များ နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ရသည့်ငွေဖြင့် ရန်ကုန်မှာ အိမ်ဝယ်ကြသည်၊ ကိုယ့်ပြည်နယ်မှာ အိမ်ဝယ်လျှင် ပိုမကောင်းလားဟု ဆရာက မေးခွန်းထုတ် ဟောပြောခဲ့သည်။

စာပေဟောပြောပွဲသို့ တက်ရောက်လာသည့် ပရိသတ်များက မေးခွန်းမေးကြရာတွင် ဒေါက်တာအေးချမ်း ဘာကြောင့်ပြန်လာသနည်းဟု မေးမြန်းရာ“ကျွန်တော်ကိုယ့်ပြည်ကို ပြန်လာတာ အပြစ်လား”ဟု ပြန်လည် မေးခွန်းထုတ်ခဲ့သည်။

“ကျွန်တော် ဂျပန်ရောက်သွားတော့ အလုပ်ကိုလမ်းလျှောက်သွားတယ်။ လမ်းမှာ မီးပွိုင့်မိတယ်။ ဘာကားမှလည်း မရှိဘူး။ ဂျပန်ကလေးငယ်တွေ လမ်းဖြတ်မကူးဘူး။ ကျွန်တော်တို့ စည်းကမ်း ချိုးဖေါက်ဖို့ကို ရှက်တတ်ရမယ်”ဟု ဟောပြောခဲ့သည်။

အနာဂတ် ရခိုင်ပြည်နယ်ကို တည်ဆောက်လိုလျှင် လူငယ်များအနေဖြင့် ပျင်းနေ၍မရ၊ စည်းကမ်း ရှိကြရမည်ဟု ပညာပေးဟောပြောခဲ့သည်။

ယခုနှစ်ပိုင်းအတွင်း လူသိများလာသူ ဒေါက်တာစံရွှေအောင်က “ရခိုင်လူငယ်နှင့် အနာဂတ် တာဝန်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။

ကျွန်တော်ငယ်စဉ်ကတည်းက တစ်ခါမှ အရက်မသောက်၊ ဆေးလိပ်မသောက် ကွမ်းမစားဖူးပါ။ စည်းကမ်းရှိပြီး၊ ရိုးသား ကြိုးစားခဲ့သည့်အတွက် သင်တင်တန်းတိုင်းလိုလိုတွင် ပထမရခဲ့သည်ဟု ဒေါက်တာစံရွှေအောင်က ဟောပြောသည်။

“ကျွန်တော် စကော့တလန် အင်္ဂလန်က ဘာကြောင့် မခွဲထွက်ရသလဲ ခေါင်းစဉ်နဲ့ စာတမ်းရှည်ကြီးကို ပြုစုဖူးပါတယ်။ စာပေတော်တော်များများ လေ့လာဖူးပါတယ်။ ဆရာတော် တစ်ပါးက တကာ ဗုဒ္ဓအဘိဓမ္မာကို လေ့လာပါဆိုလို့ လေ့လာဖြစ်တယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေဟာ ဗုဒ္ဓအဘိဓမ္မာအတိုင်း နိုင်ငံကို တည်ဆောက်နေတာကို တွေ့ရပါတယ်”ဟု ဒေါက်တာစံရွှေအောင်က ပြောသည်။

လူငယ်များအတွက် မှတ်သားထားစရာ နှစ်ချက်ရှိကြောင်း၊ လူတစ်ယောက်တွင် အသိဥာဏ်မြင့်မားပြီး စွမ်းဆောင်ရည်မြင့်မားလျှင် လူတော်ဖြစ်ပြီး စိမ်းစိုနေသော သစ်ရွက်နှင့်တူကြောင်း၊ စာရိတ္တကောင်းပြီး ကျန်းမာသန်စွမ်းလျှင် လူကောင်းတစ်ယောက်ဖြစ်ကာ သစ်ပင်၏အမြစ်နှင့် တူကြောင်း ဒေါက်တာစံရွှေအောင်က ဟောပြောခဲ့သည်။

ယင်းဟောပြောပွဲသို့ သမိုင်းပညာရှင် ဆရာကြီးဦးမောင်ဗသိန်း၊ ဆရာတော်ကြီးများ၊ စစ်တွေမြို့ ရပ်မိရပ်ဖများ၊ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ကျောင်းသူကျောင်းသားများ အပါအ၀င် လူပေါင်း ၁၀၀၀ ခန့် တက်ရောက်ခဲ့သည်။

ဟောပြောပွဲ အခမ်းအနားကို ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်တွင် စတင်ပြီး ညနေ ၄ နာရီခွဲကျော်တွင် ပြီးဆုံးခဲ့သည်။

No comments: