မောင်ဉာဏ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မြန်မာနိုင်ငံ၏ ရာထူးအမြင့်ဆုံးဖြစ်သည့် သမ္မတ၊ ဒုတိယသမ္မတနှစ်ဦးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ဝင်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များအပါအ၀င် ၀န်ကြီးများနှင့် တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်အဆင့်ဝင်ပုဂ္ဂိုလ်များအား ခန့်အပ်နိုင်သည့် ပုဒ်မများပါရှိသလို စွပ်စွဲပြင်တင်နိုင်သည့် ပုဒ်မများပါ ထည့်သွင်းရေးဆွဲ ပြဌာန်ထားသည်ကို လေ့လာတွေ့ရှိရသည်။
အခြေခံဥပဒေ အခန်း ၃ ပုဒ်မ ၇၁ တွင်- နိုင်ငံတော်သမ္မတကို ဖြစ်စေ၊ ဒုတိယသမ္မတ တဦးဦးကိုဖြစ်စေ အောက်ပါအကြောင်းတရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်သည် ဆိုပြီး အောက်ပါ အချက် ၅ ချက်ကို တိတိကျကျ ဖော်ပြထားပါသည်။
(၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော် ဖောက်ဖျက်ခြင်း၊ (၂) ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃) အကျင့်သိက္ခာပျက်ပြားခြင်း၊ (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသော နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်းပျက်ယွင်းခြင်း၊ (၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာမဆောင်ရွက်ခြင်း တို့ ဖြစ်ပါသည်။
စွပ်စွဲပြစ်တင်သည်ဆိုသည်မှာ အထက်ဖော်ပြပါ အချက် တခုခု ချို့ယွင်းပါက ရာထူးနှင့်မထိုက်တန်တော့ကြောင်း စွပ်စွဲခြင်းဖြစ်ပြီး စွပ်စွဲမှု မှန်ကန်ပါက တာဝန်ပေးထားသည့်ရာထူးမှ ဖယ်ရှားခံရခြင်းပင်ဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) အုပ်ချုပ်ရေးအခန်း ပုဒ်မ ၂၃၃ တွင်လည်း ပြည်ထောင်စုဝန်ကြီးများကို စွပ်စွဲပြစ်တင်နိုင်ဖို့ပြဌာန်းထားသလို ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်နိုင်သည်ဟု ပြဌာန်းထားပါသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်မှာလည်း သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ၀န်ကြီးများအား အခြေခံဥပဒေ အခန်း ၅ ပုဒ်မ ၂၆၃ ပြဌာန်းပြီး စွပ်စွဲပြစ်တင်ခွင့်ပေးထားပါသည်။ အလားတူပင် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်တို့ကိုလည်း အရည်အချင်း ပျက်ယွင်းပါက စွပ်စွဲပြစ်တင်နိုင်ဖို့ပါ အခြေခံဥပဒေတွင် ပြဌာန်းပါရှိပါသည်။
အခြေခံဥပဒေအရဆိုလျှင် နိုင်ငံရေးရာထူး( Political Post ) ယူထားသည့် နိုင်ငံတော်ရဲ့ အမြင့်ဆုံးပုဂ္ဂိုလ် သမ္မတအပါအ၀င် ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေမှသည် တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့်တာဝန်ရှိသူတွေအထိ ဥပဒေပြဌာန်းချက်ပါ အချက်တခုခုပျက်ယွင်းပါက စွပ်စွဲပြစ်တင်ပြီး စွပ်စွဲပြစ်တင်ခြင်း မှန်ကန်ပါက ဖြုတ်ချခွင့်ပေးထားခြင်းပင် ဖြစ်လေသည်။ ပြည်သူ့ကိုယ်စား နိုင်ငံကို စီမံခန့်ခွဲခွင့် အပ်နှင်းထားသူများကို အရည်အချင်း ပျက်ယွင်းပါက ပြည်သူကို ဖြုတ်ချခွင့်အပ်နှင်းထားခြင်းသည် သင့်တော်မှန်ကန်သည့် ပြဌာန်းချက်ဖြစ်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် မညီမျှမှု ရှိနေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်၏ အမြင့်ဆုံးရာထူး( Staff Post ) ဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ရာထူး ခန့်အပ်ခြင်းပုဒ်မကို ပြဌာန်းထည့်သွင်းထားသော်လည်း အရည်အချင်းတခုခု ပျက်ယွင်းပါက စွပ်စွဲပြစ်တင်ခွင့်မှာမူ ထည့်သွင်းရေးဆွဲထားခြင်း မရှိချေ။
အမှန်တကယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သမ္မတက တိုက်ရိုက် ရွေးချယ်တာဝန်ပေးခွင့် မရှိချေ။ အခြေခံဥပဒေ အခန်း(၇) ပုဒ်မ( ၃၄၂ ) အရ သမ္မတ၊ ဒုသမ္မတ ၂ ဦး၊ လွှတ်တော်ဥက္ကဌ ၂ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး တို့ဖြင့် ဖွဲ့စည်းထားသည့် ကာကွယ်ရေး နှင့်လုံခြုံရေးကောင်စီ(ကာ/လုံ)၏ အဆိုပြုထောက်ခံချက်အတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ရွေးချယ်တာဝန်ပေးရခြင်း ဖြစ်ပါသည်။ ကာ/လုံ၏ အကြံပြုချက်အတိုင်း သမ္မတက အတည်ပြု အမိန့်ထုတ်ပြန် ခန့်အပ်ပေးရုံသာဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူးသည် ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်တွင် ဦးဆောင်တာဝန်ယူရသည့် တာဝန်တင်မကပဲ နိုင်ငံ၏ အဓိကကျသည့် အခြားနေရာများတွင်ပါ နေရာရထားသူ ဖြစ်ပါသည်။ ထိုသို့မြင့်မားသော ရာထူး ရရှိထားသူတဦးကို အရည်အချင်းတခုခု ပျက်ယွင်းပါက တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ပါက မည်ကဲ့သို့ စွပ်စွဲပြစ်တင်နိုင်သည်၊ စွပ်စွဲပြစ်တင်မှု မှန်ကန်ပါက ရာထူးကနေ မည်ကဲ့သို့ ဖယ်ရှားနိုင်သည်ဆိုသည့် ပုဒ်မထည့်သွင်းရေးဆွဲ မထားခြင်းသည် အဘယ့်ကြောင့်နည်း။
ထို့ပြင် မြန်မာနိုင်ငံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် သမ္မတထက်ပင် အာဏာပိုရှိနေပါသည်။ မဏ္ဍိုင်သုံးခုအနက် သမ္မတသည် အစိုးရအဖွဲ့ တနည်းအားဖြင့် အုပ်ချုပ်ရေးမဏ္ဍိုင်တွင်သာ တာဝန်ရှိသည်။ အခြား ဥပဒေပြုရေးမဏ္ဍိုင်(လွှတ်တော်)၊ တရားစီရင်ရေးမဏ္ဍိုင်(တရားရေး)တို့တွင် ၀င်ရောက်စွပ်ဖက် လွှမ်းမိုးခွင့် မရှိပါ။ သို့သော် အခြေခံဥပဒေအရ တပ်ချုပ်မှာမူ မဏ္ဍိုင်သုံးခုစလုံးတွင် ပါဝင်ခွင့်ရနေပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုအစိုးရတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊၀န်ကြီးများကို တာဝန်ပေးခွင့်၊ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် အသီးသီးတွင်လည်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးများ တာဝန်ပေးခွင့်ရှိသည်။ သမ္မတက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ပေးချင်သောသူများကို အမိန့်ထုတ်ပြန် အတည်ပြုပေးရဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လွှတ်တော်များတွင် အခြေခံဥပဒေက ပြဌာန်းသတ်မှတ်ပေးထားသည့်အတိုင်း တပ်မတော်သားအမတ်များကို တာဝန်ပေးခွင့်ရှိပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ဘက်တရားစီရင်ရေးကိစ္စများတွင် နောက်ဆုံး အဆုံးအဖြတ်ပေးနိုင်ပါသည်။ တရားရေးမဏ္ဍိုင်၏ အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်သည့် ပြည်ထောင်စုတရားသူကြီးချုပ်သည် စစ်ဖက်တရားစီရင်ရေးကိစ္စများတွင်ပါဝင်ခွင့် အခြေခံဥပဒေက ပေးအပ်ထားခြင်းမရှိချေ။
နိုင်ငံ၏ အမြင့်ဆုံး သမ္မတကိုတောင် အရည်အချင်းပျက်ယွင်းပါက စွပ်စွဲပြစ်တင်ဖြုတ်ချခွင့် အခြေခံဥပဒေတွင်ပေးထားပါလျက် ကြီးလေးသော တာဝန်တွေ ထမ်းဆောင်နေရသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို စွပ်စွဲပြစ်တင်ခွင့် အခြေခံဥပဒေတွင် အဘယ်ကြောင့် ပုဒ်မတခုအနေနှင့် ထည့်သွင်းရေးဆွဲမထားပါသနည်း။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လူသားတဦးပင်ဖြစ်သည်။ လူသားဖြစ်ခြင်းကြောင့် လောဘ ဒေါသ မကင်းနိုင်သလို အမြဲတမ်းလည်း မမှန်ကန်နိုင်ချေ။ မှားယွင်းနိုင်သည်။ လွဲချော်နိုင်သည်။ တာဝန်မကျေပွန်မှုများလည်း ရှိနိုင်သည်။ ထို့ကြောင့် တခုခု လွဲချော်မှု ရှိလာပါက တားမြစ်ဖို့၊ ကာကွယ်ဖို့၊ အရေးယူဖို့အတွက် စည်းမျဉ်းဥပဒေများ လိုအပ်သလို ပြင်ဆင်ရေးဆွဲပြဌာန်းရမည်ဖြစ်ပါသည်။ ထိုတာဝန်သည် အခြေခံဥပဒေကို ပြင်ဆင်ခွင့်၊ ဖြည့်စွက်ခွင့်၊ ဖြုတ်ပယ်ခွင့်ရှိသည့် ပြည့်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်များတွင် အဓိက ရှိနေသည် မဟုတ်လော။
No comments:
Post a Comment