Tuesday, April 28, 2015

ထိုင်းနှင့် မလေးသို့ သွားမည့်သူများ ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုတတ်ရန် ILO သင်ရိုးကို ပို့ချပေးမည်

ခင်မြတ်မြတ်ဝေ

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် သူများအတွက် ပြဿနာ တစ်စုံတရာရှိခဲ့ပါက မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို အပြည့်အ၀ ရရှိရန် နှင့် မိမိအခွင့်အရေးရရန် ကိုယ်တိုင်ကြိုးပမ်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း (ILO) ၏ သင်ရိုးကို အေဂျင်စီများက သင်တန်းပို့ချပေးရမည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုဝန်ကြီး ဦးထင်အောင်က မီဒီယာများကို ပြောသည်။

"စစချင်းကတော့ တစ်နိုင်တစ်ပိုင်ပေါ့။ လက်လှမ်းမီ သလောက်ပေါ့ သင်တန်းတွေမှာ စပေးမယ်။ အမှန်က သင်တန်းကို သွားမယ့်သူတိုင်း တက်ကိုတက်ရမယ်။ ယခုမှသွားရောက်မည့်သူများအတွက်ကို သင်တန်းပို့ချပေးမည် ဖြစ်သည်။ ဟိုရောက်နေတဲ့ သူတွေ အသစ်သွားမယ့်သူတွေကို ခါးသီးတဲ့ အတွေ့အကြုံတွေကို မခံစားစေချင်လို့လုပ်တာပါ" ဟု ၎င်းက ပြောသည်။

"ထိုင်းနှင့် မလေးရှားနိုင်ငံသို့ မထွက်ခွာမီ ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ သင်ရိုးညွှန်းတမ်း" မိတ်ဆက်ပွဲကို ဧပြီ ၂၆ ရက်က ရန်ကုန်မြို့ Sule Shangri la hotel တွင် ကျင်းပသည့် ပွဲတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ထိုင်းနိုင်ငံကို သွားတာကြတော့ တစ်လကို အယောက်သုံးထောင်လောက် သွားကြတယ်၊ နောက်မြန်မာနိုင်ငံနဲ့ ထိုင်းနဲ့က ပိုနီးတော့ မြန်မာတွေက တရားမဝင် သွားတာတွေလည်း ပိုများတယ်၊ နောက်ထပ်သွားမယ့် အလုပ်သမားတွေကို အေဂျင်စီကနေ သင်တန်းတွေပေးမယ်။ အရေးပေါ်ဖြစ်လာရင် ဘယ်ဖုန်းနံပါတ်ကို ဆက်ရမယ်ဆိုတာက အစပါတယ်။" ဟု မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ရှားဖွေရေး အေဂျင်စီ အသင်းချုပ် မှ အတွင်းရေးမှူး (၂) ဦးကျော်ဇောက မဇ္ဈိမကို ပြောသည်။

အလုပ်သမားများ၏ လိုအပ်ချက်အတွက် လက်စွဲစာအုပ်ကို သင်ကြားရန် စီစဉ်ရခြင်းဖြစ်ပြီး အေဂျင်စီများက အလုပ်သမားများအား ပြညရမည်ဖြစ်သည်။

ယင်းလက်စွဲစာအုပ်ကို အလုပ်သမားများ ကြိုတင် ပြင်ဆင်နိုင်ရန်နှင့် ရွှေ့ပြောင်း အလုပ်သမားများအား ကာကွယ်စောင့်ရှောက်မှု လုပ်ငန်းစဉ်များကို မြှင့်တင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ILOမဲခေါင်ဒေသအတွင်း သုံးပွင့်ဆိုင် လှုပ်ရှားမှု စီမံကိန်း ( ILO NGMS TRIANGLE Project)အရ ILO(ရန်ကုန်) မှဦးဆောင်၍ သြစတြေးလျ အစိုးရ၏ ပံ့ပိုးကူညီမှု (Astralian Aid)၊ အပြည်ပြည်ဆိုင်ရာ စီမံခန့်ခွဲရေး အဖွဲ့ (International Management Group- IMG) ၊ ဥရောပ သမဂ္ဂ (EU)၊ IOM၊ Save the Children၊ World Vision နှင့် Migrant Workers၊ Right Network (MWRN) တို့က နည်းပညာဆိုင်ရာ ပံ့ပိုးကာ ရေးသားပြုစုခဲ့ခြင်း ဖြစ်သည်။

No comments: