Tuesday, April 14, 2015

အရောင်စုံတဲ့ မျိုးဆက်သစ် သင်္ကြန်

ဧရာဝတီ

“အထူးလျှော့ဈေး” ဆိုတဲ့ ဆိုင်းဘုတ်ငယ်လေး ချိတ်ဆွဲထားတဲ့ ဆိုင်အတွင်းမှာ အသက် ၂၀ ကျော် အမျိုးသမီးငယ် ၃ ဦး စ,နောက် ရယ်မောရင်း အရောင်အသွေး စုံလင်လှတဲ့ ခပ်တိုတို ဘောင်းဘီတိုတွေကို စိတ်ဝင်တစား ရွေးချယ်နေ ကြတယ်။ ဘောင်းဘီ တို တွေ ကို ရွေးချယ်ရင်း သူတို့ရဲ့ ကိုယ်ခန္ဓာကိုယ်ပေါ်မှာလည်း ကပ်ကြည့်တဲ့အပြင် တဦးကိုတဦး အပြန်အလှန် ဝေဖန်သုံးသပ်ကြ တယ်။

“ဒီ ဘောင်းဘီနဲ့ ခေါင်းစွပ်အင်္ကျီနဲ့ တွဲဝတ်လိုက်ရင် အရမ်းမိုက်မှာပဲ။ ဟေ့ယောင် မင်းသဘောကရော ဘယ်လိုလဲ” လို့ ပေါင်ရင်း အထိ တိုပြတ်နေတဲ့ ဘောင်းဘီတိုကို ကိုယ်ခန္ဓာမှာ ကပ်ကြည့်ရင်း အမျိုးသမီးငယ်တဦးက တခြား အမျိုးသမီးငယ် ၂ ဦးကို လှမ်းမေးလိုက်တယ်။

ဒီမြင်ကွင်းက ရန်ကုန်မြို့လယ်ကောင်၊ အနော်ရထာ လမ်းမကြီးဘေးမှာ ရှိတဲ့ အမျိုးသမီးသီးသန့် အဝတ်အထည် ဆိုင်တဆိုင် အတွင်းက မြင်ကွင်း ဖြစ်ပါတယ်။ မကြာခင် ၂၀၁၅ ခုနှစ် သင်္ကြန်မှာ ဝတ်ဆင်ပြီး ဆင်နွှဲဖို့ အတွက် အမျိုးသမီး ငယ်လေးတွေ ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ နှစ်သစ်ကူးကာလကို ရောက်တိုင်း ထုံးတမ်းစဉ်လာ အရ သင်္ကြန်ပွဲတော်ကို ကျင်းပကြပေမယ့် ပါဝင်ဆင်နွှဲကြသူ တွေရဲ့ ဖက်ရှင်၊ အဆင် အပြင်၊ အဝတ်အစားတွေ ကတော့ တနှစ်ထက်တနှစ် ရိုးရာနဲ့ ဆန့်ကျင်ဘက်ကို ရွေ့လျားလာပါတယ်။

ခေတ်ကာလ ပြောင်းလဲတာနဲ့ အမျှ ရိုးရာသင်္ကြန်ပွဲတော်က ခေတ်သစ်ဖက်ရှင်တွေ ထုတ်ဖော်ပြသရာ ပွဲတော်တခု အဖြစ် တဖြည်းဖြည်း အသွင်ပြောင်းလဲ လို့ လာနေပါတယ်။ သင်္ကြန်ကာလ ရောက်ပြီ ဆိုရင် အဝတ်အထည် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေက အထူးဈေးလျှာ့ ရောင်းချကြ သလို၊ ဖက်ရှင်အဝတ်တွေ ရောင်းတဲ့ အရောင်းဆိုင် တွေမှာလည်း အထူး ဈေးရောင်းပွဲတွေ ကျင်းပလို့ စည်ကားနေပါတယ်။ အထူးသဖြင့် ခေတ်မီလှပ ဖက်ရှင်ကျတဲ့ အမျိုးသမီး အဝတ်အထည်တွေ အရောင်းသွက်လေ့ရှိပြီး ရေပက်ခံထွက်ရာမှာ အမျိုးသမီးတိုင်း ပျိုပျိုအိုအို ကြီးကြီးငယ်ငယ် ဖက်ရှင် ကျကျ ဝတ်စားဆင်ယင် ထွက်လည်ကြပါတယ်။

အဲဒီလို လည်ပတ်ရာမှာ တချို့ မိန်းကလေးတွေ ကတော့ ဖက်ရှင်ကျကျ ဆိုတာထက် ရေစိုစိုမှာ ခန္ဓာကိုယ်ပေါ်က မပေါ်သင့် မပေါ်အပ်တဲ့ အရာတွေကို ဖော်ပြီး အတိုအပြတ်တွေကို ဝတ်ဆင်လာကြ တာပါ။ အဲဒီလို ဝတ်ဆင်တာကို လူကြီးပိုင်းက ဝေဖန်ကြပေမယ့် လူငယ်တွေကတော့ အဆန်းတကြယ်လို့ မယူဆကြတော့ပါဘူး။

မန္တလေးအခြေစိုက် ဓာတ်ပုံမော်ဒယ်လ် တဦး ဖြစ်တဲ့ ပန်းအိဖြူက “သင်္ကြန်မှာ မဏ္ဍပ်ထိုင်ရင်တော့ အက်ႌက ရင္ဘတ္ကို ဖံုးတဲ့ အက်ႌအတို ကြိုးတချောင်းနဲ့၊ ဘောင်းဘီက ဗိုက်နားထိဖုံးတဲ့ အောက်က ဘီကနီလိုမျိုး ဘောင်းဘီ ဝတ်မယ်၊ အပေါ်က ကုတ်အင်္ကျီ အရှည်ထပ်ဝတ်မယ်” လို့ သူ့ရဲ့ ၂၀၁၅ သင်္ကြန်ဖက်ရှင်နဲ့ ပတ်သက်လို့ ဧရာဝတီကို ပြောပါတယ်။

“မနှစ်ကတော့ ဗိုက်ပေါ်တွေ ဝတ်ဖြစ်တယ်၊ ရင်ဘတ်က ဘော်လီခွက် ပုံစံမျိုး ဗိုက်ပေါ် အတို တွေလေ၊ အဲဒါမျိုးတွေ အရမ်းဝတ်ကြတယ်။ ဒီနှစ် တော့ ညီမ ပြောသလိုပဲ ဘောင်းဘီက ဘီကနီလိုပုံစံ ဗိုက်ထိအဖုံးတွေနဲ့ အင်္ကျီကြိုးတချောင်းတွေ ဝတ်ကြ မယ် ထင်တယ်၊ ရေပက်ခံရင် မျက်လုံးမနာအောင် မျက်မှန်အဝိုင်း ကာလာအစုံ၊ အင်္ကျီအဝတ်အစား အရောင်နဲ့ လိုက်ပြီး ဝတ်တယ်၊ မိတ်ကပ်ကတော့ မျက်ခုံးကမည်းမည်း ပင့်ဆွဲပြီး နှုတ်ခမ်းနီရဲရဲ ဆိုး တယ်၊ ဒါမှမဟုတ် ဖန်စီအရောင် တောက်တောက် တွေ ဆိုးတယ်” လို့ သူက ဆက်ပြောပါတယ်။

တချို့လူငယ်တွေ ကတော့ ဒီနှစ်မှာ အဝတ်အစား ဖက်ရှင်ထက် ဆံပင်ဖက်ရှင်ကို အသားပေး ပြင်ဆင်မယ်လို့ ဆိုလာပါတယ်။ သင်္ကြန်မတိုင်ခင် ရက်ပိုင်း အလိုလောက် ကတည်းက ဆံပင်အလှပြင် ဆိုင်တွေမှာ ယောက်ျား၊ မိန်းမ အရွယ်စုံနဲ့ စည်ကား နေတာ တွေ့နိုင်ပါတယ်။ မနှစ်ကထက် ပိုပြီး ဒီနှစ် မှာ ဆံပင်ဖက်ရှင်ဒီဇိုင်း အဆန်းတွေ ထွင်တာ၊ ဆေး ရောင်စုံ ဆိုးတာတွေ လုပ်နေတာ ကိုလည်း ကြိုတင် မြင်နိုင်ပါတယ်။

“ဒီနှစ် သင်္ကြန်က အင်္ကျီအဝတ်အစားထက် ဆံပင်ပုံစံ ဒီဇိုင်းတွေကို ပိုလုပ်သွားမယ်။ ဆံပင်ပုံစံက ညီမက မယ်သီလရင် ဝတ်ထားတာ မကြာသေးတဲ့ အတွက် ခေါင်းတုံးဖြစ်နေတော့ ဆံပင်အတုတွေ စွပ်မယ်။ ဆံပင်အတု ဆိုပေမယ့် အစစ်တွေကို ချုပ်ထားတာလေ။ အရောင်တွေမှာ မဟော်ဂနီရောင်လို အရောင်တွေ ပါတာ အများကြီး လုပ်ထားတယ်။ အဲဒါလေးတွေနဲ့ ဖက်ရှင်လုပ်မှာ။ အဲဒါအတွက်ကို ညီမ ချစ်သူက နိုင်ငံခြားကနေ မင်းသမီးတွေ ပုံစံမျိုး ရွေးပြီး သူကိုယ်တိုင် ဝယ်လာ ပေးတာပါ” လို့ သရုပ်ဆောင် မော်ဒယ်လ် ဘေဘီမောင်က ဧရာဝတီကို ပြောပါတယ်။

မြို့တော်ဝန် မဏ္ဍပ်မှာ သီဆိုရမယ့် အဆိုတော် အိမ့်ချစ်ကတော့ ဆံပင်အရောင်ဆိုးတာ၊ ကောက်တာ၊ ဖြောင့်တာတွေ က ဆံပင်သား ပျက်စီးတဲ့ အတွက် သူ့ဆံပင်ကို ဒီအတိုင်းပဲ ထားတော့မယ် လို့ ဆိုပါ တယ်။ မြို့တော်ဝန်မဏ္ဍာပ်မှာ ဖျော်ဖြေရမှာ ဖြစ်တဲ့ အတွက် သူ့အနေနဲ့ လူကြီးတွေ အမြင်မှာ မသင့်လျော်တဲ့ အဝတ်အစားတွေလည်း ဝတ်ဖြစ်မှာ မဟုတ်ဘူး လို့ ဆက်ပြောပါတယ်။

မိန်းကလေးတွေ အနေနဲ့ ဖက်ရှင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ၊ အတိုအပြတ်၊ အဖုံးအဖော် ပုံစံမျိုးစုံ တီထွင် ဝတ်ဆင်နိုင်ကြ ပေမယ့် ယောက်ျားလေးတွေ အတွက် ကတော့ တီရှပ်၊ ရှပ်အင်္ကျီ၊ ဘောင်းဘီအတို၊ အရှည်တွေကိုပဲ ခေတ်အလိုက် ပေါ်လာတဲ့ ဒီဇိုင်းနဲ့ တွဲဖက် ဝတ်ဆင်ကြပါတယ်။ ဆံပင်ဆေးဆိုးတာ၊ မျက်မှန် ဒီဇိုင်းမျိုးစုံ ဝတ်တာတွေကိုလည်း ခေတ်အလိုက် ပြောင်းလဲ တီထွင် ဝတ်ဆင်ကြ ပါတယ်။

“တရက်နဲ့ တရက် ဖက်ရှင်တွေ မထပ်အောင် ဝတ်ဖြစ်မှာပါ။ လက်ရှည်နဲ့ ဘောင်းဘီရှည် ဒီလိုပဲ ဝတ်ဖြစ်မယ်။ အရောင်တွေမှာ အရောင် တောက်တောက်တွေ ဝတ်ဖြစ်မယ်။ အဓိက အခုသင်္ကြန် အတွက် ဝယ်ထားတာက မျက်မှန်တွေ မနည်းတော့ဘူး။ ဒါကတော့ ယောက်ျားလေးတွေ အတွက် အဓိက ဖက်ရှင်လည်း ဖြစ်တာကိုး။ အဝတ်အစားက ပန်းရောင်ဆိုရင် မျက်မှန်ကိုလည်း ပန်းရောင်ပဲ တပ်မယ်။ အဲဒီ အတွက် မျက်မှန်တွေကို ဈေးကြီး ပေးပြီးတော့ တကူးတကကို လိုက်ရှာဝယ်ထားတာပါ” လို့ တောင်ကြီးမဏ္ဍပ်မှာ ဖျော်ဖြေမယ့် မော်ဒယ်လ် ပိုင်တံခွန်က ပြောပါတယ်။

အခု နောက်ပိုင်းမှာတော့ ခန္ဓာကိုယ် အချိုးအစား တောင့်တင်းတဲ့ ယောက်ျားလေးတွေက Body Fit လက်ပြတ် အင်္ကျီတွေ ဝတ်လာကြတာလည်း တွေ့ရပါတယ်။ မိန်းကလေးတွေသာ ခန္ဓာကိုယ် အလှကို ဖော်တာမဟုတ်ဘဲ ယောက်ျားလေးတွေ လည်း သူတို့ရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်အောင် ဝတ်ဆင်လာကြတာပါ။ ဒါကတော့ နောက်ပိုင်း ခေတ်စားလာတဲ့ Mister ပြိုင်ပွဲတွေကြောင့် ဖြစ်နိုင် ပါတယ်။

“ယောက်ျားလေးတွေ ကတော့ ထုံးစံအားဖြင့် အပေါ်ဝတ် အင်္ကျီတထည် ထပ်ဝတ်ကြတာ များပါတယ်၊ ဘယ်လောက် ပူပူ ခံနိုင်ရည် ရှိပါတယ်။ စတိုင်ထုတ်လို့ ပိုကောင်းတာကိုး။ ကျန်းမာရေး လိုက်စားပြီး ဘော်ဒီလှတဲ့ ယောက်ျားလေး တွေကတော့ စွပ်ကျယ် လက်ပြတ်တို့၊ Body Fit တို့ ဝတ်ကြပါလိမ့်မယ်။ အခုနောက်ပိုင်း Trend အရဆိုရင် Body Fit ဝတ်တဲ့၊ လက်ပြတ်ဝတ်တဲ့သူ များလာမယ် လို့ ခန့်မှန်းပါတယ်” လို့ သရုပ်ဆောင် သစ်တဦးဖြစ်တဲ့ ဘုန်းထွဋ်ခေါင်က ပြောပါတယ်။

သင်္ကြန်အချိန် ရောက်လာတိုင်း တနှစ်ထက် တနှစ် ဝတ်စားဆင်ယင်မှု ပုံစံတွေ၊ သင်္ကြန်ဖက်ရှင်တွေ ပြောင်းလဲလာ သလို လူငယ်တွေရဲ့ ပျော်ပါးမှု ပုံစံဟာလည်း အရင်နဲ့ မတူတော့တာ တွေ့ရပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ်၊ အလှပြယာဉ်၊ ပြည်သူ့ အသံကို ထင်ဟပ်တဲ့ သံချပ်ပြိုင်ပွဲ၊ သင်္ကြန်ယိမ်း အကအလှတွေ မှေးမှိန်ပြီး အဲဒီနေရာတွေမှာ စင်တင် ဖျော်ဖြေပွဲတွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေကို ဈေးပြိုင်ခေါ်ထိုင်ခိုင်းတဲ့ DJ မဏ္ဍပ်တွေ၊ မူးယစ်ရမ်းကားမှုတွေ၊ ယာဉ်မတော်တဆမှု ပိုမို ထူပြောတာတွေက နေရာယူလာပါတယ်။

ဒီဘက်ခေတ် သင်္ကြန်ကာလတိုင်းမှာ မဖွင့် မဖြစ် ရောသမမွှေ သီချင်းတွေကို Remix လုပ် ဆိုတဲ့ အဆိုတော် သားစိုး ကတော့ “သင်္ကြန်တွင်းမှာ ကောင်မလေးတွေ ဝတ်စားဆင်ယင်ကြတာက ခေတ်နဲ့အညီ ဝတ်စားကြတာပဲ။ ဒါကတော့ တားဆီး လို့ မရပါဘူး။ နောက်ပြီး ဖက်ရှင်ဆိုတာက တိုပြီးရင် ရှည်မယ်၊ ရှည်ပြီးရင် တိုမယ်။ ဒါကတော့ ခေတ်ရေစီး ကြောင်း အလိုက်ပါပဲ။ ဘာကမှ တားလို့ မရပါဘူး။ တားရင်တားတဲ့သူပဲ အရူးဖြစ်မှာ လေ” လို့ ဆိုပါတယ်။

တချိန်က မြန်မာ့ယဉ်ကျေးမှု မြို့တော်လို့ ဆိုပြီး ဂုဏ်တင်ပြောဆိုရတဲ့ မန္တလေးမြို့မှာ ဆိုရင်လည်း တူးပို့သံဆိတ်ပြီး DJ သံက အစားထိုး နေရာယူလာပါပြီ။

မန္တလေးမြို့ဟာ သင်္ကြန်ဆိုရင် အလှပြယာဉ်တွေကြောင့် သတင်းမွှေးခဲ့ပြီး အလှပြယာဉ်တွေ ပြင်ဆင် ဖျော်ဖြေကြတဲ့ အသင်းပေါင်း ၅၀ လောက် ရှိခဲ့ပေမယ့် အခုတော့ မြို့မတသင်းပဲ ကျန်တော့တယ် လို့ သိရပါတယ်။

“မန္တလေးရဲ့ တမြို့လုံး ရေသဘင် မဏ္ဍပ်တွေနဲ့ စည်ကားခဲ့တဲ့ ဂီတသင်္ကြန်၊ အလှသင်္ကြန်က လုံးဝ ပျောက်သွားပြီ။ အခုက ရေပက်တာ သက်သက်ပဲ ဖြစ်နေတယ်။ ညပိုင်းမှာလည်း ဖျော်ဖြေတဲ့ မဏ္ဍပ်တွေ မရှိသလောက်ပဲ။ အခုဆိုရင် မြို့တော်ဝန် မဏ္ဍပ်လောက်ပဲ ကျန်တော့မယ်။ ရပ်ကွက်တွေထဲမှာ ရပ်ကွက်အသင်း မဏ္ဍာပ်တွေ မရှိတော့ဘူး။ အလှပြယာဉ်တွေ လည်း မရှိတော့ဘူး” လို့ မန္တလေး အခြေစိုက် စာရေးဆရာ ဆူးငှက်က ပြောပါတယ်။

သူက ဆက်လက်ပြီး “မဏ္ဍာပ်ပေါ်တက်ပြီး ရေပက်ချင်ရင် ပိုက်ဆံကုန်တယ်။ ပိုက်ဆံမကုန်ချင်ရင် အောက်မှာပဲ လိုက်က နေလို့ ရတယ်။ ကားနဲ့လည်ဖို့ ဆိုရင်တော့ အထိုက်အလျောက် ပိုက်ဆံ ထပ်ကုန်ဦးမယ်။ ရေပက်ခံတဲ့ အောက်မှာ ပျော်ဖို့ဆိုတာက အနည်းဆုံး ဘီယာတော့ သောက်ရတော့မယ်။ ယဉ်ကျေးမှုက အဲဒီလို ပြောင်းသွားတာ” လို့ ဆက်ပြောပါတယ်။

အရင်က သင်္ကြန်ဆိုရင် မန္တလေးသူ မန္တလေး သားတွေမှာ ရှိတဲ့ အနုပညာ တခုခုကို ထုတ်ဖော်ပြသခွင့် ရကြတယ်လို့ ဆရာ ဆူးငှက်က ရှင်းပြပါတယ်။ ရိုးရာ သင်္ကြန်မှာ သီချင်းရေးတတ်တဲ့သူက ရေး၊ တီးတတ် မှုတ်တတ်တဲ့ သူက တီးမှုတ်၊ ကတတ် ခုန်တတ်တဲ့သူက ကကြခုန်ကြ၊ ပန်းချီဆွဲတတ်တဲ့ သူက အလှပြယာဉ်တွေမှာ ပန်းချီ၊ ဒီဇိုင်းတွေ ဆွဲ၊ သံချပ် ထိုးတတ်တဲ့သူက သံချပ်ထိုး စသည်ဖြင့် ကိုယ်စီကိုယ်စီ ဖျော်ဖြေပိုင်ခွင့်နဲ့ အနုပညာ အရည် အသွေးတွေကို ထုတ်ဖော် ပိုင်ခွင့်တွေ ရှိခဲ့ပေမယ့် အခုခေတ်မှာတော့ စင်ပေါ်မှာ အဆိုတော်တွေက ဖျော်ဖြေတာကို နားထောင်ရုံ သက်သက် ဖြစ်နေပါ ပြီ။

“ဒီဘက်ခေတ်မှာတော့ မဏ္ဍပ်ကြီးတွေကို ထိုးမယ်၊ အဆိုတော်တွေ ငှားမယ်၊ သူတို့ ဆိုကြ အော်ကြ တီးကြ မှုတ်ကြ တာကို အောက်ကနေ နားထောင်ရုံသက်သက်ပဲလေ။ စင်ပေါ်တက် နားထောင်မယ်၊ သူတို့နဲ့ အတူ ရေပက်မယ် ဆိုရင် ငွေကုန်မယ်၊ သိန်းချီကုန်မယ်၊ အောက်ကနေ မတ်တပ် ရပ်နားထောင်ရင်တော့ မကုန်ဘူး၊ အဓိကကတော့ ယဉ်ကျေးမှု ပျက်သွားတာကို နှမြောတာ” လို့ ဆရာ ဆူးငှက်က ပြောပါတယ်။

ဒီနှစ် မန္တလေး သင်္ကြန်မှာ မြို့မအလှပြယာဉ် အပြင် ခရိုင်အလှပြယာဉ် တွေလည်း ထွက်ဖြစ်မယ် လို့ သိရပါတယ်။ အလှပြယာဉ်တွေ တခေတ်ဆန်းခဲ့ ချိန်က မြို့မ၊ ရှုတိုင်းယဉ်၊ မိုးကေသီ၊ သီရိမွန်၊ သင်္ဂဟ၊ တေးလုလင်၊ တေးချစ်သူ၊ ကျားခေါင်းနဲ့ ရွှေမန်းရေယာဉ်တို့ဟာ နာမည်ကြီး အလှပြယာဉ်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော် ရန်ကုန်မှာ တော့ မြို့တော်ဝန် မဏ္ဍပ်နဲ့ သက်ဆိုင်တဲ့ အလှပြ ယာဉ် ၁ စီး၊ ၂ စီး လောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်။ ခေတ်ပေါ် ဂီတတွေ၊ ဒီဂျေ တီးလုံးသံတွေ၊ အရက်၊ ဘီယာ မူးယစ်မှုတွေနဲ့ စီးမျောနေတဲ့ လူငယ်တွေရဲ့ အပျော်တွေက ရန်ကုန်သင်္ကြန်ရဲ့ သင်္ကေတတွေ အဖြစ် ပြောင်းလဲသွားပါပြီ။

သရုပ်ဆောင်သစ် ဘုန်းထွဋ်ခေါင်က “သင်္ကြန် ကတော့ အရွယ်သုံးပါး မရွေး ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲကြတဲ့ ပွဲတော်ပါ၊ ကျနော်လည်း ပျော်ပါတယ်။ ဒီနှစ်တော့ မပါဝင် မဆင်နွှဲဖြစ်ပေမယ့် အားလုံးပျော်နေချိန် အပျော်ကူးစက် စမြဲပါပဲ။ မူးယစ် သောက်စားလွန်ကဲမှုကြောင့် အန္တရာယ် မဖြစ်အောင် ပျော်ကြစေချင်တာပါပဲ” လို့ ဆိုပါတယ်။ ။

No comments: