နန်းမြနဒီ
တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်တိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ရှမ်းရိုးရာရေသဘင်ပွဲ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ် ။
မြန်မာနိုင်ငံမူဆယ်ခရိုင်နဲ့ကပ်ရက် ရွှေလီခရိုင်အပါအ၀င် မိုင်းခွန်၊ မိုင်းတီး၊ မိုင်းန၊ ကျန်းတာ၊ မိုင်းဝမ်း အစရှိတဲ့ ခရိုင်က Dai လို့ခေါ်တဲ့ ရှမ်းလူမျိုးတွေ စုပေါင်း ပြီး မန်ရှီ မြို့မှာ ဧပြီ ၁၁ ရက်ကနေ ၁၃ ရက် အထိ ၃ ရက်တာ ကျင်းပနေတာလည်း ဖြစ်ပါတယ် ။
တယ်ဟုန်တိုင်းက ရေသဘင်ပွဲကို နှစ်စဉ်ကျင်းပပေမယ့် ဒီတနှစ်မှာတော့ နိုင်ငံရပ်ခြားမှာရှိတဲ့ ရှမ်းအဖွဲ့ အစည်းတွေ၊ မျိုးနွယ်စုကိုယ်စားလှယ်တွေပါ ဖိတ်ကြားပြီး ခါတိုင်းနှစ်ထက် ပိုမိုကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ တယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီဝင် Ding Lu က ဘာသာပြန်မှတဆင့် ဒီဗွီဘီကို ခုလိုပြောပါတယ်။
“ကျမတို့ Dai လူမျိုး ရှမ်းနွယ်စုတွေဟာ ဒီတရုတ်ပြည်ထဲမှာအပြင်၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ ထိုင်းနဲ့ လော နိုင်ငံတွေမှာလည်း အများကြီးရှိပါသေးတယ်။ ဒီနှစ်မှာတော့ အဲဒီနိုင်ငံ အသီးသီးမှာ ရှိတဲ့ ကျမတို့မျိုးနွယ်တွေ ဒီရေသဘင်ပွဲလည်းမြင်ဖူးအောင် ပြီးတော့မတူညီတဲ့ ဒေသမှာ ရောက် ရှိနေတဲ့ ရှမ်းနွယ်စုတွေကြား ဘ၀နေထိုင်မှုအခြေအနေတွေ၊ ဘာသာစကားတွေ၊ ယဉ်ကျေးမှုတွေ လာရောက် ဖလှယ်နိုင်ဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်၊ ပွဲအတွက် လိုအပ်တဲ့ ရံပုံငွေကို တိုင်းဒေသအစိုးရက အဓိကထောက်ပံ့ပေးတယ်”လို့ ပြောပါတယ်။
ပွဲတော် ပထမနေ့မှာ ရပ်ရွာအလိုက် တောထဲက ကော်ဆွဲ့ပန်း( သင်္ကြန်ပန်း ) ပန်းခူးထွက်တဲ့ သူတို့ ဓလေ့နဲ့အညီ ရလာတဲ့ ပန်းတွေနဲ့ စေတီပုံ ပုံဖော်ခြင်း ၊ ဘုရားဆင်း ထုတော်များ ရေသပ္ပာယ်ခြင်းတွေ ပြုလုပ် ပါတယ်။
ပွဲတော် ဒုတိယနေ့မှာ ခရိုင်ဝန်၊ မြို့တော်ဝန်နဲ့ ရပ်မိရပ်ဖများကို ဂါရ၀ပြုချီတက်ပွဲ၊ သြ၀ါဒစကား နာယူပွဲ၊ အိုးစည် တီးပြိုင်ပွဲ၊ သီချင်းဆိုပြိုင်ပွဲ ရိုးရာယဉ်ကျေးမှု အလှအကပြိုင်ပွဲတွေ၊ ယက္ကန်းရက်ပြိုင်ပွဲ ၊ စက္ကူ ညှပ်ပြီး တံခွန်တိုင် ကုက္ကားပုံစံ အမျိုးမျိုးဖော်ခြင်း သစ်သီးအလှပန်း အလှပုံဖော်ပြိုင်ပွဲတွေ ကျင်းပပါတယ်။
ဒါ့အပြင် ညနေပိုင်းမှာ ရပ်ဝေးမြေခြားကနေ ရောက်ရှိလာတဲ့ ရှမ်းမျိုးနွယ် ကိုယ်စားလှယ်များ ၊ သုတေသန ပညာရှင်၊ သမိုင်းပညာရှင်များနဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီး ဒေသအသီးသီးက နေထိုင်မှုဘ၀၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများ ဖလှယ်ခဲ့ကြတယ်လို့ ပွဲဖြစ်မြောက်ရေးကော်မတီက ပြောပါ တယ်။
ဒီပွဲကို ရှမ်းပြည်နယ် တောင်ကြီးက ရှမ်းလူငယ်ကိုယ်စားပြုအနေနဲ့ တက်ရောက်ခဲ့သူ စိုင်းခေးလျို ကလည်း သူ့အတွေ့အကြုံကို ခုလိုပြောပြပါတယ်။
“ကျနော့်တသက်မှာ ဒီလောက်များပြားတဲ့ ရှမ်းလူမျိုးတွေ စုစည်းတဲ့ပွဲ၊ စည်းကားတဲ့ပွဲ၊ လှပခမ်းနားတဲ့ပွဲမျိုး အခုမှဘဲ ကြုံဖူးလို့ အရမ်းဝမ်းသာတယ်။ မနေ့က ချီတက်ပွဲဆို လူတွေ သောင်းနဲ့ချီရှိမယ်။ ကျနော်တို့အဖွဲ့က ရှမ်းခမောက်ကားကား၊ ရှမ်းဝတ်စုံဖားဖား၊ ဓားရှည်ရှည်ကြီးတွေနဲ့ တိုင်းလုံ ( ရှမ်းကြီး ) ၀တ်စုံဝတ်သွားတာ ၊ သူတို့ တအံ့ တသြဖြစ်နေကြတယ်ဗျ၊ သူတို့စကားသံ လေယူလေသိမ်းတွေက ကျနော်တို့နဲ့ မတူဘူး၊ ဒါပေ မယ့် ဖြေးဖြေးပြောရင် အကုန်နားလည်တယ်၊ ဝေါဟာရ အားလုံးနီးပါး တူတူဘဲ၊ သူတို့လည်း ကျနော်တို့ပြော တဲ့စကား နားလည်သွားတဲ့အခါ သဘောကျသွားတာပေါ့၊ စကားတွေ ဖလှယ်တယ်၊ အကတွေ ဖလှယ်တယ် ၊ ပျော်စရာကြီးဗျ”လို့ ပြောပါတယ်။
တယ်ဟုန်တိုင်းဒေသဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ပိုင်းဒေသမှာရှိပြီး Dai လို့ခေါ်တဲ့ ရှမ်းတိုင်းရင်းသားတွေရဲ့ ဘူမိနက်သန် နေရာ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနန်ပြည်နယ် တောင်ပိုင်း ကျိုင်းရုံး( ကျိန်းရုန့် )ကြီးခေါ် ဆစ်ဆောင်ပနားဒေသ၊ ကွမ်ဆီးပြည်နယ် ၊ ကွမ်းတုံပြည်နယ်တွေမှာလည်း ရှမ်းနွယ်ဝင် ဇုန့်ရှမ်း လူမျိုးတွေ သန်းနဲ့ချီ နေထိုင်လျက်ရှိပါတယ်။
တရုတ်ပြည်ဘက်ခြမ်း သင်္ကြန်ရေသဘင်ပွဲတော်ကျင်းပရာဒေသက ရှမ်းနွယ်ဖွားတဦးကို ဒီဗွီဘီ က တွေ့ဆုံမေးမြန်းရာမှာ “ဗုဒ္ဓဘာသာအတူတူပဲ။ မြန်မာပြည်ရယ်၊ ထိုင်းရယ်၊ ကျနော်တို့ အထက် ရှမ်းပေါ့၊ တရုတ်ပြည်က အရင်တုန်းက အထက်ရှမ်းပဲခေါ်တယ်၊ ဗမာပြည်နေတာ အောက်ရှမ်းခေါ် တယ်။ သင်္ကြန်ကို နှစ်တိုင်းကျင်းပပြီး နယ်နမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေနဲ့ ဆက်ဆံရေး အားကောင်းအောင် အတွက် တရုတ်ဗဟိုအစိုးရက ဘတ်ဂျက်ချပေးတယ်လို့ ပြောပါတယ်” လို့ပြောပါတယ်။
ဒါအပြင် တရုတ် ဗဟို အစိုးရက လာရောက်အားပေးသလို မြန်မာနိုင်ငံဘက်ခြမ်းက လာရောက်တဲ့သူ များတယ်လို့ ပြောပါတယ်။ ဒီသင်္ကြန်ပွဲနဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကိုလည်း အခုလို ရှင်းပြပါတယ်။
“ဗုဒ္ဓဘာသာဆို ပလောင်လည်းလာတယ် အကုန်လုံးလာတာပဲ။ ၀ ရော အကုန်လုံးလာတယ်။ နယ်စပ် ဖြတ်ကျော်ဖို့ ကတော့ သူတို့လက်မှတ်ရှိတယ်။ ခုနှစ်ရက်လား တလလား။ ၀င်ရတာ တအား လွယ်တယ်။ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရေးအတွက်လုပ်တာ။ ယဉ်ကျေးမှုကတော့ ကျနော်တို့ ရှမ်း၊ ဗမာ သိပ်မကွာဘူး။ ကွာတာကတော့ အ၀ိုင်းကတယ်လေ အိုးစည်တီးပြီးမှ အကုန်လုံးကတယ်။ ကနိုင်တယ်။ ရေပက်တာက ကပြီးမှ ကျောင်းတက်ပြီးမှ (ဘုန်းကြီးကျောင်းတက်) ပက်တယ်။ ဘုန်းကြီးကျောင်း မတက်ခင် ရေမပက်ရဘူး။. အနည်းဆုံးက ၄ ရက် ၅ ရက် ကျင်းပတယ်။ ထိုင်းမှာလို ပေါင်ဒါ လိမ်းတာ နည်းနည်းပါးပါးရှိပေမယ့် သိပ်မကြမ်းဘူးပေါ့။ မြန်မာပြည်မှာလို မဏ္ဍာပ်မရှိပေမယ့် တရွာဝင် တရွာထွက် ဘုန်းကြီးကျောင်းကို လှည့်တယ်။ ပြီးမှ ရေပက်ကြတယ်။ အဲဒီမှာ ရုံးတွေ၊ ဆိုင်တွေတော့ မပိတ် ပါဘူး။ ရေပက်တာ ဆိုပေမယ့် မန္တလေး ရန်ကုန်လို ပိုက်ကြီးနဲ့ပက်တာတော့ နည်းတယ်။ အရက်သေ စာသောက်စားပြီး မတော်တဆဖြစ်လို့ သေကြေတာတော့ရှိတာပဲ၊ ကျွေးမွေးတာက မုန့်ထုတ်။ မုန့်ဖက်ထုတ် လိုကျွေးမွေးတာရှိတယ်” လို့ ပြောပါတယ်။
သူက “ဘုန်းကြီးကျောင်းကို တက်ပြီးမှ ရေပက်ရတယ်ဆိုတာ ဟိုးရှေးရှေးတုန်းကတည်း အစဉ် အလာ။ဘုန်းကြီးကျောင်းမတက်မချင်း ရေမပက်ရဘူး (ရွာထဲမှာ ကလေးငယ်များမပါ)။ အရက်ကတော့ အရင်တုန်းက ဆိုရင် ကျောင်းဝိုင်းထဲမှာ မသောက်ရဘူး။ အခုဆိုရင် ကျောင်းဆင်း လာရင် အောက်မှာပဲ သောက်ပြီ။ အရင်တုန်းကဆိုရင် လူပျို၊ အပျိုတွေဆိုရင် သူတို့အိမ်မှာ စောင့်တယ်။ ကျနော်တို့ ရှမ်းဝတ်စုံနဲ့ အိမ်ကိုသွားပြီး မုန့်တွေ ဘာတွေ ကျွေးပြီးမှ ‘ကျနော် ရေလောင်းမယ်’ ပေါ့နော် အခွင့်သွားတောင်းတာပေါ့။ ထူးခြားချက်တခုကလည်း ပန်းခူးတာ။ ကားလမ်းကို ပိတ်ထားပြီးမှ ၁၁ ရက်နေ့က မိန်းခွန် မန်စီကို ကြားမှာ တောင်ရှိတယ် အဲဒီတောင်မှာ ကော်ဆွဲ့ပန်း ဗမာလို ဘယ်လိုခေါ်လဲမသိဘူး ..သိပ်မွှေးတယ်။ သွားခုတ်လာပြီးမှ ဘုရားကို ရေသွန်းလောင်းတဲ့ပွဲမှာ ကျောင်းတိုင်တွေအကုန်လုံးကို ချည်ထားပြီး မွှေးနေတာပဲ။ ဘုရားကို လောင်း (ရေသပ္ပာယ်) ပြီးမှ ဘုန်းကြီးကို လောင်းတယ်။ ပြီးမှ အရပ်သားတွေ လောင်းတယ်။ အဲဒီနေရာမှာ ဗမာ၊ ရှမ်း၊ တရုတ် စကားသုံးမျိုး သုံးနေကြတယ်။ မူဆယ်နယ်စပ်ဘက်မှာ ကာစတန်နဲ့ အင်မီဂေးရှင်း (လ၀က) ကတ်ကိုလုပ်ပေးတယ်။ ဘယ်နှစ်ရက်သွား သလဲဆိုတာ အခွန်ပေးပြီး ကူးရတယ်။ တခါတလေ ဟိုဘက်ကူးတဲ့အခါ ရှမ်းဆို ပြောတောင် မပြောတော့ဘူး။ သိပ်လွတ်လွတ်လပ်လပ်ပဲ။ ”လို့ ရှင်းပြပါတယ်။
“အ၀တ်အစား ပြင်ဆင်ပုံက မြန်မာပြည်ဘက်ခြမ်းနဲ့မဆင်ပဲ အများကြီးပြောင်းသွားတယ်။ ထမီတော့ ၀တ်ကြတယ်။ ဒါပေမယ့် ကလေးတွေကတော့ ကျနော် စိတ်ဆင်းရဲတယ်။ ဘာဖြစ်လို့လည်း ကျောင်း ကောင်းကောင်း မတက်ဘူး။ ကချင်တွေက ကျနော်တို့ရှမ်းဘက်က ကျောင်းကို သွားတက်တယ်။ ရှမ်းက ဘာဖြစ်လို့လည်းဆိုတော့ လယ်၊ အိမ်ရှိတယ်လေ။ သိပ်ပြီး စားရေး ၀တ်ရေး မပူတော့ဘူး အဲလိုဖြစ်နေလို့ အဲဒါကွာတယ်။ ဒါပေမယ့် နောက်မှလည်း ဒုက္ခမှာပဲ ဘာဖြစ်လို့လည်းဆိုတော့ လမ်းကို လယ်ကိုလည်း မရှိတော့ဘူးလေ။ အကုန်လုံး မြို့လုပ်ထားတယ်။ တနှစ်နဲ့တနှစ် အများကြီး ပြောင်းလဲလာနေတယ်။ ”လို့ သူက ပြောပါတယ်။

No comments:
Post a Comment