ကျော်ခ
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင် ခရိုင်မှာရှိတဲ့ အမှတ် (၁) ကရင်နီ ဒုက္ခသည်စခန်းမှာ ဒီနေ့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူ ၁၀၀၀ ခန့် အိုးမဲအိမ်မဲ့ ဖြစ်သွားခဲ့ရကြောင်း စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
မီးကြွင်းမီးကျန်ကနေ စလောင်တာဖြစ်ပြီး ဒီနေ့မနက် ၁၁ နာရီကနေ မွန်းလွဲ ၂ နာရီကျော်အထိ လောင်ခဲ့တာဖြစ်ကြောင်း သေဆုံး၊ ဒဏ်ရာ ရှိမရှိ မသိရသေးပေမယ့် အိမ်ခြေ ၁၅၀ ခန့်ပါသွားပြီး အိုးအိမ်မဲ့ဖြစ်သွားသူ ၁၀၀၀ ကျော်နိုင်တယ်လို့ စခန်းတာဝန် ရှိသူတွေက ခန့်မှန်းနေကြပါတယ်။
စခန်း အတွင်းရေးမှူး (၃) ဖြစ်တဲ့ ကိုပိုးရယ် က“ဒီလူဦးရေက ကျနော်တို့ လောလောဆယ် ခန့်မှန်းခြေစာရင်းပါ။ ဖြစ်ပြီးခါစ ဆိုတော့ စာရင်း အတိအကျ မကောက်နိုင်သေးဘူး။ မီးလောင်သွားတဲ့ အိမ်တွေက ဒုက္ခသည်တွေကိုတော့ ကွင်းပြင်ကျယ်တဲ့ နေရာမှာ ယာယီနေရာ ချထားပေးထားပြီး အစားအသောက်ကိုတော့ စခန်းကော်မတီက ချက်ပြုတ်စီစဉ်ပေးထားပါတယ်”လို့ ဧရာဝတီကို ပြော ပါတယ်။
မနက်ဖြန်မှာတော့ မီးထဲပါသွားတဲ့ အိမ်အရေအတွက်နဲ့ ဒုက္ခသည်အရေအတွက်ကို စိစစ်မှာဖြစ်ပြီး အိမ်တွေပြန်ဆောက်ပေးဖို့ အတွက်ကတော့ တလလောက် အချိန်ယူရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ကြားရက်တွေမှာ ယာယီ နေစရာတွေ ပြုလုပ်ပေး သွားမယ်လို့လည်း ဆိုပါတယ်။
ရက်ကွက် (၁) ကနေ စတင်လောင်ခဲ့တာဖြစ်ပြီး အနီးဆုံးဖြစ်တဲ့ ရက်ကွက် ၁၂ ကို ကူးစက်သွားတာလို့ ဆိုပါတယ်။ ဒုက္ခသည် တွေရဲ့ နေအိမ်တွေဟာ သစ်၊ ဝါးထရံကာ၊ ဓနိမိုး၊ ဖက်ရွက်မိုးအိမ်တွေ များပြီး ရေရှားတဲ့ အပြင် နေပူပြီး လေတိုက်တာကြောင့် လောင်ကျွမ်းမှုပိုမြန်သွားတာလို့ စခန်းတာဝန်ရှိသူက ပြောပါတယ်။
“လေလမ်းကြောင်းအတိုက် တောက်လျှောက်လိုက်လောင်နေတာ စခန်းကလူတွေနဲ့ပဲ ဝိုင်းပြီးငြိမ်းနေကြတာ။ နောက်ပိုင်းတော့ မီးကူးမယ့် လမ်းကြောင်းကအိမ်တွေကို ဖြိုဖျက်လိုက်ပြီးတော့ သတ်တယ်။ မီးသတ်ကားတွေလည်း ရောက်လာတော့ ပိုမြန်သွားတယ်”လို့ ကိုပိုးရယ် ကပြောပါတယ်။
စခန်းအတွင်းမှာ ရပ်ကွက်ပေါင်း ၂၀ ရှိပြီး လူဦးရေ စုစုပေါင်း ၁၁၆၆၃ ဦးနေထိုင်ကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာလည်း မီးလောင်မှုဖြစ်ပွားခဲ့သေးပြီး အိမ်ခြေ ၂၀ ကျော် မီးထဲပါသွားသလို အဘွားအို တဦးလည်း သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

No comments:
Post a Comment