မေစစ်ပိုင်
သင်္ကြန်ဆိုတဲ့ အသံကြားလိုက်ချိန်မှာ တွဲဖက်မြင်ကြတာတွေက ရေလောင်းရေပက်နေကြတာ၊ သင်္ကြန်သီချင်းတွေ ဆိုကြတာ၊ သင်္ကြန်ယိမ်းအကနဲ့ အလှပြယာဉ်၊ သံချပ်တွေ လှည့်လည် ဖျော်ဖြေတာတွေ တွဲဆက်ပေါ်လာသလို သင်္ကြန်တွင်း ကျွေးမွေး လှူဒါန်းကြတဲ့ စတုဒီသာ အလှူများက ဖယ်ချန်လို့ မရတဲ့ အရာတွေပဲ ဖြစ်ပါတယ်။
ရာသီပွဲတော် အလိုက် လှူဒါန်းကုသိုလ် ပြုကြတဲ့ ဓလေ့ထုံးစံအတိုင်း သင်္ကြန်မုန့်များလို့ နာမည်ကျော် လူကြိုက်များ ကြတဲ့ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူ၊ သင်္ကြန် ထမင်းများဟာ သင်္ကြန်ပျော်များ နှစ်သက်ကြပြီး လှူဒါန်းကြသူများ ကလည်း ကုသိုလ်ပြု ကျွေးမွေးကြလေ့ ရှိပါတယ်။
သင်္ကြန်အတွင်းမှာ ဒီလို စတုဒီသာ ကုသိုလ်အလှူ ပြုဖို့ အတွက် သင်္ကြန်မတိုင်မီ ကတည်းက ပရဟိတ အဖွဲ့အစည်း တွေ၊ ရပ်ကွက် အတွင်းရှိ သာရေးနာရေး အသင်းအဖွဲ့တွေ သာမက တပိုင်တနိုင် ပုဂ္ဂလိက မိတ်ဆွေ သူငယ်ချင်းတွေ အချင်းချင်း ကလည်း ပိုက်ဆံတွေ ကြိုတင် စုဆောင်းကြတာ၊ လှည့်လည် အလှူငွေ ကောက်ခံတာမျိုး ပြုလုပ်ကြ ပါတယ်။
ဒီလိုမျိုး ရပ်ကွက်၊ မြို့နယ်တွေ အလိုက် အသင်းအဖွဲ့တွေ၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အချင်းချင်း စုစည်းပြီး စတုဒီသာ အလှူပြုကြတဲ့ ဓလေ့ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အတွင်းမှာ မရိုးနိုင်တဲ့ မြင်ကွင်းတခု၊ အနှစ်သာရ ရှိတဲ့ အစဉ်အလာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။
သင်္ကြန်အတွင်း စတုဒီသာအလှူ ပြုလုပ်လာတာ ၁၀ နှစ်ကျော် ရှိပြီ ဖြစ်တဲ့ ၁၉ လမ်း မိသားစု ရေကစားမဏ္ဍပ်ရဲ့ တာဝန်ခံ တဦးဖြစ်သူ ဦးသန်းဌေးက “စတုဒီသာ ကျွေးမွေးဖို့ လုပ်နေရတဲ့ အချိန် တလျှောက်မှာ ပင်ပန်းတာမျိုးတွေ ရှိပေမယ့် အများသူငါ မိသားစုတွေ လာပြီး စားသောက်ကြတာကို မြင်လိုက်ရတဲ့ အချိန်မှာ အရမ်းပျော်ရတယ်။ ပီတိ လည်း ဖြစ်ရတယ်” လို့ ပြောပါတယ်။
၁၉ လမ်း မိသားစုက ဒီနှစ် သင်္ကြန် ပွဲတော်ရက် အတွင်းမှာ ထမင်း၊ ဟင်း၊ အအေး အချိုရည် အပြင် မုန့်မျိုးစုံကို သင်္ကြန်ကာလ တလျှောက်လုံး နေ့စဉ် ကျွေးမွေးလှူဒါန်းမယ် လို့ ဆိုကြပါတယ်။
သင်္ကြန်ပွဲတော် ကာလပြီးတာနဲ့ တပြိုင်နက် မြန်မာနှစ်သစ် ဖြစ်တဲ့ မြန်မာသက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်သစ် အခါသမယကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။
မြန်မာ အများစုဟာ နှစ်ဟောင်းမှာ ပြုလုပ်ကျုးလွန်ခဲ့ ကြတဲ့ အပြစ်တွေ၊ မကောင်းတဲ့ လုပ်ရပ်စတာတွေ နှစ်သစ်ကို ပါလာခြင်း မရှိအောင်ဆိုပြီး နှစ်သစ် ကူးပြောင်းနေချိန် သင်္ကြန်ပွဲတော် ကာလတလျှောက်လုံးမှာ ကောင်းမှု ကုသိုလ်တွေ ရဖို့ နည်း အမျိုးမျိုးနဲ့ ကုသိုလ်ယူပြီး နှစ်သစ်ကူးလေ့ ဓလေ့ရှိ ကြပါတယ်။
ဒီလိုကောင်းမှု ကုသိုလ်တွေ ပြုလုပ်လေ့ရှိရာမှာ စတုဒီသာအလှူ ကျွေးမွေး လှူဒါန်းခြင်းအားဖြင့် ကုသိုလ်ယူနည်းကို လုပ်ဆောင်ကြလေ့ ရှိတာပါပဲ။ ဒီနှစ်သင်္ကြန်ပွဲတော် အတွင်းမှာ စတုဒီသာအလှု ကျွေးမွေးကြမယ် ဆိုတဲ့စိတ်တွေနဲ့ အပျော်စိတ်များကို ကူးယူပြီး အလှုငွေတွေ ရှာဖွေစုဆောင်းကြလေ့ရှိ သလို လှူမယ့်ပစ္စည်းများ ကြိုတင်မှာ ကြသလို နေ့ရက် မထပ်အောင် ကျွေးမွေးကြမယ့် အစီအစဉ်တွေကို စီမံရေးဆွဲလေ့ ရှိကြပါတယ်။
ဒီနှစ် သင်္ကြန်မှာလည်း “စတုဒီသာအလှူ ကျွေးမွေးမယ်” ဆိုတဲ့ ဆိုင်းဘုတ်ငယ် တွေကို နေရာတချို့မှာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။ တချို့နေရာ တွေမှာလည်း မ,တည် အလှူရှင် တချို့ ရှာဖွေနေကြ သလို အလှူခံနေကြတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။
သင်္ကြန်ကာလမှာ စတုဒီသာ အလှူအဖြစ် အများဆုံး ကျွေးမွေးလေ့ရှိတဲ့ အစားအစာများက မုန့်လုံးရေပေါ်၊ သင်္ကြန် ထမင်း၊ ရွှေရင်အေး၊ သာကူ၊ မုန့်လက်ဆောင်းနဲ့ အအေး အချိုရည်များ သာမက ထမင်းနဲ့ ဟင်းတွေကိုလည်း ချက်ပြုတ် လှူဒါန်း ကျွေးမွေးကြပါတယ်။
သူငယ်ချင်းတွေနဲ့ အတူ နှစ်စဉ် စတုဒီသာ အလှူလုပ်လေ့ရှိတဲ့ မနုနုအေးက “သူငယ်ချင်းတွေ စကြ၊ နောက်ကြရင်း မုန့်တွေ လုံးတဲ့သူ လုံး၊ ထန်းလျက် ခွဲသူခွဲ၊ ရေနွေးအိုးထဲ မုန့်တွေ ထည့်သူထည့်နဲ့ အရမ်းပျော်ဖို့ ကောင်းတယ်။ လုပ်ပြီးသား မုန့်လုံးရေပေါ်ကို ဝေငှပြန်တော့လည်း လာပြီး စားတဲ့သူတွေကို မြင်ရတော့ ထပ်ပြီး ပျော်ရပြန်ရော” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ အတွင်းမှာ သာမက ပြည်ပနိုင်ငံများ ဖြစ်တဲ့ စင်ကာပူ၊ အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ကို ရောက်ရှိနေကြတဲ့ မြန်မာတွေကလည်း အချင်းချင်း စုစည်းကြပြီး စတုဒီသာအလှူတွေ ပြုလုပ်ကြတယ် လို့ သိရပါတယ်။
“စတုဒီသာ ကျွေးမွေးတယ် ဆိုတာ ကောင်းတဲ့ ဓလေ့ တခုပေါ့။ နှစ်သစ်မှာ ကုသိုလ်ယူကြတယ် လို့ ပြောရမယ်။ ဟိုး တချိန်က မန္တလေးဘက်က ရပ်ကွက် မဏ္ဍပ်တွေမှာ ညဘက်ဆို က,ကြမယ်၊ နေ့ဘက်ဆို စတုဒီသာ အလှူ လုပ်ကြတာ မျိုးတွေ ရှိခဲ့တယ်။ အခု နောက်ပိုင်းတော့ ရပ်ကွက်မဏ္ဍပ် တွေလည်း မရှိသလောက် နည်းပါးသွားပြီ” လို့ မန္တလေး အခြေစိုက် စာရေးဆရာ ဆူးငှက်က ပြောပြပါတယ်။
“ရပ်ကွက် မဏ္ဍပ်တွေ အစား ကျုံးဘေးမှာ ကုမ္ပဏီ မဏ္ဍပ်တွေ၊ ပုဂ္ဂလိက မဏ္ဍပ်တွေ ဖြစ်လာတယ်။ အဲဒီတော့ စတုဒီသာ အစား သူတို့မဏ္ဍပ် ပေါ်မှာပဲ ကျွေးမွေးကြတာမျိုး ရှိတော့တာ။ စတုဒီသာအလှူက အခုဆိုရင် ရပ်ကွက်တွေ ထဲမှာတော့ အထိုက်အလျောက် ရှိတာပေါ့။ အရင်လိုတော့ မြိုင်မြိုင်ဆိုင်ဆိုင် မဟုတ်တော့ဘူး” လို့ သူ့ရဲ့ အမြင်ကို ပြောဆိုပါတယ်။
ရန်ကုန်မြို့ အနှံ့အပြားမှာတော့ သင်္ကြန်ပွဲတော်ရက်များ အတွင်း စတုဒီသာ လှူဒါန်းတဲ့ အဓိက အစားအစာက မုန့်လုံးရေပေါ် ဖြစ်ပါတယ်။ မန္တလေး မြို့မှာဆို အအေးနဲ့ ရွှေရင်အေး၊ မော်လမြိုင်မှာ သင်္ကြန်ထမင်း၊ ရှမ်းပြည်နယ်မှာ ဆို ရှမ်းမုန့်ဖက်ထုပ်နဲ့ ရခိုင်ပြည်နယ်မှာတော့ ရခိုင်ရိုးရာမုန့် စတဲ့ ဒေသအလိုက် အစားအစာတွေကို စတုဒီသာ အလှူ အဖြစ် ကျွေးမွေးလှုဒါန်းကြတယ်လို့ သိရပါတယ်။ ။

No comments:
Post a Comment