Thursday, April 9, 2015

ခြောက်လအတွင်း တရားခံပြေး ၁၂၀၀ ကျော်ဖမ်းဆီးရမိ

ကျော်စိုးမိုး

ရန်ကုန်တိုင်းအတွင်း ပြေးလေးပြေးများကို စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေရာ ခြောက်လကျော်ကာလအတွင်း တရားခံပြေး ၁၂၀၀ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ပြေး၊ ရဲပြေး၊ ရဲဘက်ပြေးနှင့် တရားခံပြေးစသည့် ပြေးလေးပြေးများကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်မှစ၍ စီမံချက်ဖြင့် လိုက်လံဖမ်းဆီးနေရာ ၂၀၁၅၊ ဧပြီ ၂ ရက်အထိ ခြောက်လကျော် ကာလအတွင်း တရားခံပြေး စုစုပေါင်း ၁၂၃၃ ဦး ဖမ်းဆီးရမိခဲ့သည်။

တရားခံပြေး ၁၂၃၃ ဦးအပါအ၀င် စစ်ပြေး ၁၀၇၄ ဦး၊ ရဲပြေး ၁၂၇ ဦး၊ ရဲ ဘက်ပြေး ၅၃ ဦး ဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ပြေးလေးပြေး ၂၄၇၈ ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရဲမှူးတစ်ဦးက "ပြေးလေးပြေး ဖမ်းဆီးရေးစီမံချက်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ၊ အမှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင် နေတဲ့သူတွေကို လဲတရားခံပြေးအနေနဲ့ကြေငြာပြီး အမြန်ဆုံးဖမ်းမိအောင် ဆောင်ရွက်သွားပါမယ်" ဟု ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်း၌လူသတ်မှု၊ လုယက်မှုစသည့်ပြစ်မှုကြီးများ ကျူးလွန်ထားပြီး လွတ်မြောက်နေသူအချို့ရှိကာ ၎င်းတို့ကို တရားခံပြေးအဖြစ် သတ်မှတ်ပြီး အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေသည်ဟု အဆိုပါရဲမှူးက ဆိုသည်။

တရားခံပြေးများကို ရန်ကုန်အရှေ့ပိုင်းခရိုင်က ၅၃၁ ဦးဖြင့် အများဆုံးဖမ်း မိခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင်က ၁၂၃ ဦး၊ တောင်ပိုင်းခရိုင်က ၁၆၀ ဦး၊ မြောက်ပိုင်းခရိုင်က ၃၈၉ ဦးနှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ (အကူတပ်ဖွဲ့ခွဲ) က ၃၀ ဦးဖြင့် စုစုပေါင်း ၁၂၃၃ ဦးဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ် ပြန်ထားသည်။

No comments: