Monday, April 13, 2015

ကယန်းအမျိုးသားနေ့ အခမ်းအနားလုပ်

အောင်ကိုဦး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ မြောက်စလုံးကျေးရွာတွင် ၁၅ ကြိမ်မြောက် ကယန်းအမျိုးသားနေ့အား ဧပြီလ ၁၀ ရက် နံနက်ပိုင်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ကယန်းအမျိုးသားနေ့သို့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်းများ တက်ရောက်ပြီး အလံတင် အခမ်းအနားကို နံနက် ၆နာရီတွင် ပြုလုပ်ခဲ့သည်။

"ကျွန်တော်တို့ ကယန်းမျိုးနွယ်စု လေးစု စည်လုံးညီညွှတ်မှုကို ပြတဲ့နေ့၊ ကယန်းအထိမ်းအမှတ်အလံနဲ့ ကယန်းစာပေကို အတည်ပြုနိုင်တဲ့နေ့ ကယန်းလူထုတစ်ရပ်လုံး တစ်သွေးတည်းတစ်စိတ်တည်း ဖြစ်တဲ့နေ့ကို ကယန်းအမျိုးသားနေ့ဆိုပြီး သတ်မှတ်လိုက်တာပါ"ဟု ကယန်းပြည်သစ်ပါတီ မှ ဒုတိယဗိုလ်မှူးကြီး ဝင်းမော်က မဇ္ဈိမကိုပြောသည်။

ကယန်းအမျိုးသားနေ့အား ၂၀၀၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် စတင် သတ်မှတ်ကျင်းပခဲ့ပြီး ကယန်းလူမျိုး အများစု နေထိုင်သော ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ် ဒီမောဆိုး၊ ကရင်ပြည်နယ် သံတောင်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် အလှည့်ကျကျင်းပလျက်ရှိရာ ၁၅ ကြိမ်မြောက် ကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။

ကယန်းအမျိုးသား ဦးကောဒီကလည်း "ဟိုတုန်းက ကိုယ့်မျိုးနွယ်နဲ့ ကိုယ့်ဒေသမှာပဲ နေကြတယ်။ တစ်ဦးနဲ့တစ်ဦးလည်း မတွေ့မဆုံဖြစ်ဘူး။တစ်စုတစည်းတည်း မရှိတော့ အနိုင်ကျင့်မှုတွေခံရတယ်။ သီးသန့်စာပေတို့ ယဉ်ကျေးမှုတို့မရှိခဲ့ဘူး။ အခုကျတော့ မျိုးနွယ်စုတွေ စုပေါင်းတွေ့ဆုံပြီး တပြေးညီသတ်မှတ်လိုက်တော့ ပိုပြီး ရင်နှီးလာတယ်။ ဒေသလည်း ပိုပြီးဖွံ့ဖြိုးလာတယ်"ဟု ပြောသည်။

No comments: