Monday, April 13, 2015

စစ်တွေမြို့ ရခိုင်သင်္ကြန် အထူးစည်ကားမည်

စံမောင်သန်း

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ ယခုနှစ် သင်္ကြန်မှာ အထူးစည်ကားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ကျင်းသည့် စစ်တွေ သင်္ကြန်မှာ စတုတ္ထအကြိမ်မြောက် ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဖြစ်ပြီး စစ်တွေမြို့ မိဇံရပ်ကွက်တွင် ဓည၀တီ ပန်းမြတ်သဇင်မဏ္ဍပ်၊ မေဃ၀တီ ပန်းမြတ်သဇင်မဏ္ဍပ်၊ ဒွါရာဝတီ ပန်းမြတ်သဇင် မဏ္ဍပ်၊ ရမ္မာဝတီ ပန်းမြတ်သဇင်မဏ္ဍပ်တို့တွင် မဏ္ဍပ်ဝင်ရခိုင်လှပျိုဖြူ ၃၆၀ တို့ ပါဝင် ရေပက်ကစားမည်ဟု သိရသည်။

ရခိုင်အဆိုတော် ၂၀ ကျော်က ရခိုင်သီချင်းသက်သက်ဖြင့် ဖြေဖျော်မည်ဟု သိရသည်။

ရခိုင်အဆိုတော်များထဲတွင် ရခိုင်ပြည်နယ်တွင် အခြေချနေထိုင်သော ရခိုင်အဆိုတော်များအပြင် ရန်ကုန်မြို့မှ ရခိုင်နာမည်ကြီး အဆိုတော်များဖြစ်ကြသည့် ကိုဝင်းကိုခိုင်နှင့် ကိုညီမင်းခိုင်တို့ကလည်း စစ်တွေမြို့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ရက်များအတွင်း ရခိုင်တေးများဖြင့် ဖြေဖျော်သွားမည်ဟု သိရသည်။

ယင်းမဏ္ဍပ်များအနီးတွင် စတိတ်ရှိုးစင်တစ်ခု ထားရှိမည်ဖြစ်ပြီး ရခိုင်အဆိုတော် ၂၀ ကျော်နှင့် ရခိုင်ယိမ်းအက အဖွဲ့ ၈ ဖွဲ့က တင်ဆက်ဖြေဖျော်သွားမည်ဟု သင်္ကြန်ဖြစ်မြောက်ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးမောင်လှကျော်က ပြောသည်။

စစ်တွေမြို့၌ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်များအပြင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးသော ဦးဥတ္တမ ပန်းခြံရှေ့ ဗဟိုမဏ္ဍပ်တစ်ခု၊ ဆေးရုံကြီးအနောက်ဘက်တွင် ပညာနှင့် ကျန်းမာမှတစ်ခု၊ မင်းကြီး ကျောက်တန်း အနီးတွင် တစ်ခု၊ ရှုခင်းသာလမ်းတွင် စည်ပင်နှင့် ကျေးလက်မှတစ်ခု၊ ခိုင်ရန်နိုင် ကုမ္ပဏီမှတစ်ခု၊ စစ်ပျိုးရေးနှင့် မွေးမြူရေးဌာနမှ တစ်ခုရှိမည်ဖြစ်ပြီး၊ အမှတ် ၁၇ ရေတပ်စခန်းအနီးတွင် ရေတပ်မိသားစုများ၏ ရေလောင်း မဏ္ဍပ်တစ်ခုနှင့် ရပ်ကွက်များတွင် မဏ္ဍပ်ငယ်များဖြင့် ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဟု သိရသည်။

“ဒီနှစ်သင်္ကြန်က ကျန်တဲ့နှစ်တွေထက် ပိုစည်မှာပါ။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကုမ္ပဏီတွေကလည်း ရခိုင်ရိုးရာမဏ္ဍပ်တွေအတွက် ပံ့ပိုးကူညီကြပါတယ်”ဟု ဦးမောင်လှကျော်က ပြောသည်။

စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် ဧပြီလ ၁၁ ရက်နေ့မှစ၍ နံသာသွေးနေကြပြီဖြစ်သော်လည်း မြို့လုံးကျွတ် ရခိုင်ရိုးရာမဏ္ဍပ်များတွင် ဧပြီလ ၁၂ ရက်နေ့ညတွင် နံသာသွေးမည်ဖြစ်ပြီး ၁၃ ရက်နေ့ ညနေတွင် ရခိုင်လှပျိုဖြူများက နံသာရည်အိုးများကို ချီလျက်စစ်တွေမြို့သို့လှည့်လည်ကာ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးတွင် ဘုရားရေသပ္ပာယ်ဟု သိရသည်။

သင်္ကြန်ပွဲကို အခြားနေရာများ၌ ဧပြီလ ၁၃ ရက်နေ့မှ စတင်ကျင်းပလေ့ရှိသော်လည်း ရခိုင်ပြည်နယ်တွင်မူ ဧပြီလ ၁၃ ရက်နေ့တွင် ဘုရားရေသပ္ပာယ်ပြီးမှ ၁၄ ရက်နေ့တွင် စတင်ကျင်းပကြောင်း လေ့လာသိရှိရသည်။

“ဒီနှစ်စစ်တွေမြို့မှာ ကျင်းပတဲ့ ရခိုင်ရိုးရာသင်္ကြန်ကို ၁၄ ရက်နေ့ကနေ ၁၇ နေ့ထိ ကျင်းပမှာ ဖြစ်ပါတယ်။ ၁၇ ရက်နေ့ကျင်းပတဲ့ သင်္ကြန်ကို အဘိုးကြီးသင်္ကြန် (ရခိုင်လို ၀ါကြီးသင်္ကြန်) လို့ ခေါ်ပါတယ်။ ဒီလိုကျင်းပ ပေးရတာကလည်း အဘိုးကြီး၊ အဘွားကြီးတွေက သင်္ကြန်ရက်တွေမှာ ဥပုဒ်စောင့်ရတော့ မပျော် လိုက်ရဘူးပေါ့လေ။ အဘိုးကြီး၊ အဘွားကြီးတွေ ပျော်နိုင်ဖို့အတွက် သက်သက်လုပ်ပေးတာပါ”ဟု ဦးမောင်လှကျော်က ပြောသည်။

ရေပက်သူများသည် ကားများဖြင့် မိဇံမှ စတင်ပြီး ရှုခင်းသာလမ်းအတိုင်း သွားကာ၊ ပွိုင့်နှင့် စစ်တွေဟိုတယ်ရောက်မှ ပြန်လှည့်လာကြမည်ဖြစ်ပြီး၊ မင်းဗာကြီးလမ်းအတိုင်း ပြန်ဝင်လာလေ့ရှိသောကြောင့် ညနေ ၄ နာရီ နောက်ပိုင်းဆိုလျှင် မင်းဗာကြီးလမ်းတွင် ပိုစည်သည်ဟု သိရသည်။

“ရခိုင်ပြည်ကြီး ဒီထက်မက တိုးတက်နိုင်ပါစေ။ ရခိုင်ပြည်စည်ပင် ၀ပြောပြီးတော့ မတရား ဖိနှိပ်မှုအောက်က လွတ်မြောက်နိုင်ပါစေလို့ သင်္ကြန်အတွက် ဆုတောင်းမေတ္တာပို့သက်လိုက်ပါတယ်”ဟု သင်္ကြန်ဖြစ်မြောက်ရေး ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးမောင်လှကျော်က ပြောသည်။

သင်္ကြန်ရက်နီးလာသည်နှင့်အမျှ စစ်တွေမြို့တွင် ရခိုင်လူမှုဘ၀ကို ထင်ဟပ်စေသော ရခိုင်သံချပ်များကို ပိုမိုကြားလာရသည်။ ရန်ကုန်မြို့တွင် သံချပ်များအတွက် ကန့်သတ်ချက်များရှိသော်လည်း ရခိုင်ပြည်နယ်တွင်မူ ကန့်သတ်ချက် တစုံတရာမရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ၁၉၈၉ ခုနှစ် စစ်အာဏာမသိမ်းမီ ရခိုင်ရိုးရာ ရေလောင်းမဏ္ဍပ်များဖြင့် ကျင်းပလာခဲ့ကြသော်လည်း၊ စစ်အာဏာသိမ်းပြီး တပ်မတော်ကအုပ်ချုပ်သော နှစ်ပေါင်း ၂၀ ကျော်ကာလတွင် မြန်မာရိုးရာသင်္ကြန်များကို အစားထိုးကျင်းပလာခဲ့ကြောင်း သိရသည်။

ရခိုင်ရိုးရာ ယဉ်ကျေးမှု ဖေါ်ထုတ်ထိန်းသိမ်းရေးအဖွဲ့က ၂၀၁၁ ခုနှစ် ဦးသိန်စိန် အစိုးရတက်ပြီးနောက်ပိုင်းတွင် ရခိုင်ရိုးသင်္ကြန်ကို ကျင်းပခွင့်ရရှိခဲ့ပြီး ၂၀၁၁-ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ဆက်တိုက် ကျင်းပလာခဲ့နိုင်သည်ဟု သိရသည်။

No comments: