ကယားထဲ
ကယား (ကရင်နီ) ပြည်နယ် အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)တို့ ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC)ကို တိုးချဲ့ဖွဲ့စည်းမည် ဖြစ်သည်။
ပြည်နယ် အစိုးရနှင့်ကေအန်ပီပီတို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူထားသည့် အချက်များ အကောင်အထည်ဖော်ရန် မတ် ၃၁ ရက်လွိုင်ကော်မြို့တွင် ဆွေးနွေးခဲ့ပြီးနောက် ကော်မတီကို တိုးချဲ့ရန်၊ ကော်မတီဝင်များ လစဉ်ပုံမှန်တွေ့ဆုံရန် သဘောတူညီကြသည်။
လုပ်ငန်းများကို လက်တွေ့အကောင်ထည်ဖော်ရန် ကော်မတီအဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းခြင်းဟု ကေအန်ပီပီ လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ပြောသည်။
“သင့်တော်တဲ့ ပုဂ္ဂိုလ်၊ တိုက်ရိုက် သက်ဆိုင်တဲ့သူ၊ ဥပမာ-ဖွံ့ဖြိုးရေးဆို ဖွံ့ဖြိုးရေး ကိုင်တဲ့သူ၊ မူးယစ်ဆေးဝါးနဲ့ ဆိုင်ရင် မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ရဲတွေခေါ်မယ်” ဟု ခူးညေးရယ် က ပြောသည်။
အစိုးရ ဌာနဆိုင်ရာများ၊ ရဲမင်းကြီးများနှင့် ကေအန်ပီပီ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထဲရေးအဖွဲ့များဖြင့် ကော်မတီကို တိုးချဲ့ဖွဲ့စည်းရန် မေလတွင် ထပ်မံဆွေးနွေးမည် ဖြစ်သည်။
၂၀၁၃ ခုနှစ် ဇွန်လ အတွင်းက ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။
ပြည်နယ် အစိုးရက တာဝန်ရှိသူ ၂ ဦး၊ ရပ်မိရပ်ဖ ၃ ဦး နှင့် ကေအန်ပီပီက တာဝန်ရှိသူ ၂ ဦး ရပ်မိရပ်ဖ ၃ ဦး စုစုပေါင်း ၁၀ ဦးဖြင့် ကော်မတီကို ဖွဲ့စည်းထားသည်။
လူထုအခြေပြု အဖွဲ့အစည်းများ၊ တသီးပုဂ္ဂလိကများ၊ ပြည်တွင်း အစိုးရမဟုတ်သည့် လူမှုရေး အဖွဲ့အစည်းများနှင့် ကော်မတီက လက်တွဲဆောင်ရွက်သွားမည် ဖြစ်သည်။

No comments:
Post a Comment