Monday, April 13, 2015

ပုံသဏ္ဍာန်ပြောင်း လဲနိုင်သည့် စက်ရုပ်များအတွက် အလားအလာဖြစ်နိုင်သည့် အရည်သတ္တု တစ်မျိုးကို တရုတ်သိပ္ပံ ပညာရှင် များတွေ့ရှိ

ရိုက်တာ

တရုတ်နိုင်ငံ ရှင်ဟွာ(Tsinghua)တက္ကသိုလ်မှ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိခဲ့သည့် သေးငယ်သည့် သတ္တုဘောလုံးကလေး တစ်လုံးထက် မပိုဟု ထင်ရသော် လည်း ပုံသဏ္ဍာန် ပြောင်းလဲနိုင်ပြီး မိမိဖာသာ အလိုအလျောက် တွန်းကန်နိုင်သော စွမ်းရည်ရှိသည့် အရည်သတ္တုတစ်ခုက ကမ္ဘာနှင့်အဝန်းမှ သိပ္ပံပညာရှင် များနှင့် သိပ္ပံဝတ္ထု ပရိသတ်များ၏ စိတ်ကူး စိတ်သန်းများကို ဖမ်းစားနိုင်ခဲ့သည်။

ပါမောက္ခလျူကျင်းနှင့် ၎င်း၏အဖွဲ့ကTerminator ရုပ်ရှင်ကားထဲတွင် ပုံသဏ္ဍာန်ပြောင်းလဲနိုင်သည့် အရည်သတ္တုလူသတ်သမား T-1000 နှင့် အလား သဏ္ဍာန် တူသည့် စက်ရုပ်တစ်ရုပ်ကို တီထွင်ဖန်တီးနိုင်ရန် ပထမအဆင့်ဟု ယုံကြည်ရသည့် ကိရိယာတစ်ခုကို ဖန်တီး ခဲ့ကြခြင်းပင်ဖြစ်သည်။

ထိုကိရိယာကို အပူချိန် ၃၀ဒီဂရီ ဆဲစီးယပ်အောက်တွင် အရည်အဖြစ်ရှိသည့် ဂါလီယမ်အများစု ပါဝင်သော သတ္တုစပ် တစ်စက်ဖြင့်ပြုလုပ် ထားခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်ပေးလိုက်သည့်အခါ ဂါလီယမ် သတ္တုစပ်မှာ လုံးဝ ပုံစံပြောင်းသွားသည်ကို ပါမောက္ခလျူကျင်းနှင့်အဖွဲ့က ယမန်နှစ်က တွေ့ရှိခဲ့ကြသည်။

ဗို့အားကိုပြောင်းလဲပေးခြင်းဖြင့် သတ္တုမှာ အမျိုးမျိုးသောဖွဲ့စည်းမှုများအဖြစ်သို့ ပုံသဏ္ဍာန်ပြောင်းလဲသွားသည်။ သို့ရာတွင် လျှပ်စစ်ဓာတ် အားကိုဖြတ်တောက် လိုက်ပါက သတ္တုမှာ မူလ အစက်ပုံသဏ္ဍာန် သို့ပြန်လည်ပြောင်းလဲ သွားသည်ဟု ဆိုသည်။

သို့ရာတွင်သတ္တုကို အလူမီနီယံအလွှာချပ်နှင့် ထိတွေ့စေသည့်အခါတွင်ဓာတ်ပြုပြီး ဟိုက်ဒရိုဂျင် ပူဖောင်းများထွက်ပေါ်လာကာအလိုလျောက်ရွေ့လျား လာနိုင် သည်ကို သဘောပေါက်ခြင်းသာလျှင် အကြီးမားဆုံး တွေ့ရှိမှုဖြစ်ကြောင်း၊ သတ္တုမှာ တစ်နာရီခန့်ကြာအောင် မိမိဖာသာလောင် စာပေးသွင်း နိုင်ကြောင်း ပါမောက္ခလျူ ကပြောကြား ခဲ့သည်။

‘‘ဒီစက်မှာ လုပ်ငန်းစဉ်နှစ်ခု ရှိတယ်။ တစ်ခုက ဟိုက်ဒရိုဂျင်လို ဓာတ်ငွေ့တွေကို ဖန်တီးတာပဲ။ ဒီဓာတ်ငွေ့ အစိတ်အပိုင်းတွေကပဲ တွန်းအားကို ဖွဲ့စည်းပေး တာပါ။နောက်ထပ် အင်မတန်အရေးကြီးတဲ့အရာတစ်ခုကသတ္တုစပ်ရဲ့ အနောက်မှာလျှပ်စစ်ဓာတ်ကိုထုတ်လုပ်ပေးတာပါပဲ။ ဒါ့ကြောင့်ဒီဓာတ်ပြု လျှပ်စစ်ဘတ္ထရီ က အတွင်းလျှပ်စစ်စွမ်းအင်ကို ဖန်တီးပေးပြီး၊ ဒီလျှပ်စစ်ဓာတ် အမျိုးအစားက အရည်သတ္တုရဲ့ မျက်နှာပြင်ကို အချိုးမညီတဲ့ ပုံစံတစ်ခုနဲ့ အလွယ်တကူ ဆန့် ထုတ်စေပါတယ်။ ဒီပုံစံက အရည်သတ္တုအတွင်းမှာ လည်ပတ်မှုကို ဖြစ်ပေါ်စေပြီး ဒီလည်ပတ်မှုက အရည်သတ္တုကို ဦးတည်ဘက်တစ်ခုနဲ့ ရွေ့ရှားစေပါတယ်’’ဟု ပါမောက္ခလျူ ကပြောကြားခဲ့သည်။

ယခုလက်ရှိတွင် သိပ္ပံပညာရှင်များက ထိုအရည်သတ္တု၏ ဂုဏ်သတ္တိများကို ပိုသိနိုင်ရန် လေ့လာနေကြဆဲ ဖြစ်သော်လည်း ပါမောက္ခလျူ ကမူသွေးကြော ထဲ သို့ဆေးသွင်းခြင်း ကဲ့သို့သော ဆေးပညာနယ်ပယ်များတွင် အသုံးချနိုင်လိမ့်မည်ဟု ယုံကြည်နေသည်ဟုဆိုသည်။

No comments: