Friday, April 10, 2015

ကျောက်ဖြူ ပင်လယ်ပြင်တွင် ငါးဖမ်းလှေတစ်စီးနစ်မြုပ်

မျိုးချစ်နိုင်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနောက်ဘက်၁၇မိုင်ခန့် အကွာ ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေကြီး တစ်စီး ယမန်နေ့က နစ်မြုပ်သွားခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းငါးဖမ်းစက်လှေကြီးပေါ်တွင် လူပေါင်း ၁၆ ဦးပါဝင်ပြီး အမည်မှာ “ထူးထက်အောင်(၃၆)” ဖြစ်သည်။

ယင်းစက်လှေကြီးသည် ဧပြီလ ၈ ရက် ညနေ ၉ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ငါးဖမ်းပိုက်များကို သိမ်းဆည်းပြီးနောက် ကမ်းခြေသို့ မောင်နှင်းနေစဉ် ပဲ့ပိုင်းစက်ခန်းအတွင်းသို့ ရုတ်တရက်ရေများ ၀င်ရောက်လာပြီး နစ်မြုပ်သွားခဲ့သည်ဟု ပဲ့နင်းကြီး ဦးကျော်ရွှေက ပြောသည်။

“ မောင်းနှင်နေစဉ်မှာ ပဲ့ပိုင်းစက်ခန်း အတွင်း ရုတ်တရက် ရေ၀င်လာပါတယ်။ ပီးရင် တဖြည်းဖြည်းနဲ့ နစ်မြုပ် သွားခဲ့တာ ဖြစ်တယ်” ဟု ပဲ့နင်းကြီး ဦးကျော်ရွှေက နိရဉ္စရာ ပြောသည်။

ငါးဖမ်းစက်လှေပေါ်တွင် ပါလာသူ ၁၆ ဦး စလုံးအား အသက်ရှင်လျက် ကယ်တိုင်နိုင်ခဲ့ကြောင်း ကျောက်ဖြူ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အတည်ပြုပြောကြားသည်။

“ ငါးဖမ်းစက်လှေ စတင်နစ်မြုပ်တဲ့ အချိန်မှာ အနီးအနားမှာ ရှိတဲ့ ငါးဖမ်းစက်လှေတွေက ဓည၀တီ ရေတပ် စခန်းဌာနချုပ်မှ စစ်ရေယာဉ်အမှတ် ၅၉၉ ကို တယ်လီဖုန်းနဲ့ ဆက်သွယ် အကူအညီ တောင်းခံ ခဲ့တယ်လို့ သိရပါတယ်။ စတင်နစ်မြုပ်ပြီး မိနစ် ၂၀ခန့်အကြာမှာ စစ်ရေယာဉ် အမှတ် ၅၅၉ က စစ်ရေယဉ်မှူး ဗိုလ်မှူး မိုးကျော်လွင် ဦးစီးတဲ့ အဖွဲ့ က ရောက်ရှိလာပြီး လှေလုပ်သား၁၆ ဦး စလုံးကို အသက်ရှင် ကယ်တင် နိုင်ခဲ့ပါတယ်” ဟု ရဲတပ်ဖွဲ့မှူးရုံးက ပြောသည်။

နစ်မြုပ်သွားသည့် ထူးထက်အောင်၃၆ အမည်ရှိ ငါးဖမ်းစက်လှေမှာ အလျား ၈၃ပေ၊ အနံ၂၂ပေ၊ ရေစူး ၁၂ပေခန့်ရှိပြီး CUMMINS 500 BHP အမျိုးအစားအင်ဂျင် သစ်သားကိုယ်ထည်ဖြစ်၍ ငါးပိသာချိန် ၁၅၀၀ခန့်ပါရှိ၍ စက်လှေပိုင်ရှင်မှာ ဦးသန်းရှိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဖြစ်ကြောင်းသိရပါသည်။

၎င်းငါးဖမ်းစက်လှေသည် လွန်ခဲ့သော ၇လခန့်မှစ၍ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်တွင် ငါးဖမ်းလုပ်ငန်းများကို လာရောက်လုပ်ကိုင်နေကြောင်းသိရပါသည်။ လှေလုပ်သားအားလုံးမှာ ပြည်မမှ လာရောက် လုပ်ကိုင်သူများဖြစ်သည်။

အသက်ဘေးမှ လွှတ်မြောက်လာသူ လှေလုပ်သား ၁၆ ဦးအား ဧပြီလ ၉ က ကျောက်ဖြူ ခရိုင်တာဝန်ရှိသူများမှ စစ်ရေယာဉ် အမှတ်၅၅၉ သို့ စက်လှေဖြင့်သွားရောက်ခဲ့ပြီး လွှဲပြောင်းလက်ခံ ယူဆောင်ခဲ့သည်ဟု သိရသည်။

No comments: