Friday, April 10, 2015

နစ်မြုပ် ရုရှသင်္ဘောပေါ်ပါ မြန်မာ ၂၂ဦး ပြန်လာရန် စီစဉ်နေပြီ၊ သေဆုံးသူ ၁၆ဦး၏ အလောင်းများလည်း ပြန်သယ်မည်

ခင်မြတ်မြတ်ဝေ

ရုရှ Okhotsh ပင်လယ်တွင် နစ်မြုပ်ခဲ့သည့် ရုရှငါးဖမ်းသင်္ဘော Dalny Vostok ပေါ်ပါ အသက်ရှင်လျက်ရှိသည့် မြန်မာနိုင်ငံသား ၂၂ဦး မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရန် နိုင်ငံကူးလက်မှတ်များ ပြန်လည်ဆောင်ရွက်ပေးနေပြီး သေဆုံးသွားသူများ၏ ရုပ်အလောင်းများ ကိုလည်း ပြန်လည်သယ်ဆောင်မည်ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသား အလုပ်သမားအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ(၁) ဦးစိန်လှိုင်က ပြောသည်။

"နောက်သုံးရက်လောက်နေရင်တော့ ပြန်လာလို့ရမယ်။ မနေ့ကပဲ သဘောင်္သား နှစ်ယောက် ဖုန်းဆက်တော့၊ သဘောင်္မြုပ်တော့ passport တွေပါသွားတယ်။ အဲဒါတွေကို ရုရှားနိုင်ငံက မြန်မာသံရုံးမှာ ပြန်လုပ်ပေးနေတယ်၊ သူတို့ကျန်းမားရေး အတွက် ဆေးစစ်တာတို့ ဘာတို့ လုပ်ရတာပေါ့။" ဟု ၎င်းကဆိုသည်။

ယင်းသဘောင်္တွင် သေဆုံးသူ ၁၆ဦး အနက် ၁၅ဦး၏ ရုပ်အလောင်းကို ပြန်လည်သယ်ဆောင်မည်ဖြစ်ပြီး တစ်ဦးကို မိသားစု၏ ခွင့်ပြုချက် အတိုင်း ရုရှနိုင်ငံတွင် သင်္ဂြိုလ်မည်ဟု ၎င်းက ဆက်ပြောသည်။

"bodyကို မိသားစုတွေက သယ်ချင်ကြတယ် ၁ ယောက်ပဲ။ ဒီမှာသဂြိုလ်မယ်။ ခုသယ်ဖို့ဆိုတာကို သက်ဆိုင်ရာတွေန့ ဌာနတွေနဲ့ ချိတ်ဆက်နေတယ်။ သယ်ဖို့က အသက်ရှင်တဲ့သူတွေလို မဟုတ်ဘူး။ စရိတ်ကကြီးတယ်။ အဲဒီစရိတ်ကို သံရုံးနဲ့ ကုမ္ပဏီက တာဝန်ယူရမှာပေါ့။ ခုသံရုံးတွေက ကြိုးစားနေပါတယ်"ဟု ဦးစိန်လှိုင်ကဆိုသည်။

ယင်းအပြင် သင်္ဘောပေါ်ပါသည့် မြန်မာနိုင်ငံသား လေးဦးမှာ ပျောက်ဆုံးနေပြီး ၎င်းတို့ကို ဆက်လက်ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။ သေဆုံးသူ ၁၆ဦး၏ ရုပ်အလောင်းများကို ရုရှနိုင်ငံမော်စကိုမြို့ရှိ ဆေးရုံတွင် စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်။ နစ်မြုပ်ခဲ့သည့် သင်္ဘောပေါ်တွင် ပါသည့် ၄၂ဦးလုံးကို ပြည်တွင်းသင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီ ငါးခုမှ ကုန်င်္ဘောပေါ်သို့ အသီးသီးတင်ဆောင်ပေးခဲ့ပြီး ယခု ငါးဖမ်းသင်္ဘောပေါ်သို့ တရားမဝင်ပြောင်းရွှေ့ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နစ်မြုပ် ရုရှ ငါးဖမ်းသင်္ဘော Dalny Vostok ပေါ်တွင် Sea Rider ကုမ္ပဏီက မြန်မာသင်္ဘောသား ၂၇ ဦး၊ Top Chance ကုမ္ပဏီက ၂ ဦး၊ Asia Wave ကုမ္ပဏီက ၈ ဦး ၊ Light Oasis ကုမ္ပဏီက ၁ ဦး၊ Star Global ကုမ္ပဏီက ၄ ဦး ပါဝင်သည်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲသည် သဘောင်္သားများကို ငါးဖမ်းသဘောင်္တွင် မြန်မာသဘောင်္သားများကို ပို့ဆောင်ခွင့် မပြုထားသောကြောင့် တရားမဝင်စေလွှတ်ခဲ့သည့် အဆိုပါ ကုမ္ပဏီ ၅ခုကို လုပ်ကိုင်ခွင့် ခေတ္တရပ်ဆိုင်းထားသည်ဟု ဦးစိန်လှိုင်က ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ သင်္ဘောသားဌာနခွဲတွင် မှတ်ပုံတင်ထားသည့် သင်္ဘောသား အလုပ်အကိုင် ဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၁၆၁ ခုရှိပြီး ရုရှ ငါးဖမ်းသင်္ဘောသို့ မြန်မာ သင်္ဘောသား စေလွှတ်သည့် ကုမ္ပဏီ ၅ ခုမှာ ပထမဆုံးအကြိမ် လုပ်ငန်းလုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရခြင်းဖြစ်သည်။

ရုရှားငါးဖမ်းသင်္ဘော နစ်မြုပ်မှုကြောင့် သေဆုံးသွားသူများအတွက် ရုရှားအလုပ်သမားဝန်ကြီးဌာနက ရုရှားငွေ ရူဘယ် တသန်း (အမေရိကန်ဒေါ်လာ ၁၇၅၀၀ ကျော်) ထောက်ပံ့မည်ဟု သိရသည်။

No comments: