Friday, April 10, 2015

စစ်တပ်မှ ဒေသခံကန့်ကွက်သည့်တောင်တွင် သဲတူးနေသည့်လုပ်ငန်း KNPP ထံသို့အသနားခံစာတင်ပြ

ဖြိုးဝေအောင်

ဒေသခံပြည်သူများ ရိုးရာဓလေ့အရ ပြုစုထိန်းသိမ်းလာသည့်တောင်နှင့် လက်ဝါးကပ်တိုင် စိုက်ထူထားသည့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါဆိုရှေ့ရွာဟောင်းအနောက်ဘက်ရှိ ကန့်ကွက်ထားသည့်တောင်များကို စစ်တပ်မှ စီးပွားဖြစ်သဲတူးနေကြသည့်အတွက် ပြည်သူများက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ထံသို့ မတ်လ ၁၈ ရက်နေ့ လွိုင်ကော်ဆက်ဆံရေးရုံးသို့ ကူညီဖြေရှင်းပေရန် အသနားခံစာ တင်ပြထားသည်ဟု သိရသည်။

အမှတ်(၃၆၀) အမြောက်တပ်မှ စီးပွားဖြစ်ကျောက်များ ၊ သဲများ လုပ်ငန်းတူးဖော်နေကြသည့်ကိစ္စကို ဝိုင်းဝန်းကူညီဖြေရှင်းပေးရန် KNPP ထံသို့ ယခုကဲ့သို့ အသနားခံစာတင်ပြရခြင်းဖြစ်ကြောင်းနှင့်

တစုံတရာဆောင်ရွက် ပေးလာနိုင်မည်ဟု ဒေသခံများက မျှော်လင့်ကြောင်း ဒေါဆိုရှေ့ကျေးရွာမှ ခူးသောမတ်(စ်)က ပြောပါသည်။

ခူးသောမတ်(စ်)က “ဘာလို့ KNPP ကို အသနားခံလည်းဆိုတော့ အခြားကိစ္စတွေဆိုရင် အစိုးရဆီ စာတင်တာ (၁)ခေါက်မဟုတ်ပဲ နဲ့ ထပ်ခါထပ်ခါတင်ပေမယ့် ဘာမှလည်း အစိုးရက လာပြီးတော့ ချပြပေးတာ ရှင်းပြပေးတာ ဘာတစ်ခုမှမရှိဘူး။ အဲ့ကြောင့်မလို့ ဒီတောင်ကိစ္စလည်း KNPP ကိုအကြောင်းကြားရင်ပိုပြီး ထိရောက်မယ်ထင်ပါတယ်”ဟု ပြောသည်။

ဒေသခံများ၏ သဘောတူညီချက်မပါဘဲ စီးပွားဖြစ် ကျောက်ထုတ်လုပ်တူးဖော်နေခြင်းကို မတ်လ ၁၀ ရက်နေ့တွင် စက်ကြီးများဖြင့် မြင်တွေ့ခဲ့ကြရပြီးနောက် ဒေသခံများက စိုးရိမ်လာကြခြင်းဖြစ်သည်။

ဒေသခံ တောင်သူတဦးက “ တပတ် ဆယ်ရက်ပဲရှိသေးတယ်။ အဲဒီတောင်က အိမ်တလုံးစာလောက် ပါသွားတဲ့အတွက် သူတို့က တဖြည်းဖြည်းနဲ့ ကုန်သွားမှာကြောက်နေကြတာ” ဟု ပြောသည်။

လွိုင်ကော်မြို့ရှိ KNPP ဆက်ဆံရေးရုံးတွင် တာဝန်ခံအကြီးအကဲများ မရှိသေးသည့်အတွက် ဒေါဆိုရှေ့မှ တောင်သူများတင်ပြလာသည့် ကိစ္စကို မဆွေးနွေးနိုင်သေးကြောင်း သိရသည်။

KNPP ဆက်ဆံရေးရုံး ဒုတာဝန်ခံ ခူးအယ်လိယာ “စာကတော့မနေ့ကမှရောက်တာဆိုတော့ ဒီမှာလူကြီးတွေကလည်းမစုံသေးဘူး။ အဲဒါ စုံတဲ့တနေ့ကြရင် အရင်ဦးဆုံး ဘယ်လိုတွေ ကူညီနိုင်မလဲဆိုတာတွေ ဆွေးနွေးကြမယ်။” ဟု ပြောသည်။

ဒီးမော့ဆိုမြို့နယ် ၊အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ဒေသခံတောင်သူများက စုံစမ်းမေးမြန်းခဲ့ကြရာ ရုံးတာဝန်ရှိသူများက ၎င်းကိစ္စနှင့်ပတ်သက်ပြီး မသိရကြောင်း ပြန်လည်ဖြေကြားခဲ့သည်ဟု သိရသည်။

ယင်းတောင်သည် ကျေးရွာရှိ ဘိုဘွားစဉ်ဆက်က သစ်တောများထိန်းသိမ်းလာကြပြီး ဘာသာရေးအရ ဧပြီလတွင် တောင်ပတ်ပတ်လည် လမ်းလျှောက်ပြီးဝတ်ပြုပွဲ ကျင်းပသည့်အပြင် ၊ မတ်လတွင် ရိုးရာဓလေ့ပွဲဖြစ်သည့် တောလိုက်ပွဲ များကိုလည်း ထိုတောင်များတွင် ပြုလုပ်ကြသည်ဟုသိရသည်။

ဒေါဆိုရှေ့မှဒေသခံတောင်သူများနှင့် ၎င်းအမြောက်တပ်သည် သဲတောင်တူးဖော်နေခြင်း ပြဿနာအပြင် ယခင်နှစ်တွင် တပ်မြေပိုင်နက်သို့ တောင်သူများက ကျူးကျော်ထွန်ယက်စိုက်ပျိုးလာသည်ဟု ဆိုကာ စစ်တပ်က တောင်သူလယ်သမား ၁၂ ဦး နှင့် စက်မှုလယ်ယာမှ စက်သမား ၃ ဦးကို တရားစွဲဆိုထားသည့်အမှုနှင့်လည်း ရင်ဆိုင်နေကြရသည်။

No comments: