Wednesday, March 11, 2009

တက္ကသိုလ်ဝင်တန်းဖြေဆိုရာတွင် ပျက်ကွက်သူ ရာဂဏန်းခန့်ရှိနေ

ရိုးမ ၃ Wednesday, 11 March 2009

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် (၂၀၀၈-၂၀၀၉) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပ သည့်နေ့မှာ ပင်ဝင်ရောက် မဖြေ ဆိုသည့် ကျောင်းသား ကျောင်းသူ ရာဂဏန်း ခန့်ရှိသည်ဟု ဆိုသည်။

ယနေ့ စတင်စစ်မေးသည့် မြန်မာစာဘာသာရပ်ကို စာမေးပွဲဖြေဆိုသည့် ကျောင်းသားကျောင်းသူ ၂၀၀၀ ကျော်ရှိသည့်အနက် ပျက်ကွက်သူ ၈၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ အတည်ပြုပြောဆိုခြင်းဖြစ်သည်။

“ရေနံချောင်းတမြို့နယ်လုံးမှာ စာစစ်ဌာန ၄ ခုရှိတယ်၊ ဖြေဆိုသူစုစုပေါင်း ၂၁၉၆ ယောက်မှာ ၂၁၀၈ ယောက်ပဲ လာဖြေတယ်၊ နောက်နေ့တွေ ဘယ်လောက်ထိ ပျက်ကွက်ဦးမယ်ဆိုတာတော့ မသိသေးဘူး” ဟု ပြောသည်။

ရေနံချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးသွင်းသူ ကျောင်းသား ၁၁၈၄ ဦးနှင့် ကျောင်းသူ ၁၀၁၂ ဦးရှိပြီး အမှန်တကယ် လာရောက်ဖြေဆိုသူ စုစုပေါင်းမှာ ကျောင်းသား ၁၁၂၄ ဦးနှင့် မိန်းကလေး ၉၈၄ ဦးသာရှိသည်။

ယခုကဲ့သို့ စာမေးပွဲများဖြေဆိုနေရသော်လည်း ရေနံချောင်းမြို့ပေါ်တွင် လျှပ်စစ်မီး ပုံမှန်မလာသည့်အတွက် ကျောင်းသားကျောင်းသူများမှာ အခက်အခဲဖြစ်နေကြောင်း မြို့ခံတဦးက ပြောသည်။

“အခုစာမေးပွဲတွေသာ ဖြေနေရတာ မီးက ပုံမှန်မလာသေးဘူး၊ နှစ်ရက်ခြားတခါ လာတယ်၊ အဲလိုလာတော့လဲ ခဏခဏ ပျက်တယ်၊ ကျောင်းသားတွေအတွက် စာကျက်ဖို့တော့ အခက်အခဲရှိတယ်” ဟု ပြောသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့်အချိန်မှာပင် လျှပ်စစ်မီးများပုံမှန်မလာသည့်အတွက် စာမေးပွဲဖြေဆိုမည့် ကျောင်းသားများအနေဖြင့်လဲ စာကျက်ရန်ကိုပင် စိတ်ပါဝင်စားခြင်းမရှိကြောင်း ကျောင်းသားမိဘများက ပြောဆိုနေလျှက်ရှိသည်။

No comments: