အေးချမ်းမြေ့
သူတို့ကို နိုင်ငံခြားသားများက “Human Zoo” ဟု ခေါ်ဝေါ်ကြသည်။ သူတို့က မှန်ဘီရိုထဲတွင် အလှပြထားသည့် အရုပ်များနှင့်လည်း တူနေသည်။ တကယ်လည်း သူတို့က အလှပြ ခံ ထားရသူများ ဖြစ်သည်။
သို့သော် သူတို့သည် လူသားများသာဖြစ်ကြပြီး တခြား တခြားသော လူသားများကဲ့သို့ပင် အသွေးအသားနှင့် ဖွဲ့စည်းထား သူများ ဖြစ် သည်၊ တခြားသူများကဲ့သို့ အစာစားသည်၊ ရေသောက်သည် ပြီးတော့ တခြားသူများ လိုပင် နာဖျားမကျန်းဖြစ်ကြသည်။ တကယ်တော့ သူတို့သည် တိရစ္ဆာန်ရုံထဲတွင် ထည့်ပြခံထားရသော တိရစ္ဆာန်များနှင့်မခြား လူပြတိုက်ထဲက လူသားများပင်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်နယ် အတွင်းရှိ နန်းစွယ် ရွာတွင်တည်ရှိသော ပဒေါင်တိုင်းရင်းသား (အများအခေါ် လည်ပင်း ရှည်) ရွာကလေးကို ပြကာ ထိုင်း အာဏာ ပိုင်များနှင့် ထိုင်း စီးပွားရေး ကုမ္ပဏီ များက ငွေရှာ ကြသည် မှာ ယခု ဆိုလျှင် ၁၀ နှစ် ကျော်ဲ့
ပီဖြစ်သည်။
ထိုတိုင်းရင်းသား ကျေးရွာများထဲသို့ ဝင်ကြည့်ချင်သည့် နိုင်ငံခြားသား ဧည့်သည်တဦးလျှင် ဝင်ကြေး ဘတ်ငွေ ၂၅၀ (၇၅၀၀ ကျပ်ကျော်) ပေးဆောင်ရသည်။
ယခင်က ဧည့်သည်အလာများသော်လည်း ယခုနှစ်ဆန်းမှစ၍ ဧည့်သည်အလာကျဲသောကြောင့် ထိုင်း ကုမ္ပဏီများ အရှုံးပေါ်ကြရာ တိုင်းရင်းသားများကို ပေးနေကျ တဦးအတွက် တလ ဘတ်ငွေ ၁ ထောင် (ကျပ် ၃ သောင်းကျော်) မှ ဘတ် ၁၅၀၀ (ကျပ်ငွေ ၄ သောင်းခွဲကျော်) နှင့် ရိက္ခာ ပဲ၊ ငါးသေတ္တာ အစရှိသည်တို့ မရရှိတော့ကြောင်း ပဒေါင် တိုင်းရင်းသား နန်းစွယ်ရွာလူကြီး ဦးလဒူက ပြောပြသည်။
“ရိက္ခာအနေနဲ့ ဆန်တမျိုးပဲ ရတော့တာ ၆ လ၊ ၇ လ လောက်ရှိပြီ။ ပုံမှန်မရတာက ၈ နှစ်လောက် ရှိပြီ။ ဒါပေမယ့် ရလိုက် မရလိုက်ပေါ့။ ဒီနှစ်ကတော့ အဆိုးဆုံးပဲ။ ရနေကျ ငွေလည်းမရဘူး၊ ဟင်းစားလည်း ဘာမှမရတော့ဘူး။ ဆေးဝါးကုသဖို့ အခက်အခဲဖြစ်တယ်” ဟု သူက ဆိုသည်။
ထိုရွာကလေးတွင် ပဒေါင် (လည်ပင်းရှည်) နှင့် ကယော (နားပေါက်ကျယ်) တိုင်းရင်းသား ၉၄ ဦး နေထိုင် ကြပြီး လည်ပင်းကို ကြေးကွင်းစွပ်ထားသည့် ပဒေါင်တိုင်းရင်းသား အရေအတွက်မှာ ၂၃ ဦး ရှိသည်ဟု သိရသည်။
ပဒေါင်တိုင်းရင်းသားများသည် မြန်မာပြည် ကယားပြည်နယ်အတွင်း၊ ဒီမောဆိုး တဝိုက်ရှိရွာများမှ ထိုင်းနိုင်ငံ ဘက်သို့ လွန်ခဲ့သည့် နှစ် ၂၀ ကာလကတည်းက တဖြည်းဖြည်း ထွက်လာကြသူများဖြစ်ကြသည်။ မြန်မာပြည်တွင်း၌ စီးပွားရေးအခြေအနေ ချွတ်ခြုံကျသောကြောင့်၊ မိုးခေါင် ရေရှားသဖြင့် စိုက်ပျိုးရေး လုပ်ကိုင်ရာ၌ အဆင်မပြေ သောကြောင့်၊ မြန်မာစစ်အစိုးရ၏ ဖိနှိပ် ညှဉ်းပန်းသဖြင့် နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှု မရှိခြင်းကြောင့် အစရှိသည့် အကြောင်း အမျိုးမျိုးကြောင့် မြန်မာ ပြည်တွင်းမှ ဒုက္ခသည်များ အဖြစ် ထွက်ပြေးခဲ့ကြရသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ စာရင်းများအရ ၂၀၀၅ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းမှ ဒုက္ခသည် ၂ သိန်းကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်လာစဉ်တွင် ပဒေါင်တိုင်းရင်းသားများလည်း အမြောက် အမြား ပါရှိခဲ့သည်ဟု သိရသည်။
နန်းစွယ်ရွာကလေးကို မြင်ရသည်မှာ လူမစည်ကားသော ပွဲဈေးတန်းတခုနှင့်လည်း တူလှသည်။ သူတို့ရွာ လက်ဖြစ် အရုပ်ကလေးများ၊ ကြေးနားကွင်း၊ ကြေးလက်ကောက်မှစ၍ အလှထားသည့် ပစ္စည်းများအပြင် တိုင်းရင်းသားများ ကိုယ်တိုင်ယက်သော ပုဝါပိုင်းကလေးများကို ဆိုင်ငယ်ကလေးများ ခင်းကျင်း ရောင်းချ နေသည်။ ထိုရောင်းရငွေကိုမူ ဆိုင်ပိုင်ရှင်တို့ ရသည်ဟုဆိုသည်။
မရိုစာအမည်ရှိ ကယော (နားပေါက်ကျယ်) တိုင်းရင်းသူ တဦးက သူ၏ ၁၁ လအရွယ် သားငယ်ကို နို့တိုက်နေသည်။ မလူမွခ် ဆိုသည့် ကယော အမျိုးသမီးကတော့ ယက်ကန်းယက်နေသည်။ သူတို့ နှစ်ဦးစလုံး၏ နေ့လယ်စာဟင်းမှာ “ဖရုံရွက်ပြုတ်” ဖြစ်သည်။ တခြားသော ပဒေါင်အမျိုးသမီးများမှာ အိမ်တအိမ်ရှေ့တွင် ထိုင်၍ ခရမ်းသီးသုပ်ကို မြိန်ရှက်စွာ စားနေကြသည်။
မရိုစာက ထိုရွာသို့ရောက်သည်မှာ ၁၅ နှစ်ခန့်ရှိပြီဖြစ်သည်။ မလူမွခ်ကတော့ ၅ နှစ်ခန့်သာ ရှိသေးသည်။ ကယားပြည်နယ်၊ ဟိုယာတဲ ရွာမှ လာသည်ဟု ဆိုသည်။
“ဧည့်သည်အလာများရင် တလ ဘတ် ၁ ထောင်၊ ၁၅၀၀ ရတယ်။ မရှိရင် မရဘူး။ ဒီနှစ် လုံးဝမရဘူး။ စိုက်ခင်းက ရတာနဲ့ စားတယ်” ဟု မလူမွခ်က ပြောပြသည်။
သူတို့အားလုံးနီးပါး မြန်မာစကား ပြောတတ်ကြသည်။ ဦးလဒူ၏ ဇနီးဖြစ်သူ မမူထီလည်း လည်ပင်းတွင် ကြေးကွင်းစွပ်ထားသည်။ သူ့သမီးဖြစ်သူက ၎င်းရွာအနီးရှိ ကရင်နီ ဒုက္ခသည်စခန်း ၁ တွင် (၉) တန်း ပညာ သင်ကြားနေသည်။ ၉ တန်းကျောင်းသူ သူ့သမီးကတော့ လည်ပင်းတွင် ကြေးကွင်းစွပ် မထားတော့ဟု ဆိုသည်။
“အစက ကွင်းစွပ်ထားတဲ့သူ ၅၀ ကျော်တယ်။ ခုတော့ တဝက်လောက်က ဖြုတ်လိုက်ပြီ” ဟု ဦးလဒူက ပြောသည်။
လည်ပင်းတွင် ကြေးကွင်းစွပ်သည့် ယဉ်ကျေးမှုနှင့်ပတ်သက်၍မူ သူတို့ မပြောနိုင်ကြ။ ကလေးဘဝ ကတည်းက ရိုးရာအစဉ်အလာအရ သူတို့ မိဘများက စွပ်ပေးလိုက်ခြင်းဖြစ်သည်။
ကလေးအများစုမှာ ထိုရွာမှ ၁ နာရီခန့် လမ်းလျှောက်ရသည့် ကရင်နီဒုက္ခသည်စခန်း ၁ တွင် ကျောင်းတက် ကြသည်။ နောက်ပိုင်း ကလေးများကို ကြေးကွင်းစွပ်ရန် မိဘက အားမပေးတော့ကြောင်း ကရင်နီ ဒုက္ခသည် ကော်မတီ (KnRC) ဥက္ကဌ ဦးလေးမောင်က ပြောပြသည်။
ပဒေါင်ရွာတွင် ယခုနှစ်ဆန်းမှ စ၍ ရိက္ခာအခက်အခဲဖြစ်သည့်အတွက် ကရင်နီဒုက္ခသည်စခန်းမှ ရိက္ခာ မျှပေးရန်အထိ အကူအညီ တောင်းလာကြောင်း ၎င်းကဆိုသည်။
“ဒုက္ခသည်စခန်းက ရိက္ခာမျှပေးဖို့ကျတော့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။
ထိုအနီးဝန်းကျင်တွင် ပဒေါင်ရွာ ၃ ရွာရှိပြီး စုစုပေါင်း လူဦးရေ ၃၀၀ ခန့်ရှိကာ ၁၀၀ ခန့်သာ ကြေးကွင်းစွပ်ကြ တော့ကြောင်း ဦးလေးမောင်က ရှင်းပြသည်။
ယခင် ဧည့်သည်အလာများစဉ်အခါက တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ ပညာသင်ဆုမှစ၍ ထိုင်းကုမ္ပဏီများက တာဝန်ယူခဲ့သော်လည်း ယခုကဲ့သို့ ဧည့်သည် နည်းပါးလာသည့်အချိန်တွင် အခြေခံ လိုအပ်ချက်ဖြစ်သော ရိက္ခာပင် လုံလုံလောက်လောက် မပေးနိုင်တော့ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ၎င်း ပဒေါင်ရွာများတွင် နေထိုင်သည့် တိုင်းရင်းသားများအနေနှင့် တတိယနိုင်ငံ သွားရန် အခွင့်အရေး ပေါ်လာပါက လျှောက်ထားခွင့်မရှိဟု ထိုင်းအာဏာပိုင်များက သတ်မှတ်ထားကြောင်း သိရသည်။
“ရိက္ခာ ပုံမှန်မထောက်ပံ့နိုင်ပေမယ့် ထိုင်းအာဏာပိုင်တွေက အခွင့်အရေးတခုတော့ပေးတယ်။ ကုလသမဂ္ဂ (UN) က ထုတ်ပေးတဲ့ လက်မှတ် ရှိလို့ ဒုက္ခသည် စခန်းထဲ ဝင်ချင်ရင်ဝင်၊ ဒါမှမဟုတ် ထိုင်းမှာ နေထိုင်ခွင့် လက်မှတ်လုပ်ပေးမယ်၊ ကလေးတွေ ပညာရေးအတွက် ရွာကျောင်းတွေမှာ တက်ခွင့်ပြုမယ်လို့ ပြောပါတယ်” ဟု ဦးလေးမောင်က ရှင်းပြသည်။
ဒုက္ခသည်စခန်းတွင်း ဝင်သူများအနေနှင့်မူ တတိယနိုင်ငံထွက်ခွာခွင့် လျှောက်ထား နိုင်မည်ဖြစ်သည်။
ထို့ကြောင့်လူငယ်အများစုမှာ ကြေးကွင်းစွပ်သည့် ယဉ်ကျေးမှုကို စွန့်လွှတ်ပြီး ပညာသင်ကြားရေးဘက်တွင် အားစိုက်လာကြသကဲ့သို့ မိဘများကလည်း ပညာသင်ကြားရေးကို ဦးစားပေးသည်ဟု ဆိုသည်။ ထို တိုင်းရင်း သား လူငယ်များမှာ ဘာသာစကား သင်ယူရာတွင် ထူးချွန်သောကြောင့် တချို့က ဧည့်လမ်းညွှန် အလုပ် လုပ်ကြကြောင်း ဦးလေးမောင်က ပြောသည်။
“ဧည့်လမ်းညွှန်လုပ်တာက တလကို ဝင်ငွေ ဘတ် ၁၅၀၀ လောက် ရကြတယ်” ဟု ၎င်းက ဆိုသည်။
ယခင်က နိုင်ငံခြားသားများဖြင့် စည်ကားနေသော ရွာကလေးမှာ ယခုတော့ ခြောက်ကပ်နေသည်။ တရုတ်နိုင်ငံသားဖြစ်ဟန်တူသည့် ဧည့်သည် ၃ ယောက်က ဓာတ်ပုံလိုက်ရိုက်နေသည်။ ဇူလိုင်လ အတွင်းတွင် ထိုနေ့ ၁၀ ရက်နေ့က အစည်ကားဆုံးနေ့ဟု ဦးလဒူက ပြောပြသည်။ ဧည့်သည် ၂၀ ကျော် လာသွားသောကြောင့် ဖြစ်သည်။
လောလောဆယ်တွင်တော့ ဦးလဒူတို့ မိသားစု အပါအဝင် ပဒေါင်ရွာတွင် နေထိုင်သည့် ပဒေါင်နှင့် ကယော တိုင်းရင်းသားများမှာ နိုင်ငံခြားသားများအတွက် ထူးဆန်းသည့် လူမျိုးစုတစုအဖြစ် တည်ရှိနေဆဲဖြစ်သည်။
သူတို့အားလုံး အလှပြခံထားရသော်လည်း မှန်ဘီရိုထဲတွင်ထားသည့် သက်မဲ့အရုပ်များ မဟုတ်သောကြောင့် ထမင်းဝဖို့၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်ရဖို့၊ ပညာသင်ကြားခွင့်ရဖို့၊ လူသားများ၏ အခြေခံလိုအပ်ချက် များ ရဖို့တော့ လိုပါလိမ့်မည်။
သမီးဖြစ်သူ၏ အနာဂတ်အတွက် မျှော်လင့်ချက်နှင့် ပတ်သက်၍ ဦးလဒူက “ကျနော်ဖြစ်စေချင်တာကတော့ သူ့ကို တတိယ နိုင်ငံသွားပြီး ပညာဆက်သင်စေချင်တယ်။ ဒါပေမယ့် နောက် ၃၊ ၄ နှစ်မှာ ယောက်ျားယူပြီး ဒီနားမှာပဲ လျှောက်သွားချင်လည်း သွားနေမှာပေါ့” ဟု ပြောသည်။
No comments:
Post a Comment