Sunday, July 19, 2009
ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ (အပိုင်း - ၉)
(၃၅)
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်က မဆလပါတီ၏ အရေးပေါ် ညီလာခံအား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ခေါ်ယူလိုက်၏။ စားသောက်ဆိုင်နှင့် အဖျော်ယမကာ ကုန်သွယ်ရေးကော်ပရေးရှင်း အလုပ်သမားသမဂ္ဂက ကျင်းပမည့် မဆလ အရေးပေါ် ညီလာခံတွင် ဧည့်ခံကျွေးမွေးရေးအား လုပ်ဆောင်ပေးမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်၏။ အစိုးရယန္တယားများက ရပ်တန့်၍ နေလေပြီ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်တို့ကား မဆလ၏ လက်ထဲတွင် မတည်ရှိတော့……။ တပ်မတော်သည်သာလျှင် ….. မဆလ၏ သစ္စာအား နာခံလျက်…၊ ဦးနေဝင်း၏ အရှေ့၌ ရိုကျိုးစွာ ဒူးတုတ်၍ အခစားဝင်နေဆဲ…။
မဆလ၏ အမှောင်သန်းသည့်နောက်ဆုံးနေ့များ….။
အရေးပေါ်ညီလာခံအား ၁၂ ရက်နေ့တွင် ကျင်းပရန် ခေါ်ယူထားသော်လည်း ၁၂ ရက်နေ့အထိပင် စောင့်မနေနိုင်တော့….။ ၂ ရက်ကြို၍ စက်တင်ဘာ ၁ဝ ရက်နေ့တွင်ပင် မဆလ၏ အရေးပေါ်ညီလာခံအား ကျင်းပ၏။ လက်နက်ကိုင် အစောင့်အကြပ် ထူထပ်စွာနှင့် သံဆူးကြိုးအကာအရံများအတွင်း ပြုလုပ်သော ပါတီညီလာခံ ဖြစ်သည်။ သိန်းနှင့်ချီသော လူထုက ပြည်သူ့လွှတ်တော် အဆောက်အအုံအား ဝန်းရံ၍ ဆန္ဒပြကြ၏။
`ပြည်သူ့ဆန္ဒခံယူပွဲ ….အလိုမရှိ´
`ကြားဖြတ်အစိုးရ …..ဖွဲ့စည်းရေး´
မဆလ၏ အရေးပေါ် ပါတီညီလာခံက….မတ်တပ်ရပ်၍ လုပ်ကြရသော အစည်းအဝေးဟု ခေါ်ရမည်။ အရေးပေါ်ညီလာခံနှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးက …. လွတ်လပ်၍ တရားမျှတသော ပါတီစုံ အထွေထွေရွေးကောက်ပွဲအား ကျင်းပပြုလုပ်ပေးမည်ဟု ဆုံးဖြတ်လိုက်ရသည်။ ပြီးလျှင် … စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အား ဖွဲ့စည်း၏။ ဥက္ကဋ္ဌက ဦးဘဌေး…..။
နောက်တရက် စက်တင်ဘာလ ၁၂ ရက်နေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး၊ ဦးအောင်ကြီးတို့နှင့် ပေါင်း၍ ဒေါက်တာမောင်မောင်ထံသို့ အိတ်ဖွင့်ပေးစာတစောင် ရေးပို့ခဲ့သည်။ စာကား …. ပြည်သူလူထုတရပ်လုံး လက်ခံနိုင်သည့် ကြားဖြတ်အစိုးရအား အမြန်ဆုံးဖွဲ့စည်းပေးရန် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအား အကြံပြုထားသည့် စာဖြစ်သည်။
(၃၆)
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
တနင်္ဂနွေနေ့ …..။
မြို့တော်ခန်းမအရှေ့နှင့် ရန်ကုန်ဆေးရုံကြီး အရှေ့တို့တွင်က အစာငတ်ခံတိုက်ပွဲအား ဆက်လက်၍ တိုက်ပွဲဝင်နေကြဆဲ။ လူထု ၅ သိန်းခန့်က ရန်ကုန်မြို့၏ လမ်းများပေါ်၌ ကြွေးကြော်သံများ ဟစ်ကြွေး၍ လှည့်လည်ဆန္ဒပြနေကြသည်။ ဒေါက်တာမောင်မောင် အုပ်ချုပ်ရေးအဖွဲ့က ကြားဖြတ်အစိုးရဖွဲ့စည်းရေးအား ခေါင်းမာစွာနှင့် ငြင်းဆန်လျက်ရှိသည်။
မဆလ ဘက်၌ ရပ်တည်နေသည့် တခုတည်းသော မီဒီယာက `မြန်မာ့အသံ´ ….။ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာသည်ပင်လျှင် လူထုဘက်မှရပ်သည့် လူထုသတင်းစာ ဖြစ်၍နေပြီ။ ပြည်သူ့ရဲနှင့် တပ်မတော် ကြည်း၊ ရေ၊ လေမှ စစ်သည်များ လူထုနှင့် ပူးပေါင်း၍ ဆန္ဒပြသည့်သတင်းအား လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာက….` ဒီမိုကရေစီရရှိရေးအတွက် ပြည်သူ့ရင်ခွင်သို့ ခိုဝင်လာကြသည်´ ဟူ၍ စာလုံးမည်းကြီးနှင့် ဖော်ပြသည်။ မြန်မာ့အသံကမူ …. ပြည်သူလူထုကြီးနှင့် ပူးပေါင်းသွားကြသည့် တပ်မတော်သားများအား စိတ်ဝေဒနာရှင်များဟူ၍ သတင်းတွင် ကြေညာသွားခဲ့၏။ တပ်မတော်သားများ ပြည်သူလူထုနှင့် ပူးပေါင်းသွားခြင်းက …. နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ …. ကန့်လန့်ကာကြားတွင် ရှိနေသည့် ဗိုလ်နေဝင်းအတွက်မူ စိုးရိမ်ဖွယ်ရာပင်….။
စက်တင်ဘာ ၁၈ ရက် …. ညနေခင်း မြန်မာ့အသံ၏ အစီအစဉ်က မြန်မာစံတော်ချိန် ၄ နာရီ၌ စတင်၍ ထုတ်လွှင့်၏။ သီချင်းပဒေသာ အစီအစဉ်နှင့် စသည်။ သီချင်းပဒေသာက တပိုင်းတစနှင့် ရပ်သွား၏။ ပြီးလျှင် ….. သတင်းကြေညာသူ အမျိုးသားတဦး၏ အသံက ဝင်လာ၏။ တည်ငြိမ်လေးနက်အောင် ကြိုးစားထားသည့် အသံနှင့်….။
“နိုင်ငံ၏ အဖက်ဖက်က ယိုယွင်းနေသော အခြေအနေများကို အချိန်မီတားဆီးနိုင်ရန် အများပြည်သူအကျိုးအတွက် တပ်မတော်က နိုင်ငံတော် အာဏာအဝဝကို ယနေ့မှစ၍ လွှဲပြောင်းယူလိုက်ပါသည်။
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ငြိမ်ဝပ်ပိပြားမှုရှိစေရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အား ဖွဲ့စည်းလိုက်သည်”
ဗိုလ်နေဝင်း၏ ကကြိုးက …. လူထုတောင်းဆိုသည့် `ကြားဖြတ်အစိုးရ´ ဟူသည်အား စစ်တပ်မှ အာဏာသိမ်းခြင်းဖြင့် တုံ့ပြန်လိုက်တော့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ၁၉ ဦး၏ အမည်စာရင်းအား ကြေညာ၏။ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း အပြင်မထွက်ရအမိန့်အား ထုတ်ပြန်၏။ လမ်းများပေါ်၌ လူ ၅ ဦးထက်ပို၍ မစုဝေးရအမိန့်အား ထပ်မံ၍ ထုတ်ပြန်လေ၏။ အာဏာသိမ်းစစ်အုပ်စုသည် အမိန့်ကြေညာချက်များအား တခုပြီးတခု မြန်မာ့အသံမှတဆင့် ထုတ်ပြန်နေသည်။ ရေဒီယိုမှတဆင့် အာဏာသိမ်းနေ၏။ အာဏာသိမ်းတပ်များကမူ မြို့တော်အတွင်းသို့ ဝင်မလာသေး….။ မြို့တော်ရှိ လူထုသည် ချက်ချင်းပင် အာဏာသိမ်းစစ်တပ်နှင့် ရင်ဆိုင်ရန် လမ်းများပေါ်သို့ ထွက်လာကြ၏။
ဓား .. ဓားချင်း၊ လှံ .. လှံချင်း …. တွေ့ရန်မှ လွဲ၍ အခြားရွေးလမ်းမရှိတော့….။
ကောင်းကင်တခွင်တပြင်လုံးက မှောင်မဲသော မိုးတိမ်တို့ဖြင့် ထူထူပိန်းပိန်း….။ မိုးက ဖွဲဖွဲ…။ လူထုက ရန်ကုန်မြို့၏ လမ်းငယ်၊ လမ်းသွယ်၊ လမ်းကျယ်ကြီးများ အားလုံးအား ပိတ်ဆို့လိုက်ကြ၏။ မြို့တော်သို့ စစ်သားများအား အဝင်မခံလို…။ လျှပ်စစ်ဓာတ်အားလိုင်းများကိုလည်း ဖြတ်တောက်လိုက်ကြ၏။ သစ်ပင်ကြီးများအား လှဲ၍ လမ်းအား ဆို့၏။
လူထုထံတွင်ရှိသည့် လက်နက်က`ဂျင်ကလိ´နှင့် ယုံကြည်ချက်။
“စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား ၊ မကိုးစားလျှင်
ဓားသွားလည်း ကြွေ၊ လှံလည်း ခွေအံ့။”
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)
(၃၇)
ညဦးယံမှာပင် အာဏာသိမ်းတပ်သည် စစ်ကားများ၊ ဘရင်းကယ်ရီယာများဖြင့် မြို့တော်၏ လမ်းများပေါ်သို့ ဝင်လာ၏။ အသံချဲ့စက်များဖြင့် ၂/၈၈ အား ကြေညာ၏။ ပိတ်ဆို့ထားသည်များအား ဖယ်ရှားရှင်းလင်းပေးရန်လည်း အမိန့်ပေး၏။ မြင်မြင်သမျှ …. မဲမဲ၊ဖြူဖြူ အကုန်ပစ်ခတ်တော့သည်။ အာဏာသိမ်းည ရန်ကုန်က …. သေနတ်သံ၊ ယမ်းငွေ၊ လူသေအလောင်း ….. သွေးပင်လယ်တို့နှင့် ကုန်လွန်ခဲ့ရ၏။
စက်တင်ဘာ ၁၉….၂ဝ…၂၁ ….။ `ဒေါင်းအလံနှင့် မောင်းပြန်´ တိုက်ပွဲများက ပြင်းထန်ဆဲ….။ အမိမြေက ယမ်းငွေ့၊ သွေးညှီနံ့တို့နှင့် ဖုံးလွှမ်းနေလျက်ပင် …..။
စက်တင်ဘာ ၂၁ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂသို့ တိုက်တွန်းစာတစောင် ရေးသား၍ ပေးပို့ခဲ့၏။ စာတွင် ….
`ကမ္ဘာ့နိုင်ငံတိုင်းက ဗမာပြည်သူတွေ အဓိပ္ပာယ်မယ့် ပစ်သတ်ခံခဲ့ရတယ်ဆိုတဲ့ အချက်ကို ကမ္ဘာက အသိအမှတ် ပြုစေချင်ပါတယ်´ ဟူ၍ ပွင့်ပွင့်လင်းလင်း ရေးသားဖော်ပြခဲ့၏။ မြန်မာ့အရေးက ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးတွင် ကျယ်ကျယ်လောင်လောင် ဆွေးနွေးစရာအရေး ဖြစ်၍လာခံ၏။
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး Sir Geoffery Howe က ……
“ဗမာပြည်မှာ လက်နက်မဲ့ ဆန္ဒပြသူတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ၊ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့အတွက် ကျနော်တို့ ထိတ်လန့်တုန်လှုပ်မိပါတယ်။ ပြည်တွင်းရေး ပြဿနာများကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းနဲ့ ကြာရှည်စွာ တည်တံ့ခိုင်မြဲမယ့် ဖြေရှင်းချက်ဟာ လွတ်လပ်မှုနဲ့ ပါတီစုံ ဒီမိုကရေစီလိုလားနေကြတဲ့ ပြည်သူတွေရဲ့ဆန္ဒ ဖြည့်ဆည်းပေးရန်သာ ဖြစ်တယ်ဆိုတာကို မြန်မာအာဏာပိုင်တို့အနေနဲ့ လုံးဝ လက်ခံရလိမ့်မယ်”
(၃၈)
အာဏာသိမ်း စစ်အုပ်စုသည် အာဏာသိမ်းပြီး နောက်တနေ့တွင်ပင် ကာကွယ်ရေးဝန်ကြီးဌာန ဒဂုံရိပ်သာ၌ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံ၏။ ထိုကော်မရှင်က …. မဆလ၏ ပြည်သူ့လွှတ်တော်မှ စက်တင်ဘာ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့သော ကော်မရှင် ဖြစ်သည်။ ထိုကော်မရှင်ကိုပင် အာဏာသိမ်း စစ်အုပ်စုက တာဝန်ထပ်ပေး၏။ စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် ဥပဒေအား စစ်အုပ်စုက ပြဋ္ဌာန်း၏။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ဥပဒေ အမှတ် ၄/၈၈ အား ထပ်မံ၍ ထုတ်ပြန်သည်။ ၄/၈၈ က … နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ဖြစ်သည်။ ပြီးလျှင် ….. ကော်မရှင် ဥက္ကဋ္ဌမှလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများ အမှတ် (၁) ပြဋ္ဌာန်းချက်အား ကြေညာ၏။
အာဏာသိမ်းစစ်တပ်က လမ်းမထက် ပစ်ခတ်၊ သတ်ဖြတ်မှုများအား အဆုံးသတ်၊ သတ်ဖြတ်ပြီးသည့်နောက် ….. သပိတ်စခန်းများသို့ ဝင်ရောက်စီးနင်းပြန်သည်။ တဖက်မှလည်း စစ်ထောက်လှမ်းရေးက …. တနိုင်ငံလုံးအနှံ့ လူဖမ်းပွဲကြီးအား ဆင်နွှဲနေလေ၏။
အရေးတော်ပုံကြီးက သွေးနှင့်စပြီး သွေးနှင့်ပင် နိဂုံးချုပ်သွား၍ မဖြစ်….။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရပြီ။
နံပါတ် ၁ ….. အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲအား Under Ground အသွင်နှင့် ဆက်၍ လှုပ်ရှားမည်လား…..။
နှစ်ပါတ် ၂ …. နယ်စပ်သို့ ထွက်ခွာ၍ လက်နက်ကိုင် တော်လှန်ရေးအား ဆင်နွှဲမည်လား…..။
နံပါတ် ၃ …. နိုင်ငံရေးပါတီတခု တရားဝင်ဖွဲ့စည်းပြီး ဒီမိုကရေစီခရီးအား ပန်းတိုင်သို့ ရောက်သည်အထိ ချီတက်မည်လား….။
ရွေးလမ်းက ၃ သွယ်ရှိ၏။
ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရွေးလမ်းအား ရွေးချယ်ထားပြီး ဖြစ်၏။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့၊ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ သခင်အုန်းမြင့်၊ ဦးထွေးမြင့်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာတို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်ကတည်းက သူမ၏ နိုင်ငံရေးလမ်းစဉ်အား ချပြထားခဲ့ပြီး ဖြစ်သည်…။
`ကျမတို့ …. ဒီလုပ်ငန်းတွေ စလုပ်တာနဲ့ လုံးဝ အကြမ်းမဖက်ရေးပဲ။ အကြမ်းမဖက်ဝါဒ၊ ဂန္ဒီဝါဒပေါ့။ ဒါကို ကျမတို့ရဲ့ (မူ) အနေနဲ့ ထားလိုက်မယ်။ နောက်ပြီး …. ဥပဒေဘောင်အတွင်းကပဲ လုပ်မယ်။ မြေအောက်တို့၊ တောခိုတာတို့၊ လက်နက်ကိုင် တိုက်တာတို့ လုံးဝ မလုပ်ဘူး။ ဒါ ကျမတို့ရဲ့ နိုင်ငံရေးလမ်းစဉ်ပဲ…..´
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment