Monday, July 13, 2009

မျက်နှာဖုံးတပ် ရန်ကုန်

အောင်သက်ဝိုင်း

နံနက် ၉ နာရီ၊ ရန်ကုန် လမ်းမကြီးတွေပေါ်မှာ သွားလာနေတဲ့ လူတွေရဲ့ မျက်နှာပေါ်မှာ အဖြူရောင် နှာခေါင်းစည်း ဆင်တူ တွေနဲ့ အရေးပေါ် ခွဲစိတ်ခန်း ၀င်မယ့် ဆရာဝန်တွေနဲ့ တူနေတယ်။

သူတို့ တွေဟာ ခွဲစိတ်ခန်း ၀င်ကြမယ့် ဆရာဝန် တွေမဟုတ် ပါဘဲ ဘာကြောင့် ဒီလို မျက်နှာဖုံး တွေ တပ်ပြီး လမ်းမ တွေပေါ် သွားလာ နေရ တာပါ လဲ။ အဖြေ ကတော့ ဝက်တုပ်ကွေး လို့ခေါ်တဲ့ A (H1N1) ရောဂါ ကြောင့် လို့ ဆိုရ ပါမယ်။

ကမ္ဘာ့နိုင်ငံပေါင်း ၁၁၃ နိုင်ငံမှာ လူပေါင်း ၇ သောင်းကျော် ရောဂါခံစားနေရပြီး ၃၀၀ ကျော် သေကြေ ပျက်စီးစေခဲ့တဲ့ A (H1N1) ဝက်တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကူးစက်ခံရတဲ့ အကြောင်း စစ်အစိုးရက ဇွန်လ ၂၇ ရက်နေ့က တရားဝင် ကြေညာလိုက်တာကြောင့် ရန်ကုန်မြို့နေ ပြည်သူလူထု အကြားမှာ အထိတ်တလန့်ဖြစ်သွားခဲ့ပါတယ်။

တုပ်ကွေးရောဂါဆိုတာ အသက်ရှုလမ်းကြောင်းကတဆင့် ကူးစက်ပျံ့နှံ့နိုင်တယ်ဆိုတဲ့ အခြေခံ အချက်ကို သိရှိထားကြတဲ့ ရန်ကုန်မြို့နေ လူလတ်တန်းစားနဲ့ အထက်တန်းလွှာ မိသားစုတွေက ဆေးဆိုင်တွေကို အပြေးအလွှားသွားပြီး နှာခေါင်းစည်းတွေ အလုအယက်ဝယ်ကြတယ်။

သာမန်အချိန်တွေမှာ နှာခေါင်းစည်းဆိုတဲ့ ပစ္စည်းက ဆေးဆိုင်တွေမှာ မှိုတက်အောင် ထားရပြီး တလလုံးနေမှ ၁ ခု၊ ၂ ခုလောက်သာ ရောင်းရတဲ့ ကုန်ပစ္စည်းမျိုးဖြစ်ပေမယ့် တုပ်ကွေးရောဂါ A (H1N1) ဗိုင်းရပ်စ်ပိုး စတင်ကူးစက်နေပြီဆိုတဲ့ သတင်းထွက်ပေါ်ချိန်မှာ လက်မလည်အောင်၊ ပစ္စည်းပြတ် အောင် ရောင်းရတဲ့ ကုန်ပစ္စည်းဖြစ်လာပါတယ်။

ဆေးနဲ့ ဆေးပစ္စည်းတွေ အများဆုံးရောင်းချတဲ့ မင်္ဂလာဈေးမှာတော့ နှာခေါင်းစည်း လာဝယ်ကြသူတွေ ယောက်ယက်ခတ်နေပါတယ်။

“နှာခေါင်းစည်း ၁၀ ပုံး၊ မရနိုင်ဘူး။ ကျနော့်မှာ လက်ကျန် ၁ ပုံးပဲရှိတယ်” ဆိုပြီး တယ်လီဖုန်း ပြန်ဖြေနေတဲ့ မင်္ဂလာဈေးအတွင်းက ဆေးဆိုင်ပိုင်ရှင် အမျိုးသားတဦးရဲ့ အသံက ဈေးထဲမှာ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်နေတယ်။

သူ့လိုပဲ မင်္ဂလာဈေး စတုတ္ထထပ်မှာ ဖွင့်ထားတဲ့ ဆေးနဲ့ဆေးပစ္စည်းအရောင်းဆိုင် တွေ အားလုံးမှာလည်း နှာခေါင်းစည်း ပစ္စည်းပြတ်သွားလို့ ရောင်းစရာမရှိတော့တဲ့အကြောင်း ဖုန်းနဲ့ လှမ်းပြောတာတွေ၊ လူကိုယ်တိုင် လာရောက် စုံစမ်းတာတွေကို ဒိုင်ခံဖြေရှင်းနေသံတွေကလည်း နားမဆံ့အောင်ကြားနေရတယ်။

နှာခေါင်းစည်း ပါကင် ပုံးကြီး ၁ ပုံးမှာ နှာခေါင်းစည်း အရေအတွက် ၃၂၀ ပါဝင်ပြီး တခုကို ငွေ ၅၀ ပဲ တန်ပေမယ့် လူတွေထိတ်လန့်တကြား နှာခေါင်းစည်းတွေ အလုအယက် ၀ယ်လာချိန်မှာ တခုကို ငွေ ၃၅၀ ကနေ ၅၀၀ ထိ ခေါ်ဈေးအမျိုးမျိုးရောင်းကြတယ်။

လူတွေကလည်း ဈေးကြီးတာကို ဂရုမစိုက်အားဘဲ ခေါ်ဈေးအတိုင်း ဈေးမဆစ်ဘဲ ၀ယ်ကြတယ်။ အခြေ အနေက “လူနာ မျက်ဖြူဆိုက်လေ၊ ဆရာကြိုက်လေ” ဆိုတဲ့ မြန်မာစကားပုံ တခုလိုပဲ။ ဆေးဆိုင် ပိုင်ရှင်တွေ၊ ကုန်သည်တွေ၊ နှာခေါင်းစည်းတင်သွင်းတဲ့ ကုမ္ပဏီကြီးတွေအတွက် အကြိုက်တွေ့စရာ အခြေအနေ ဖြစ်နေတယ်။

နှာခေါင်းစည်းကို ပြည်ပနိုင်ငံတွေက တင်သွင်းနေရတဲ့ မြန်မာနိုင်ငံမှာ အမြတ်ကြီးစားလို့ပဲဖြစ်ဖြစ် ရောင်းပေးနေတာကိုပဲ ကုန်သည်ပွဲစားတွေ ကုမ္ပဏီတွေကို ကျေးဇူးတင်ရမယ့် အနေအထားပါ။

ဒီကြားထဲ ကျန်းမာရေးဝန်ကြီးဌာနက အာဏာရှင်နိုင်ငံတွေရဲ့ထုံးစံအတိုင်း ဖြစ်ပျက်နေတဲ့ သတင်းကို ပြည်သူလူထုကို အမှန်မတင်ပြဘဲ ထိမ်ချန်တာတွေ၊ အမှန်ဖော်ပြချင်လို့ သတင်းယူဖို့ ကြိုးစားတဲ့ သတင်းထောက်တွေနဲ့ သာမန်ပြည်သူတွေကို သတင်းအမှန်မရအောင် တားမြစ်ကန့်သတ်တာတွေ လုပ်လေတော့ အတည်မပြုနိုင်တဲ့ သတင်းတွေ အမျိုးမျိုးထွက်လာတယ်။

“ဝက်တုပ်ကွေးမိလို့ သန်လျင်က နှစ်ယောက် ရန်ကုန်ဆေးရုံကြီးမှာ ရောက်နေတယ်။ ဆေးရုံကြီးမှာ ရောဂါသည် တွေရောက်နေလို့ လုံခြုံရေးတအားတင်းကျပ်ထားတယ်” “ဝက်တုပ်ကွေးဖြစ်တဲ့ သူ ၁၆ ယောက်တောင် ရှိလာပြီ” “၀က်တုပ်ကွေးရောဂါဖြစ်လို့ မြောက်ဥက္ကလာဆေးရုံကြီးမှာ လူနာတွေ ထပ်ရောက်လာတယ်” စတဲ့၊ စတဲ့ အတည်မပြုနိုင်တဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး အတည်မပြုနိုင်တဲ့ သတင်းတွေ အများကြီးထွက် လာတယ်။

ကျန်းမာရေးဝန်ကြီးဌာနက A (H1N1) ဝက်တုပ်ကွေးရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ သတင်းစာနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေပေမယ့် လူထုကြားမှာ A (H1N1) အကြောင်း သိပ်မသိကြဘူး။

“၀က်သားတုတ်ထိုးစားရင် တုပ်ကွေးမိလိမ့်မယ်။ မစားနဲ့နော်။ သူများကျွေးတဲ့ ၀က်သားတွေလည်း မစားနဲ့ နော်” ဆိုတဲ့ အသက် ၃၀ ကျော်အရွယ် ဈေးသည်မိခင်တဦးက သူ့ရဲ့ အသက် ၆ နှစ်အရွယ် သားငယ်ကို သတိပေးမှာကြားနေတယ်။

ဈေးသည်တွေ၊ တနေ့လုပ်မှ တနေ့စား ဆင်းရဲသားတွေ ခမျာမှာတော့ ဝက်တုပ်ကွေးရောဂါ A (H1N1) ဆိုတာ ဘာမှန်းမသိကြဘူး။

ဝက်တုပ်ကွေးရောဂါ အကြောင်းဘာမှမသိတဲ့ ပြည်သူလူထုကို စစ်အစိုးရကလည်း ဘာမှရှင်းမပြဘူး။ သူ့ဟာသူ အစည်းအဝေးတွေကျင်းပ၊ သူ့ဟာသူ ဆုံးဖြတ်ချက်တွေချ။ အရေးပေါ်အစီအစဉ်တွေနဲ့ ကပ်ရောဂါကြီးဖြစ်လာရင် ကျော်လွှားဖို့ အစီအစဉ်တခုတလေမှ ပြည်သူကို ချပြတာ မရှိဘူး။

ကျန်းမာရေး ဒုတိယ၀န်ကြီး ဒေါက်တာမြဦး နှာခေါင်းစည်း တပ်ပြီး တိုက်ပုံ တကားကားနဲ့ ရန်ကုန် ဆေးရုံကြီးမှာ လမ်းလျှောက်နေတာကို ရုပ်မြင်သံကြားက သတင်းအဖြစ် ပြတယ်။

စာပေစိစစ်ရေးအောက်မှာ မီဒီယာ အမည်ခံ နေရတဲ့ ပြည်တွင်း သတင်းဂျာနယ်တွေလည်း နှုတ်ဆိတ်နေရတယ်။ ကျန်းမာရေးဝန်ကြီးဌာနကို ဝက်တုပ်ကွေးနဲ့ ပတ်သက်လို့ မေးတိုင်း “အထက်လူကြီးကို မေးပါ။ အထက်လူကြီးက ခွင့်မပြုရင် မပြောနိုင်ပါဘူး” ဆိုတဲ့ အဖြေကိုပဲ ရကြတယ်။

“ကပ်ရောဂါတခုရဲ့အစမှာ တန်ပြန်တုံ့ပြန်မှုနှေးရင် အဲဒီကပ်ရောဂါက လျင်လျင်မြန်မြန် ပျံ့နှံ့နိုင်တယ်၊ လူတွေကို ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး အချိန်တိုင်း အမြဲအဆက်မပြတ် ပြောဖို့ လုပ်ရမယ်။ သတင်း အမှန်တွေကို ဆက်တိုက် ပြောနေရမယ်။ ဒါမှ ကောလာဟလနဲ့ မတည်ငြိမ်မှုတွေကို ထိန်းနိုင်မယ်” လို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြန်ကြားရေး တာဝန်ရှိသူတဦးကပြောတယ်။

“ဝက်တုပ်ကွေးက သာမန်တုပ်ကွေးရောဂါလိုပဲ။ ကိုယ်ပူကြီးမယ်၊ နှာစေး၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာ၊ ကိုယ်လက် ကိုက်ခဲမယ်၊ ခေါင်းကိုက်မယ်၊ အစားမစားချင်ဘူး၊ ပျို့အန်ပြီး ၀မ်းလျှောမယ်။ ရောဂါပြင်းထန် လာရင်တော့ အဖျားတွေ တအားတက်မယ်။ ချောင်းဆိုးပြီး မောပန်းပင်ပန်းနွမ်းနယ် မယ်။အသက်ရှုကျပ်ပြီး ဂနာမငြိမ်ဖြစ်မယ်။ နောက်ဆုံးသတိလစ်ပြီး အသက်ဆုံးရှုံးတဲ့အထိ ဖြစ်မယ်” လို့ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာနက ဆရာဝန်တဦးက A (H1N1) နဲ့ ပတ်သက်ပြီး ရှင်းပြတယ်။

ဒီတုပ်ကွေးရောဂါဟာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက မက္ကဆီကို နိုင်ငံမှာ အစပြုခဲ့ပြီး ကမ္ဘာတလွှား ပျံ့နှံ့သွားတာလို့ သိရတယ်။ အဲဒီတုန်းက ဝက်တုပ်ကွေးလို့ ထင်ရှားခဲ့ပြီး နောက်ပိုင်းမှာ A (H1N1) တုပ်ကွေးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခေါ်ဝေါ်ခဲ့ပါတယ်။ မြန်မာအစိုးရ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ကမ္ဘာ့လူတုပ်ကွေးလို့ နာမည်ပေးထားတယ်။

ဝက်တုပ်ကွေးရောဂါကို တုပ်ကွေးရောဂါကု ဆေးဝါးနှစ်မျိုးဖြစ်တဲ့ Tamiflu နဲ့ Relenza ဆေးတွေနဲ့သာ ကုသနိုင်ပြီး ဒီအထဲမှာ Tamiflu ဆေးဝါးဟာ ဒိန်းမတ်နိုင်ငံက ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရသူတဦးကို ကုသခဲ့ရာမှာ ဆေးမတိုးတဲ့လက္ခဏာ တွေ့ရှိရတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးသားထားတာ တွေ့ရတယ်။

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမျိုးမှာ ဝက်တုပ်ကွေးရောဂါ ကုသဖို့ ဆေးဝါးအလုံအလောက် ရှိရဲ့လား၊ ရှိတယ်ဆိုရင်လည်း ကပ်ရောဂါ အသွင် ရောက်လာရင် လူတိုင်းကို ကုသဖို့ ဆေးဝါးတွေ အသင့်ရှိရဲ့လား ဆိုတာက ပြည်သူ လူထုအကြားမှာ အလွန်စိတ်ဝင်တစား သိချင်နေကြတဲ့ အကြောင်းအရာတခုဖြစ်သလို ပြည်တွင်း သတင်းထောက်တွေအနေနဲ့ ဖော်ပြချင်တဲ့ သတင်းတပုဒ် ဖြစ်နေပါတယ်။

စစ်အစိုးရရဲ့ ဖိနှိပ်အုပ်ချုပ်မှုကြောင့် နိုင်ငံရေး၊ စီးပွားရေး ဒုက္ခအမျိုးမျိုး ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေ အတွက်တော့ ဝက်တုပ်ကွေး ရောဂါဆိုးက “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ” “မြွေပူရာ ကင်းမှောင့်” ဆိုတဲ့ စကားပုံတွေလို ထိတ်လန့်တုန်လှုပ်စေတာကတော့ အသေ အချာပါပဲ။

No comments: