Narinjara News
တာကလူး (နိရဉ္စရာ) ရခိုင်ပြည် နယ် ပေါက်တော မြို့နယ် ရှိ ရဲမင်းကြီး ဘကြည် အစုစပ် ပိုင်ဆိုင် သည့် င၀စွယ် ချောင်း ပုဇွန် မွေးမြူ ရေး တာတမံ မိုးရွာ၍ ကျိုးပေါက် သွားမူ အား ပြန်လည် ဆည်ဖို့ရာတွင် အနီး အနား ကျေးရွာ သားများ ကို အတင်း အဓမ္မ လုပ်အား ပေး စေခိုင်း ခဲ့သည် ဟု သိရ သည်။
ကျေးရွာသား တဦးက “မိုးက သဲသဲမဲမဲ ရွာသွန်းတာကြောင့် ဇူလိုင်လ (၃)ရက်နေ့မှာ ရဲမင်းကြီး ပုဇွန်တာတမံ ကျိုးပေါက်သွားပါတယ်။ ချက်ချင်းဘဲ စစ်တွေက ရဲအရာရှိတွေနဲ့ ရဲသားတွေ ရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ ကျေးရွာသားတွေကို ခေါ်ယူပြီး တာတမံကို အတင်း ပြန်လည် ဆည်ဖို့ ရာမှာ လုပ်အားပေး စေခိုင်းခဲ့ပါတယ်” ဟု ပြောသည်။
တာတမံ ဆည်ဖို့ရာတွင် လုပ်အားပေး စေခိုင်းခံရသော ကျေးရွာများမှာ င၀စွယ်ကျေးရွာ၊ ပြိန်းချောင်းကျေးရွာ၊ လှခိုင်ကျေးရွာ၊ မင်းဖေါက်ကျေးရွာနှင့် ဆည်သုံးတန်ကျေးရွာများ ဖြစ်သည်။ အဆိုပါ ကျေးရွာများအားလုံးမှာ င၀စွယ် ချောင်းကြောတလျောက်တွင် တည်ရှိသည်။ ရဲမင်းကြီးအမိန့်ဖြင့် စစ်တွေမှာ ရဲအရာရှိ ဦးဥာဏ်ဝင်းနှင့် ရဲသားများ ရောက်ရှိလာပြီး တစ်အိမ် တစ်ယောက်ကျ မဖြစ်မနေ လုပ်အားပေးလိုက်ရမည်ဟုဆိုကာ ဆင့်ခေါ်ခဲ့သည်ဟု အမည်မဖေါ်လိုသူ င၀စွယ်ကျေးရွာသားတစ်ဦးကလည်း ယခုကဲ့သို့ပြောသည်။
“ရဲမင်းကြီး အမိန့်အရ ဆိုပြီး ရဲသားတွေက ရွာသားတွေကို ဆင့်ခေါ်ပြီး ကျိုးပေါက်သွားတဲ့ ပုဇွန်တာကို အရေးပေါ် ဆည်ဖို့ ခိုင်းပါတယ်။ ကျွန်တော်တို့ ရွာသားတွေကို တစ်အိမ် တစ်ယောက်ကျ မလာမရေ ဆိုပီး ဆင့်ခေါ်ကာ အခမဲ့ လုပ်အားပေး စေခိုင်းခဲ့တာ ဖြစ်ပါတယ်။” ရွာသားအများစုမှာ လယ်သမားများဖြစ်ကြပြီး လယ်စိုက်ပျိုးရေး လုပ်ငန်းဖြင့် မအားလပ်သဖြင့် လုပ်အားပေး မလိုက်လို ကြသော်လည်း အရေးယူခံရမည်ကို စိုးရိမ်သောကြောင့် ကျေးရွာသားများအားလုံး သွားရောက်ပြီး အဆိုပါ ဆည်ကို ဇူလှိုင်လ ၃ ရက်နေ့က ဆည်ဖို့ ပေးခဲ့ကြရဟု အဆိုပါ အရပ်သားမှ ပြောသည်။
င၀စွယ်ပုဇွန်မွေးမြူရေးတာတမံကို ၂၀၀၅-ခုနှစ် ၀န်းကျင်တွင် ဒေသခံ ကျေးရွာသားများ အားကိုး အားထား ပြုနေရသည့် ကုလားတန်ဖြစ်၏ လက်တက်တစ်ခုဖြစ်သော င၀စွယ်ချောင်းကို ပိတ်ဆည်လိုက်ကာ ရွာသားများ ပိုင်သည့် ကျွဲနွားစားကျက်မြေ ဧက (၁၃၀)ကျော်ကို သိမ်းယူပြီး တည်ဆောက်ထားသော တာတမံဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တာတမံကို ရခိုင်ပြည်၌ တာဝန် ကျသည့် ရဲမင်းကြီး အဆက်ဆက်မှ ပိုင်ဆိုင်ကြပြီး ယခုလက်ရှိ အချိန်တွင် ရဲမင်းကြီး ဘကြည် နှင့် ဒေသခံ ပုဇွန်ဒိုင်ပိုင်ရှင် ဦးကောင်းစံထွန်းတို့ ပူးပေါင်း လုပ်ကိုင်လျက်ရှိကြောင်း ရွာသားများကပြောသည်။
No comments:
Post a Comment