Tuesday, September 15, 2009

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၂၄

မင်းဟန်

(၈၄)

၁၉၈၉ ခုနှစ် မေလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ၃၇ လမ်း၊ အမှတ် ၂၄၅ ရှိ ‘ မဟာနန္ဒာ’ ပုံနှိပ်တိုက်အား စစ်ထောက်လှမ်းရေးများက ဝင်ရောက်ရှာဖွေ၏။ အမျိုးသားဒီိမိုကရေစီ အဖွဲ့ချုပ်မှ ရိုက်နှိပ်နေသည့် စာစောင်များအား ‘တရားမဝင်’ စာစောင်များဟူ၍ စစ်ထောက်လှမ်းရေးက သိမ်း၏။ ပုံနှိပ်တိုက်ကိုလည်း ‘တရားမဝင်’ စာရွက်စာတမ်းများ ရိုက်နှိပ်မှုနှင့် ချိပ်ပိတ်၏။ အဖွဲ့ချုပ်၏ စာစောင်များအား ‘တရားမဝင်’ စာစောင်များဟူ၍ အာဏာပိုင်များက သိမ်းဆည်းခြင်းအား ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လုံးဝနားမလည်နိုင်….။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ကော်မရှင်တွင် တရားဝင်မှတ်ပုံတင်ပြီး နိုင်ငံရေးအသင်းအဖွဲ့အဖြစ် ဥပဒေအတွင်း၌ ရပ်တည်နေသည့် အဖွဲ့အစည်းဖြစ်သည်။ ဤသို့သော နိုင်ငံရေးအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်း၏ နိုင်ငံရေးသဘောထား၊ မူဝါဒ၊ လုပ်ငန်းစဉ်တို့အား ပြည်သူလူထုသို့ ပုံနှိပ်ထုတ်ဝေ၍ ဖြန့်ချိကြရမည်ပင်….။

‘၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ အရလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွတ်လွတ်လပ်လပ် ထုတ်ဝေပိုင်ခွင့်ရှိသည့် နိုင်ငံရေးအဖွဲ့အစည်းတခု ဖြစ်သည်။ နိုင်ငံရေးပါတီများ ပုံနှိပ်ထုတ်ဝေခွင့်အား ထပ်၍ သီးခြားမှတ်ပုံတင်လျှောက်ရန် မလိုအပ်ဟု ….. ဒေါ်အောင်ဆန်းစုကြည် နားလည်မိ၏။

သဘာဝအရလည်း …. နိုင်ငံရေးအဖွဲ့အစည်းအဖြစ် တရားဝင်မှတ်ပုံတင်ထားပြီး တရားဝင်တည်ရှိနေသည့် နိုင်ငံရေးအဖွဲ့အစည်းများသည် ၎င်းတို့၏ မူဝါဒဖြန့်ချိရေး၊ သတင်းထုတ်ပြန်ရေး၊ သဘောထား ကြေညာရေးတို့အတွက် ပုံနှိပ်ထုတ်ဝေခြင်းအား မလွဲဧကန်လုပ်ဆောင်ကြရမည့် လုပ်ငန်းဆောင်တာသာဖြစ်၏။ မထူးဆန်း….။ လုပ်ရိုးလုပ်စဉ်ပင်…။ လုပ်ဆောင်ပိုင်ခွင့်သည်လည်း အဖွဲ့အစည်းတိုင်း၏ အခွင့်အရေးတရပ်ပင် ဖြစ်၏။

သို့သော် ….. စစ်အုပ်စုကမူ ဤသို့မဟုတ်….။ ဤသို့….မရ….။ ပုံနှိပ်ထုတ်ဝေခွင့်အား မှတ်ပုံတင်လျှောက်ရမည်။ စာပေစိစစ်ရေးက ခွင့်ပြုမှ ပုံနှိပ်ထုတ်ဝေခွင့်ရှိမည်။

စင်စစ်….။ စစ်အုပ်စုမှ နိုင်ငံရေးအဖွဲ့အစည်းများ၏ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အခွင့်အရေးမျက်နှာစာအား ပိတ်ဆို့သည့်ခြေလှမ်းအား စခြင်းပင်ဖြစ်၏။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌လည်း အဖွဲ့ချုပ်မှ ‘ကျောင်းများ ပြန်ဖွင့်ရေးနှင့် ပတ်သက်၍’ ထုတ်ပြန်သည့် ကြေညာချက် ၁၆ အား ဖြန့်ဝေမှုနှင့် ပခုက္ကူမှ ဒေါက်တာမျိုးညွှန့်အား ဖမ်း၏။

လွတ်လပ်ပြီး တရာမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးပါမည်ဟု စစ်အုပ်စုမှ အသံဟစ်နေရင်းနှင့်ပင် …. နိုင်ငံရေးအဖွဲ့အစည်းများ၏ လွတ်လပ်ခွင့်၊ အခွင့်အရေးများအား တဆင့်ပြီးတဆင့် တိုး၍ ပိတ်ပင်နေလေပြီ။

လွတ်လပ်စွာစည်းရုံးလှုံ့ဆော်ခွင့်၊ စုရုံးခွင့်၊ ဟောပြောခွင့်တို့အား အမိန့်ကြေညာချက် ၂/၈၈ ၊ ၈/၈၈ တို့နှင့် တားဆီးထားပြီး လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကိုမူ …. ‘ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ခွင့် ဥပဒေ’ နှင့် ဟန့်တားပြန်၏။

(၈၅)

၁၉၈၉ ခုနှစ် မေလ ၂၆ ရက်နေ့တွင် နဝတမှ အကြိမ် ၄ဝ မြောက် သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ပြန်၏။ ‘ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ’ ကို လိုက်နာရန် ထပ်၍ပြော၏။ မလိုက်နာပါက မည်သို့ အရေးယူမည်ဖြစ်ကြောင်းနှင့်လည်း ခြိမ်းခြောက်၏။ နဝတက အဓမ္မပင် လွတ်လပ်စွာ ရေးသားခွင့်အား တားဆီးရန် လုံ့လထုတ်၍နေလေပြီ။ နဝတ၏ ဖိနှိပ်ချုပ်ချယ်ကန့်သတ်မှုများက တရစ်ပြီးတရစ် ဆင့်၍….ဆင့်၍ ကဲလာပြီ။ ဤအတိုင်း လိုက်နာကြမည်လား….။ နာခံကြမည်လား….။ သို့မဟုတ် အံတုဆန့်ကျင်ကြမည်လား….။ ဖီဆန်ကြမည်လား….။ လားပေါင်းများစွာနှင့် အမေးတို့က ဒေါ်အောင်ဆန်းစုကြည်အား ဖြေခိုင်း၍နေလေပြီ။ ဒေါ်အောင်ဆန်းစုကြည် စဉ်းစားရလေပြီ။

“အခုဆိုရင်…. လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့်ဆိုတာ မရှိတော့ဘူး။ ဒီလို လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့် မရှိဘူးဆိုတာဟာ ….နိုင်ငံသူ၊ နိုင်ငံသားတွေကို လွတ်လပ်စွာ တွေးတောပိုင်ခွင့် မပေးချင်လို့ပဲ။ လွတ်လပ်စွာ တွေးတောပိုင်ခွင့် မရှိသူများဟာ ကျွန်များပဲ။ ကျွန်ဘဝပဲ။ ဒီတော့….ဒီအတိုင်း ကိုယ်တိုင်းပြည်ထဲနေပြီး၊ ကိုယ်လူမျိုးအကြားမှာနေပြီး ကျွန်ဖြစ်နေလို့ မဖြစ်ဘူး။ လွတ်လပ်စွာ တွေးတောပိုင်ခွင့် ရှိချင်ရင် …. လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့် ရှိရမယ်။ အခု နဝတဟာ ပုံနှိပ်ဥပဒေကို အလွဲသုံးစားလုပ်ပြီးတော့ …. နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကို လွတ်လပ်စွာ ဖြန့်ချိပိုင်ခွင့် မရှိဘူးလို့ ဆိုနေတယ်။ တားမြစ်နေတယ်။ တကယ်ဆိုရင်….. ဥပဒေအရ တရားဝင် အသင်းအဖွဲ့များဟာ လွတ်လပ်စွာ ရေးသားဖြန့်ချိပိုင်ခွင့် ရှိတယ်။ ပြီးတော့ …. သတင်းစာရှင်းလင်းပွဲမှာ နဝတက …. နိုင်ငံရေးပါတီများဟာ တရားဝင်အသင်းအဖွဲ့များ မဟုတ်ဘူးလို့ ပြောနေပြန်တယ်။ ဒါဟာ ဘယ်လိုမှ အဓိပ္ပာယ်မရှိတဲ့ စကားပဲ။ ဒီတော့…. ဒီဟာက တရားမျှတတဲ့ ဥပဒေမဟုတ်ဘူး။ အမိန့်အာဏာဆိုးတခုသာ ဖြစ်တယ်။ အမိန့်အာဏာဆိုးတခုဖြစ်လို့ ဖီဆန်ရမှာပဲ ဖြစ်တယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ဆက်ပြီး စာရွက်စာတမ်းတွေကို ပုံနှိပ်မယ်။ ထုတ်ဝေဖြန့်ချိသွားမယ်။ ပြီးရင် ….ဒီမိုကရေစီလိုလားတဲ့ ရဲဘော်ရဲဘက်များနဲ့ ပြည်သူလူထုကြီးတရပ်လုံးကို အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးမှာ ပါဝင်လာအောင် လုပ်ရမယ်” ဤသို့ပင် ဒေါ်အောင်ဆန်းစုကြည် တွေး၍ရ၏..။

ဒေါ်အောင်ဆန်းစုကြည်က …လားပေါင်းစွာသော မေးခွန်းတို့အား ဖြေရှင်းပြီးဖြစ်၏။

(၈၆)

၁၉၈၉ ခုနှစ် မေလ ၂၈ ရက်နေ့တွင် တာမွေမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ တာမွေ အဖွဲ့ဝင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ၍ ဟောပြောပွဲတခုအား ပြုလုပ်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦးဝင်းတင်၊ သာယာဝတီ (ဒေါ်) စမ်းစမ်းနွဲ့ (စာရေးဆရာမ) တို့လည်း ပါ၏။ ဦးဝင်းတင်က အမေရိကန် တွေးခေါ်ပညာရှင်၊ စာရေးဆရာ ‘ဟင်နရီဒေးဗစ်သော်ရို (၁၈၄ဝ) (Henry David Thorean) ၏ အတွေးအခေါ်များ၊ ရေးသားချက်များအား ကောက်နှုတ်၍ ဟောပြောပွဲတွင် ဆွေးနွေးသည်။ မတရားသည့် အမိန့်ဆိုးများအား ဖီဆန်ရေးအယူအဆကို ရှင်းပြ၏။ ဒေါ်အောင်ဆန်းစုကြည်မှလည်း ….. ‘မဟတ္တမဂန္ဓီကြီး’ ၏ အာဏာဖီဆန်ရေး တိုက်ပွဲအကြောင်းအား ဟောပြော၏။

တာမွေဟောပြောပွဲပြီးသည့်နောက်…. ဦးဝင်းတင်၊ ဦးဘသော် (စာရေးဆရာ မောင်သော်က) ၊ ဒေါ်မြင့်မြင့်ခင်၊ သာယာဝတီ (ဒေါ်) စမ်းစမ်းနွဲ့၊ ဦးကိုယု၊ ဦးစိုးသိမ်း (စာရေးဆရာ မောင်ဝံသ) ၊ မောင်ခက်ပန်၊ ဦးဘဂျမ်း (ကဗျာဆရာ တင်မိုး) တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပြီး ‘အာဏာဖီဆန်ရေး’ နှင့် ပတ်သက်၍ ဆွေးနွေး၏။

“ကျမတို့ဟာ မတရားတဲ့အမိန့်အာဏာများကို ဖီဆန်ရမယ်။ အာဏာဖီဆန်ရေး လှုပ်ရှားမှုကြီးတခုကို စရတော့မယ်လို့ ကျမတို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့ ဒီလိုယုံကြည်သလဲဆိုတော့ (နဝတ) အစိုးရဟာ ဘယ်လိုပဲ ‘ကြား’ နေမယ် ပြောပြော၊ ဘယ်လိုပဲ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးမယ် ပြောပြော ဒီမိုကရေစီဘက်ကို ဖိနှိပ်တဲ့၊ ချုပ်ချယ်တဲ့၊ ဟန့်တားတဲ့ အမိန့်အာဏာတွေ အမျိုးမျိုးပဲ ထုတ်နေတယ်ဆိုတာ ကျမတို့ မြင်ရပါတယ်။ ဒီလိုထုတ်နေတဲ့ အမိန့်အာဏာတွေကို ကျမတို့ မဖီဆန်နိုင်ရင်တော့ ကိုယ်လိုချင်တဲ့ အခြေအနေကို ကျမတို့ ဖန်တီးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကျမတို့အားလုံးမှာ ဒီအမိန့်အာဏာတွေကို ဖီဆန်ဖို့ တာဝန်ရှိပါတယ်။

အာဏာဖီဆန်ရေးဆိုတာကလည်း မတရားတဲ့ အမိန့်အာဏာများ ဖီဆန်ရေးဖြစ်ပါတယ်။ ဆူပူအောင်လှုံ့ဆော်ခြင်း မရှိဘဲနဲ့ အေးအေးချမ်းချမ်းနဲ့ မတရားတဲ့ အမိန့်အာဏာများကို ဖီဆန်ဖို့ ဖြစ်ပါတယ်”

အာဏာဖီဆန်ရေးလမ်းစဉ်အား အဖွဲ့ချုပ်အနေနှင့် ချမှတ်သွားရန် အားလုံးက သဘောတူကြ၏။ အာဏာဖီဆန်ရေးအတွက် ‘ကြွေးကြော်သံ’ အား ရွေးကြ၏။ အားလုံးက စာရေးဆရာများ၊ ကဗျာဆရာများ….။ ကြွေးကြော်သံက တိုတိုရှင်းရှင်းနှင့် ထိရောက်ရမည်။ အားမာန်ပါရမည်။

နောက်ဆုံး…. ဆရာမောင်သော်က….က ‘ဟင်နရီဒေးဗစ်သော်ရို’ ၏ စာကြောင်းတကြောင်းအား ထုတ်နှုတ်၍ ရွတ်ပြ၏။ မြန်မာဘာသာသို့ ပြန်လျှင်မူ …..“အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ…. ဖီဆန်ကြ” ဟူ၍ရ၏။

အားလုံးက အဖွဲ့ချုပ်၏ အာဏာဖီဆန်ရေး ကြွေးကြော်သံအဖြစ် သဘောတူကြ၏။ ဒေါ်အောင်ဆန်းစုကြည်က …. ကြွေးကြော်သံတွင် …. “အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ” နှင့် “ဖီဆန်ကြ” ဟူသည့် စာပိုဒ်အကြား၌ …“တာဝန်အရ” ဟူသည့် စာပိုဒ်အား ဖြည့်စွက်၍ ထည့်လိုသည်ဟု ဆို၏။

ဒေါ်အောင်ဆန်းစုကြည်မှ “တာဝန်အရ” ဟူသည့် စာပိုဒ်အား ထပ်ဖြည့်လိုက်သည့်အတွက် “ ကြွေးကြော်သံ” က ပို၍ လေးနက်သွားသည်။ အဓိပ္ပာယ် ပိုမို၍ပြည့်စုံသွား၏။

“အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှ၊ တာဝန်အရ ….ဖီဆန်ကြ”

(၈၇)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးတွင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းတင်က ‘အာဏာဖီဆန်ရေး’ လမ်းစဉ်အား တင်သွင်း၏။ ဆွေးနွေး၏။ ဒေါ်အောင်ဆန်းစုကြည်ကမူ သူမ၏ သဘောထားအား မဆွေးနွေးသေး….။ အားလုံး၏ သဘောထားအား စောင့်၍ နားထောင်လိုသေး၏။ ဗဟိုအလုပ်အမှုဆောင် လူကြီးများက …. အာဏာဖီဆန်ရေးတိုက်ပွဲအတွက် အဖွဲ့ချုပ်အနေဖြင့် အဆင်သင့်ဖြစ်ရဲ့လား….။ မြန်မာ့လူ့အဖွဲ့အစည်း၊ မြန်မာလူမျိုး၏ စိတ်ဓာတ်နှင့် အကြမ်းမဖက်သည့် နှလုံးရည်တိုက်ပွဲ၏ ‘အာဏာဖီဆန်ရေး’ လမ်းစဉ်နှင့် သင့်တော်ပါ၏လား…။ မြန်မာတို့က သွေးဆူလွယ်၏။ ချင့်ချိန်၍နေကြသည်။

အာဏာဖီဆန်ရေး တိုက်ပွဲလမ်းစဉ်ဟူသည်က မြန်မာ့နိုင်ငံရေး သမိုင်းစဉ်အတွင်း အသစ်အဆန်း လမ်းစဉ်ဟူ၍ကား မဟုတ်….။ လွန်ခဲ့သည့် နှစ်ပေါင်း ၆ဝ ကျော် …. မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု တိုက်ပွဲအတွင်း၌လည်း ဖဆပလသည် ချမှတ်ခဲ့ပြီး၊ တိုက်ပွဲဆင်ခဲ့ဖူး၏။

ထိုစဉ်ကလည်း ယခုကဲ့သို့ပင်….။

၁၉၄၆ ခုနှစ် …. နိုဝင်ဘာလ….။

အမှတ် ၂၅ ၊ တာဝါလိမ်လမ်းနေအိမ်၌ ဖဆပလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အစည်းအဝေးအား ကျင်းပနေ၏။

“သခင်နုသည် ဖဆပလ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ အဆိုတရပ်တင်၍ ဆွေးနွေးသည်။ ဗြိတိသျှအစိုးရအနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ လန်ဒန်ရှိ လေဘာအစိုးရက ကြေညာပေးရန်။ ဗြိတိသျှအစိုးရမှ မကြေညာပေးပါက ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အစိုးရအဖွဲ့မှ ဖဆပလ ကိုယ်စားလှယ်များ နုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေးတိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းမှ ထောက်ခံသည်။ လက်ယာနိုင်ငံရေးသမားကြီးများဖြစ်သည့် ဦးဘဖေတို့မှ ကန့်ကွက်၏။ ကျန်သူများမှာမူ မည်သည့်သဘောထားမှ မပေးသေး။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း သူတို့ ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ဤသို့နှင့် အစည်းအဝေးသည် ညဥ့်နက်သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချနိုင်ခဲ့။

ဒုတိယည ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

‘လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလိုဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပြတ်သွားမယ်။ ဒီလွတ်လပ်ရေး ပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မတိုင်မီ ကြေညာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေညာရင် ကျနော်တို့က ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲ့ဒါမပါရင် ကျနော့်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထည့်တဲ့ ခြင်းထဲကို စုတ်ပစ်ပြီး ထည့်ချင်ထည့်ထားလိုက်လိမ့်မယ်။ အဲ့ဒါကြောင့် ဗြိတိသျှအစိုးရက မကြေညာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာဖီဆန်တယ်ဆိုတာ မလုပ်ရင်မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်းနဲ့ အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေဟာ သိပ်စိတ်ဆတ်တယ်။ အနုနည်းနဲ့ ဘယ်လောက်အထိ အာဏာဖီဆန်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ မဟတ္တမဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့လူတွေက ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်း ရပ်ပစ်ရမှာပဲ’

ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးနောက် ဖဆပလ အလုပ်အမှုဆောင်အဖွဲ့မှ အာဏာဖီဆန်ရေး အဆိုအား မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။

ယခုလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင် အစည်းအဝေးတွင် ‘အာဏာဖီဆန်ရေး နှလုံးရည်တိုက်ပွဲ’ လမ်းစဉ်အား ဆွေးနွေး၍နေကြ၏။

ဒေါ်အောင်ဆန်းစုကြည်က ဦးဝင်းတင်၏ အဆိုနှင့်ပတ်သက်၍ ဆွေးနွေး၏။

“တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ မထုတ်ပြန်ရင် ကျမတို့ ဘယ်အမိန့်အာဏာမှလည်း ကျမတို့ ဖီဆန်ဖို့လိုမှာ မဟုတ်ဘူး။ အခုအချိန်မှာတော့ တရားဥပဒေနဲ့ မကိုက်ညီတဲ့ အမိန့်အာဏာတွေ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ထိုးနှက်နေတဲ့ အမိန့်အာဏာတွေ ထုတ်ထားလို့ ကျမတို့မှာ ဖီဆန်ဖို့တာဝန် ရှိတယ်။ ဒီတာဝန်ကို မကျေပွန်လို့ရှိရင်တော့ ကျမတို့ ဆက်ပြီးတော့ တတ်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီအောင်ပန်းကို ဆက်ပြီးတော့ ကျမတို့ ပန်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာဖီဆန်ရေးဆိုတာဟာ စည်းကမ်းရှိရှိနဲ့ အေးအေးချမ်းချမ်း အာဏာဖီဆန်ရေးဆိုတာ ကျမတို့ ပြည်သူလူထု နားလည်ဖို့ လိုပါတယ်။ တချို့ဆိုရင် ဖီဆန်တယ်ဆိုတဲ့ စကားလုံးကိုပဲ နည်းနည်းလန့်နေတယ်လို့ ကျမထင်တယ်။ ဒါဟာ ကြောက်စရာ မဟုတ်ပါဘူး။ ဖီဆန်တယ်ဆိုတာ လက်မခံခြင်းကို ပြောတာပါ။ မလိုက်နာခြင်း၊ လက်မခံခြင်း၊ ကျမတို့ အေးအေးချမ်းချမ်း စည်းကမ်းရှိရှိနဲ့ မတရားတဲ့ အမိန့်အာဏာတွေကို မလိုက်နာဘူးဆိုတာကို ပြရမယ်။ အာဏာဖီဆန်တယ်ဆိုတာဟာ ဆန္ဒပြတာနဲ့ မတူပါဘူး။ စီတန်းလမ်းလျှောက်တာနဲ့လည်း မတူပါဘူး။ ကျမတို့ အာဏာကို နည်းအမျိုးမျိုးနဲ့ ဖီဆန်နိုင်ပါတယ်။ ဥပမာအားဖြင့်ဆိုလို့ရှိရင် ပုံနှိပ်ထုတ်ဝေပိုင်ခွင့်မပေးတဲ့ မတရားတဲ့ အမိန့်အာဏာကို ကျမတို့ ဖီဆန်တယ်။ ဘယ်လိုနည်းနဲ့ ဖီဆန်သလဲ။ စာရွက်စာတမ်းတွေ ကျမတို့ပုံနှိပ်တယ်။ ထုတ်ဝေတယ်။ ပြည်သူလူထုအနေနဲ့ ဒီစာရွက်စာတမ်းေးတွကို လိုလိုချင်ချင်ဖတ်တယ်။ တဆင့်ထပ်ပြီးတော့ ထုတ်ဝေပေးတယ်။ ဖြန့်ချိပေးတယ်ဆိုရင် ဒါ ကျမတို့အားလုံး အာဏာကို ဖီဆန်နေတာပဲ။ ကျမတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးအတွက် ဖီဆန်နေတာ ဖြစ်ပါတယ်။ ဒီတော့ စည်းကမ်းရှိရှိနဲ့ အမိန့်အာဏာကို ဖီဆန်နိုင်တဲ့ ပြည်သူလူထု ဖြစ်ဖို့တော့ ကျမတို့ ထိန်းရပါမယ်”


No comments: