Sunday, September 13, 2009

အယူခံကို မိုးအဆုံး မြေအဆုံး လိုက်ကြစို့


အယူခံဝင်တယ်လို့ ပြောလိုက်တာနဲ့ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မိတ်ဆွေ အပေါင်းအသင်းတွေက ဒါဟာ ရန်သူ့ဆီမှာ အညံ့ခံတာပဲလို့ ထင်မြင်တတ်ကြပါတယ်။

ဘာကြောင့် ဒီလိုအယူအဆတွေ ပေါ်ပေါက်လာခဲ့ရသလဲဆိုရင် နိုင်ငံရေးပြစ်မှုနဲ့ ဖမ်းဆီး ထားခံခဲ့ရသူတွေကို စစ်ကြောရေးမှာ လနဲ့ချီပြီး (တချို့ နှစ်နဲ့ ချီပါတယ်၊) စစ်ဆေးမေးမြန်းတာ ခံခဲ့ကြရပါတယ်။

အဲဒီလိုနှိပ်စက်ညှဉ်းပမ်းပြီး ရရှိလာတဲ့ စစ်ကြောရေးထွက်ချက် တခုတည်းနဲ့ စစ်ခုံရုံး၊ အထူးခုံရုံးဆိုပြီး အကျဉ်းထောင်အတွင်းမှာ စစ်ဆေးချင်ယောင်ဆောင်တဲ့ တရားရုံးတွေမှာသာ တရားစီရင်တာ ကြုံခဲ့ရတာကြောင့် ဖြစ်ပါတယ်။

အဲဒီလို စစ်ကြောရေးမှာ နည်းမျိုးစုံနဲ့ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး၊ စစ်မေးထားချက်တွေကို စွဲကိုင်ကာ စစ်ယူနီဖောင်းဝတ်ထားတဲ့ တရားသူကြီးဆိုသူတွေရှေ့မှာ ဝန်ခံခိုင်းခဲ့ပါတယ်။ ဘယ်သူမှ အဲဒီတရားသူကြီးတွေရှေ့မှာ ဝန်မခံကြပါဘူး။ ဒီတော့မှ အမှုစစ်အရာရှိဆိုသူတွေက ချော့မြှူကာ၊ ဝန်ခံလိုက်ရင် လျှော့ပေးမယ်ဆိုပြီး မြှူဆွယ်စွဲဆောင်ခဲ့ကြပါတယ်။ စစ်ကြောရေးမှာတုန်းက ရက်ရက်စက်စက် လုပ်ခဲ့သူတွေဟာ အခုတရားရုံးရှေ့မှာမှ သဘောကောင်းပြနေတာကိုက မရိုးသားမှန်း သိသာနေတဲ့အတွက် ဘယ်သူမှ ဝန်မခံကြပါဘူး။

ဒါကြောင့် ဘာမှစစ်ဆေးမေးမြန်းမနေဘဲ အမိန့်ချချင်သလို ချလိုက်ပြီး၊ နောက်တနေ့မှ ထောင်ဝန်ထမ်းတွေတဆင့် အယူခံဝင်မလားလို့ လာမေးခိုင်းတာမျိုးတွေနဲ့သာ ကြုံဆုံဖူးခဲ့ရတာ များပါတယ်။

တရားရုံးရှေ့မှာ အမှုတောင် အစအဆုံး တခါမှမစစ်ခဲ့ဘဲနဲ့ အယူခံဝင်မလားလို့ လာပြီး သဘောကောင်းပြနေတာဟာ အညံ့ခံခိုင်းတာ သက်သက်ဖြစ်တယ်လို့ အားလုံးက ယုံကြည်နေခဲ့ကြပါတယ်။

ပိုဆိုးတာက လွတ်လပ်တဲ့ရှေ့နေ ငှားရမ်းခုခံခွင့်လည်းမရတော့ မူလအမှုမှာ ဥပဒေနဲ့မညီ ပြုမူထားတာတွေကို ထောက်ပြခုခံမှု မပြုနိုင်ခဲ့တာကြောင့် အယူခံဝင်နေလည်း နိုင်ဖို့ရာ အကြောင်းမရှိနိုင်ဘူးပေါ့။

တကယ်တော့ စစ်ကြောရေးတွေမှာ ခြိမ်းခြောက်တာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ ဖြားယောင်းတာတွေကြောင့် ထွက်ဆိုခဲ့ရတာတွေဟာ တရားရုံးမှာ သက်သေခံမဖြစ်ပါဘူး။ အဲဒီထွက်ချက်တွေပေါ် အခြေခံပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာတွေဟာ ဥပဒေနဲ့ လုံးဝမညီကြောင်းကို ခုခံချေပခွင့်လည်း ဘယ်သူမှ မရခဲ့ကြပါဘူး။

အမှန်တကယ်ကတော့ အယူခံမှုဆိုတာ ဒုတိယစစ်ဆေးစီရင်ခြင်း မဟုတ်ဘဲ၊ မူလအမှုကို ဆက်လက်ဆောင်ရွက်ခြင်းသာ ဖြစ်ပါတယ်။

အယူခံဆိုတာ အဆင့်နိမ့်တရားရုံး တရုံးရုံးက ချမှတ်ထားတဲ့ အမိန့်တစုံတရာဟာ တရားဥပဒေနဲ့ မညီတဲ့အကြောင်း အဆင့်မြင့်တရားရုံးကို အရေးဆိုလွှာ တင်သွင်းခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် မာရီယမ်အွန်လိုင်း အဘိဓာန်ဖြစ်တဲ့ Merriam-Webster Dictionary မှာတော့ (a legal proceeding by which a case is brought before a higher court for review of the decision of a lower court.) အောက်အဆင့်နိမ့်ရုံးက ဆုံးဖြတ်ချက်တွေကို အဆင့်မြင့်ရုံးရှေ့မှာ ပြန်လည်ကြားနာသုံးသပ်ပေးဖို့ အမှုခေါ်ထားတဲ့ တရားစီရင်နေတဲ့အဆင့်ကို အယူခံအမှုလို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။

အယူခံမှုမှာ ဥပဒေပြဿနာ (Law issue) အပြင်၊ အကြောင်းခြင်းရာပြဿနာ (Fact issue) တွေကိုပါ ထောက်ပြပြီး အယူခံအကြောင်းပြချက်တွေကို ခိုင်မာအောင် သက်သေပြရမှာ ဖြစ်ပါတယ်။

မူလရုံးရဲ့ ကောက်ယူသုံးသပ်ချက်တွေဟာ ဥပဒေအရ မှားယွင်းနေကြောင်းကို အကိုးအကားစုံလင်စွာနဲ့ တင်ပြရမယ့်တာဝန်ဟာ အယူခံတရားလိုမှာ တာဝန်ရှိပါတယ်။

အယူခံအမူမှာ အယူခံတင်သွင်းသူက တရားလိုဖြစ်သွားပြီး မူလရုံးတရားလိုက အယူခံတရားခံ ပြန်ဖြစ်သွားပါတယ်။

အယူခံအခွင့်အရေးဟာ နိုင်ငံတိုင်းလိုလိုမှာတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပြဋ္ဌာန်းပေးထားတဲ့ နိုင်ငံသားတိုင်းရတဲ့ မွေးရာပါအခွင့်အရေး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း လွတ်လပ်ရေးရပြီးကတည်းက အခြေခံဥပဒေနဲ့ အုပ်ချုပ်ခဲ့လို့ အယူခံအခွင့်အရေးဆိုတာ အခြေခံဥပဒေကပေးတဲ့ အခွင့်အရေး ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ပုဒ်မ ၁ဝ၁ (ဆ) မှာ အမှုများမှာ ခုခံချေပခွင့်နဲ့ ဥပဒေအရ အယူခံခွင့်ပေးခြင်းဆိုတဲ့ တရားစီရင်ရေးမူ ၈ ချက်ထဲက တချက်အဖြစ် ပါဝင်တယ်ဆိုတာကို တွေ့ရမှာပါ။

ဒါပေမဲ့ အခြေခံဥပဒေ မရှိတော့ပါဘူး။ အဲဒီအခြေခံဥပဒေကို အာဏာသိမ်းအစိုးရဖြစ်တဲ့ နဝတ က မလေးမစား ဖျက်သိမ်းလိုက်ပါပြီဆိုတဲ့အကြောင်းကို တရားသူကြီးချုပ်က ၁၉၉၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ သက်သေပြခဲ့ပါတယ်။

လွတ်လပ်စွာ တရားစီရင်ရေးအခြေခံမူ ပေကျင်းကြေညာချက် (Beijing Statement of Principles of the Independence of the Judiciary) ကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ အာရှ၊ ပစိဖိတ်နိုင်ငံ ၃၂ နိုင်ငံလုံး လက်မှတ်ရေးထိုးပွဲမှာ တရားသူကြီးချုပ် ဦးအောင်တိုး ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီလို လက်မှတ်ရေးထိုးပြီး နောက် ၃ နှစ်ကြာမှ ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်းဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ မရှိတော့ပါဘူးလို့ တရားသူကြီးချုပ်ကိုယ်တိုင် ဝန်ခံလိုက်ခြင်းသာ ဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပုဒ်မ ၁ဝ၁ မှာပါဝင်တဲ့ တရားစီရင်ရေးမူ ၈ ချက်ကို ၂ဝဝဝ ပြည့်နှစ် တရားစီရင်ရေးမူ ၇ ချက်ဆိုပြီး ဆိုရှယ်လစ်စနစ်ကို ကာကွယ်စောင့်ရှောက်ခြင်းဆိုတဲ့ တချက်ပဲ ထုတ်ပယ်လိုက်ပြီး ကျန် ၇ ချက်အတိုင်း ပြန်လည်ပြဋ္ဌာန်းလိုက်ရတာက ရှိပြီးသားဆိုရင် ထပ်မံပြဋ္ဌာန်းစရာ မလိုပါဘူးပေါ့။

အဲဒီအခြေခံဥပဒေ အသက်မရှိတော့ဘူးဆိုတဲ့ ဥပဒေရေးရာ ပြဿနာနဲ့ အောက်ရုံး ခရိုင်တရားသူကြီးတွေရဲ့ အမိန့်ဟာ မှားယွင်းကြောင်း သက်သေပြရန်တာဝန် (Burden of proof) အရ သက်သေပြရခြင်း ဖြစ်ပါတယ်။

အကြောင်းခြင်းရာ ပြဿနာမှာလည်း ကျန်းမာရေးမကောင်းလို့ ညအိပ်ခွင့်တောင်းခဲ့သူ မစ္စတာဂျွန်ဝီလျံယက်တောဟာ မေလ ၅ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည်အိမ်က ပြန်လည်ထွက်ခွာသွားခဲ့တယ် ဆိုပေမယ့်၊ မေလ ၆ ရက်နေ့ မနက် ၅ နာရီ ၃ဝ မှာမှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့ အရမ်းကိုဝေးတဲ့ ယခု အိုင်ဘီစီခေါ် (International Business Centre) ဘေး၊ ယခင် ကန်သာယာဆေးရုံရှေ့မှာ ၅ လီတာဝင် ရေသန့်ဘူး ၂ လုံးကိုပိုက်ပြီး ရေကူးနေတာကို ရဲဒုတပ်ကြပ်မျိုးလွင်က တွေ့ပြီး ကုန်းပေါ်ဆွဲတင်ခဲ့တယ်လို့ တရားလိုပြသက်သေ ရဲအုပ်သန်းနိုင်က ထွက်ဆိုခဲ့ပါတယ်။

အမှုအတွင်း အောက်ရုံးတရားသူကြီးတွေက မစ္စတာယက်တောကို အခင်းဖြစ်နေရာကို လိုက်လံပြသခိုင်းတုန်းက အဲဒီလို ၆ နာရီနီးပါးကြာအောင် ရေကူးခဲ့တာ ဟုတ်၊ မဟုတ် စမ်းသပ်ရေကူးခိုင်းခဲ့ခြင်းမျိုး မလုပ်ခဲ့ပါဘူး။

အင်းယားကန်ဆိုတာ ရေမှော်ဒိုက်တွေထူပိန်းနေတဲ့ ရေသေရေကန်တခုဖြစ်တာကြောင့် အဲဒီကန်ထဲမှာ ရေသန့်ဘူးပိုက်ပြီး ရေကူးမယ်ဆိုရင် ခွေးကူးသာကူးလို့ရမှာ ဖြစ်တယ်။ တကယ်လို့ ခွေးကူးသာကူးခဲ့ပါက ခြေထောက် ၂ ချောင်းမှာ ရေမှော်ဒိုက်တွေနဲ့ ငြိပြီး အလောင်းပါ ၃ ရက်လောက်ပျောက်နေတတ်တဲ့ ကန်ကြီးတခုပါ။

ဒါကြောင့် ရေကူးဝင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘဲ လမ်းလျှောက်ဝင်ခဲ့တယ်လို့ အငြင်းပွားစရာ ပြဿနာ ပေါ်ပေါက်နေပါတယ်။ လမ်းလျှောက်ဝင်ခဲ့တယ်ဆိုပါက လုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်း၊ ထောက်လှမ်းရေး ဝန်ထမ်းတွေမှာသာ တာဝန်ရှိရမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်းခြင်းရာ ပြဿနာတွေကို ပိုင်ပိုင်နိုင်နိုင် တင်ပြခွင့်ဟာ အယူခံမှုမှာမှ တရားဝင် ပြောကြားခွင့် ရတာပါ။

အဆင့်ဆင့် အယူခံလျှောက်လွှာ တင်သွင်းနိုင်တဲ့ အခွင့်အရေးက အခု တိုင်းတရားရုံးအပြင် အောက်မြန်မာပြည် တရားရုံးချုပ် (ရန်ကုန်)နဲ့ တရားရုံးချုပ် (နေပြည်တော်)ထိ နောက်ထပ် အယူခံရုံး ၂ ရုံး ကျန်နေသေးပါတယ်။

ကမ္ဘာက စောင့်ကြည့်နေတဲ့ လူထုခေါင်းဆောင်တယောက်ရဲ့ အမှုဖြစ်တာကတကြောင်း၊ မြန်မြန်ဆန်ဆန်ပြီးအောင် စစ်ချင်တဲ့ စီမံချက်ဆိုတာတွေကြောင့်တကြောင်းမို့သာ ဒီလိုတရားရုံးချုပ်တက်လိုက်၊ အယူခံဝင်လိုက်ဆိုတာ ၄လ ကျော်အတွင်းမှာ ပြီးစီးသွားနိုင်တာပါ။ သာမန်အမှုတွေမှာဆိုရင် မြို့နယ်ရုံးကနေ ခရိုင်တရားရုံးလောက် ရောက်ဖို့တောင် အနည်းဆုံး တနှစ်ကျော်ကြာမယ့် အမှုမျိုးဖြစ်ပါတယ်။

အင်္ဂလိပ် ကိုလိုနီခေတ်က မြန်မာတွေ အမွေမှု (တရားမ) တွေ ဖြစ်ကြပြီဆိုရင် မြန်မာပြည်မှာရှိတဲ့ အမြင့်ဆုံးတရားရုံးတွေအထိ ကုန်အောင် အယူခံမှုတွေတင်တဲ့အပြင်၊ အင်္ဂလန်မှာရှိတဲ့ ပရီဗွီကောင်စီအထိပါ အယူခံဝင်လေ့ ရှိကြပါတယ်။

အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိုလည်း မိုးအဆုံး၊ မြေအဆုံး လိုက်ကြရမယ်။ တရားစီရင်ရေးစနစ်ကြီးက မမျှတဘူး၊ မကောင်းဘူးလို့ ပြောချင်ရင်၊ အဲဒီတရားစီရင်ရေး အဆင့်ဆင့်ကို အားလုံးဖြတ်ကျော်ခဲ့ပြီးကာမှ တရားစီရင်ရေးစနစ်ကြီးတခုလုံး မကောင်းဘူးလို့ ပြောနိုင်အောင် အားထုတ်ကြရပါမယ်။ ဒါမှ ကမ္ဘာက နအဖ စစ်အစိုးရ လက်အောက်က မြန်မာ့တရားရေးစနစ်ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာကြမှာ ဖြစ်ပါတယ်။

နောက်ဆုံး အောက်ရုံးတရားသူကြီးတွေရဲ့ ပညာမပြည့်ဝမှုကြောင့် လက်လွန်ခြေလွန် ဖြစ်သွားရပါတယ်ဆိုခဲ့ရင်၊ အထက်တရားရုံးတော်တွေကလည်း ဘယ်လိုဘယ်ပုံရှိမလဲ။ အယူခံဝင်ပြီး စောင့်ကြည့်ကြပါစို့။ ။

No comments: