Friday, September 11, 2009
မြန်မာ့တရားစီရင်ရေး စနစ်ကို မေးခွန်းထုတ်ခြင်း
တရားစီရင်ရေးမှာ အကျုံးဝင်တဲ့ တရားသူကြီးတွေ၊ ဥပဒေဝန်ထမ်းတွေ၊ ရှေ့နေရှေ့ရပ်တွေ၊ တရားစွဲဆိုသူတွေ၊ ဆွဲချတွေဟာ အမှန်တရားပေါ်ပေါက်ရေး၊ တရားမျှတစွာ စီရင်နိုင်ရေး (Administration of Justice) မှာ အဓိကတာဝန်ရှိသူတွေ ဖြစ်ကြပါတယ်။
အဲဒီတာဝန်ရှိသူတွေဟာ မိမိတို့ရဲ့ ပေါ့လျော့မှု (Neglience)၊ လုပ်ငန်းမကျွမ်းကျင်မှု (Inefficiency)၊ မရိုးသားမှုတို့အပြင် ဆန္ဒ၊ ဒေါသ၊ မောဟ၊ ဗျာပါဒ စတဲ့ အဂတိတရားလေးပါးကြောင့် အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူတဦး အမှုက လွတ်မြောက်သွားခဲ့ရင် တရားမျှတမှု သားလျှောပျက်ကျခြင်း (Miscarriage of Justice) ကို ဖြစ်ပေါ်စေပါတယ်။ အပြစ်မဲ့သူတွေ ပြစ်ဒဏ်ခံနေရရင်လည်း တရားရေး သားလျှောပျက်ကျပါတယ်။ တရားစွဲဆိုတယ်ဆိုတာ ရဲစခန်းမှာ တိုင်ချက်ရေးဖွင့် တိုင်ကြားတာ၊ တရားရုံးမှာတိုင် လျှောက်လွှာတင်သွင်းတာ၊ တရားရုံးကိုယ်တိုင်က တရားလိုလုပ် အရေးယူတာရယ်လို့ ၃မျိုး ရှိပါတယ်။
တရားစွဲဆိုခြင်းရဲ့ အဓိက ရည်ရွယ်ချက်က စွပ်စွဲခံရသူအပေါ် အပြစ်ရရှိစေဖို့ သက်သက်မျှသာမဟုတ်ဘဲ၊ တရားမျှတမှု ပေါ်ပေါက်စေဖို့လည်း ရည်ရွယ်ရပါတယ်။ တရားရုံးတို့ရဲ့ စီရင်ပိုင်ခွင့်ကို တရားဥပဒေက အပ်နှင်းခဲ့လို့သာ စီရင်ပိုင်ခွင့်ရနေတာ ဖြစ်ပါတယ်။ အဲဒီဥပဒေကိုကျော်ပြီး မိမိသဘောအတိုင်း စီရင်ပိုင်ခွင့်ကို ဖန်တီးနိုင်တာ မဟုတ်ပါဘူး။ အလားတူ မူလအမှုစစ်ရုံးရဲ့ စီရင်အမိန့်ချမှတ်ချက်ကို အယူခံခွင့်ဆိုတာကလည်း ဥပဒေက ဖန်တီးမှသာ ဖြစ်ပေါ်လာတဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။
ဥပဒေဆိုတာ နိုင်ငံသားတိုင်း လိုက်နာကြဖို့ဆိုရင် အဲဒီနိုင်ငံသားတွေထဲမှာ ပါဝင်နေတဲ့ အုပ်ချုပ်သူနဲ့ တရားစီရင်သူတွေပါ လိုက်နာကြရမှာပါပဲ။
တရားဥပဒေတွေ ပြဋ္ဌာန်းကြရခြင်းရဲ့ မူရင်းရည်ရွယ်ချက်တွေက အပြစ်ကင်းမဲ့သူတို့ကို အကာအကွယ်ပေးဖို့နဲ့ အပြစ်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့လောက်မျှ မဟုတ်ပါ။ တရားဆွဲဆိုခံရသူများရဲ့ ဂုဏ်သိက္ခာ ကျဆင်းစေမှု အပိုင်းကိုလည်း ထည့်သွင်းမစဉ်းစားရင် ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ တရားစီရင်ရေးစနစ် ဖြစ်သွားမှာပေါ့။
တရားစီရင်ရာမှာ အမှန်ကိုဆုံးဖြတ်ပေးရုံနဲ့ မပြီးပါဘူး။ အမှန်ဆုံးဖြတ်ကြောင်းကို အများပြည်သူ မြင်စေရာသည်ဆိုတဲ့ ယခင်တရားစီရင်ထုံး (Ruling) တွေအတိုင်း အများပြည်သူမြင်သာအောင် ဆုံးဖြတ်လုပ်ဆောင်ပေးရမှာ ပါမယ်။
တရားစီရင်ထုံးတွေ ပေါ်ပေါက်လာတာဟာ ရှေ့နေနဲ့ ပညာရှိတရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေ လုံ့လတွေကြောင့်ဖြစ်တယ်။ ဒါတွေကို နောင်လာနောင်သား တရားသူကြီးတွေက ဆက်လက် လိုက်နာကျင့်သုံးကြရတာကြောင့် တရားသူကြီးက ဥပဒေပြုတာ (Judge made law) လို့တောင် တင်စားပြောဆိုနေကြရပါတယ်။
အဲဒီ့ ဥပဒေစနစ်အတိုင်း လက်ခံကျင့်သုံးနေတဲ့ မြန်မာပြည်မှာ ရှိရင်းစွဲ စီရင်ထုံးတွေကို ကြပ်မတ်ထိန်းသိမ်းဖို့နဲ့၊ မလိုလားအပ်တဲ့ တရားလက်လွတ် စီရင်ထုံးအသစ်တွေ ပေါ်ထွက်မလာစေဖို့အတွက် လက်ရှိအမြင့်ဆုံး တရားရုံးမှာ အများကြီး တာဝန်ရှိပါတယ်။
တရားရုံးပြင်ပ တကယ့်အခြေအနေမှာ တကမ္ဘာလုံးသိကြပြီးတဲ့အတိုင်း အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူ အမေရိကန်နိုင်ငံသား ယတ်တောကိုတော့ လွတ်မြောက်စေပြီး၊ မပြီးပြတ်သေးတဲ့ မူလအမှုနဲ့ ကျန်တဲ့သူတွေက အယူခံဆက်လက်ဝင်ရောက်နေရတယ်။ ဒီဖြစ်ရပ်ဟာ တရားရေးစနစ်အတွက် အဓိပ္ပာယ်မဲ့ပြီး၊ တရားရုံးတွေကို ဂုဏ်သိက္ခာ လုံးဝညှိုးနွမ်းစေပါတယ်။
မူရင်း ပြစ်မှုကျုးလွန်သူကို လွတ်မြောက်စေပြီးနောက်မှ၊ ပြည်တွင်းက အပြစ်မဲ့သူတွေကို ပြစ်ဒဏ်ကိုထပ်ပြီး အတည်ပြုဦးမယ်ဆိုရင်၊ နောင်တချိန်မှာ ဒီလိုဆုံးဖြတ်ခဲ့တဲ့ စီရင်ထုံးကို အသုံးပြုပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ နီးစပ်သူတွေက လူသတ်ချင်တိုင်းသတ်မယ်။ ပြီးရင် အခုအမှုစီရင်ထုံးကို အသုံးပြုပြီး လွတ်မြောက်သွားကြဦးမယ်။ မလွတ်မြောက်ခင်မှာ သူမကျေနပ်တဲ့သူ တယောက်ကိုပါ သူလည်းပါတယ်ဆိုပြီး ပူးတွဲတရားခံဖြစ်အောင် လက်ညှိုးထိုး ဒုက္ခပေးခဲ့မယ်။
ဒါကြောင့် အခုလို မိုက်မဲတဲ့ တရားရုံးဆုံးဖြတ်ချက်က ဆိုးရွားလွန်းတဲ့ ဖြစ်ရပ်တွေ အထပ်ထပ် ပေါ်ထွက်လာအောင် နိုင်ငံအတွင်း လှုံ့ဆော်ပေးသူအဖြစ်နဲ့ တရားစီရင်ရေး သမိုင်းတရားခံ ဖြစ်သွားနိုင်ပါတယ်။
အမှုတခုကို စီရင်ဆုံးဖြတ်တဲ့နေရာမှာ တရားသူကြီးတွေဟာ ကိုယ်တိုင်ပြင်ပ အသိနဲ့ မဆုံးဖြတ်ရဘူး၊ ရုံးရှေ့သက်သေခံချက်တွေအတိုင်းသာ ဆုံးဖြတ်ရမယ်ဆိုပေမယ့် စက်ယန္တရားလည်ပတ်သလို၊ သိပ္ပံပုံသေနည်းတွေလို တရားသေ၊ လှေနံဓားထစ် လုပ်ဆောင်ရမှာ မဟုတ်ပါဘူး။ ဆင်ခြင်တုံတရားကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးရမှာ ဖြစ်ပါတယ်။
အမြင့်ဆုံး တရားရုံးမှာ အယူခံမှု၊ ပြင်ဆင်မှုတွေရောက်တဲ့အထိ အပြစ်ကင်းသူလို့ ကနဦးကပင် မှတ်ယူရမယ်ဆိုတဲ့ ဥပဒေသဘောတရားကိုလည်း တရားသူကြီးတွေ မေ့နေကြပြီလို့ မထင်ပါဘူး။
အောက်ရုံးတရားသူကြီးတွေရဲ့ အသိဥာဏ်နုံနဲမှုကို အထက်အဆင့်မြင့်တရားရုံးများက ရွှေစစ်လျှင် ငရဲမီး အစားခံနိုင်သကဲ့သို့ (Acid test) အစမ်းသပ်ခံနိုင်တဲ့အမိန့်တွေ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးရမှာပါ။
ဥပဒေအတိုင်း စီရင်ဆုံးဖြတ်မယ်ဆိုရင်လည်း ၁၉၇၄ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ (၁) အရ လွတ်လပ်သော ဆိုရှယ်လစ် နိုင်ငံတော်ကပဲ အချုပ်အခြာ အာဏာပိုင်ဖြစ်တာကြောင့်မို့ အဲဒီဥပဒေနဲ့ အရေးယူခဲ့တယ်။ ဒါပေမဲ့ တရားသူကြီးမင်းများအပါအဝင် ဒီကနေ့ ပြည်သူလူထုဟာ ဆိုရှယ်လစ် အချုပ်အခြာအာဏာပိုင် မဟုတ်တော့ပါဘဲနဲ့ ၁၉၇၄ အခြေခံ ဥပဒေ အသက်ဝင်နေသေးတယ်ဆိုပြီး ယူသုံးတာဟာ အများရယ်စရာပါ။
၂ဝဝ၈ အခြေခံဥပဒေရယ်လို့ တဖက်သတ်ပြဋ္ဌာန်းပြီး၊ ၁၉၇၄ အခြေခံဥပဒေကိုယူသုံး တရားစီရင်ခြင်းအားဖြင့် ပထမဦးဆုံးအချိန်တိုတိုအတွင်း အခြေခံဥပဒေသစ်ကို ချိုးဖောက်ပြသူများကတော့ ယနေ့အာဏာပိုင်များနဲ့ တရားသူကြီးမင်းများပါပဲ။
ပိုဆိုးတာက တရားစီရင်ရေးအာဏာနဲ့ ဥပဒေပြုရေးအာဏာကို ဖျက်သိမ်းပစ်ခဲ့တာဟာ အဲဒီ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၁၉၄ (က) မှာ ပြဋ္ဌာန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ၇၅ ရာခိုင်နှုန်းက ထောက်ခံပြီးနောက် မဲပေးခွင့်ရှိသူ ၅ဝ ရာခိုင်နှုန်းကျော်ရဲ့ ပြည်သူ့ဆန္ဒခံယူကာ၊ အဲဒီထောက်ခံမှုရမှ အခြေခံဥပဒေကို ပြင်ဆင်နိုင်သည် ဆိုတဲ့ ပြဋ္ဌာန်းချက်တွေကို မလေးစားမလိုက်နာခဲ့ကြတာပါ။
၂ဝဝ၈ ခုနှစ်မှာ ရေးဆွဲပြီးဆုံးခဲ့ပြီဆိုတဲ့ အခြေခံဥပဒေကိုလည်း နောင်တချိန်မှာ သူတို့လို ဥပဒေကို မလေးစားတဲ့သူတွေက အာဏာသိမ်းပြီး ကြိုက်တာလုပ်လို့ရအောင် လမ်းပြပေးနေသလိုပါပဲ။ ဒါဟာ နောင်လာမယ့် အနာဂတ်အစိုးရတွေကို အာမခံချက်မရှိတော့ဘူးဆိုတာ သက်သေပြတဲ့ စီရင်ထုံးတခုအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်သွားနိုင်ပါတယ်။
ဒီကနေ့ မြန်မာ့တရားစီရင်ရေးစနစ်မှာ ပျက်ကျမှုတွေ အခါခါ မြင်တွေ့နေကြရပါတယ်။ တရားရေးစနစ် ပြိုပျက်သားလျှောမှုက တတိုင်းပြည်လုံး ကတိမ်းကပါးနဲ့ ငါးပါးမှောက် ကုန်စေပါမယ်။
ဒါကြောင့် ရိုးသားမှု၊ တော်တည့်ဖြောင့်မတ်မှု (honesty and integrity) တို့ကို အခြေခံပြီး အများအကျိုးအတွက် အနစ်နာခံကာ တရားမျှတမှုကို ဖော်ဆောင်ပေးတဲ့ စီရင်ဆုံးဖြတ်ချက်မျိုး ချမှတ်ခြင်းဖြင့် ပြည်သူတို့ရဲ့ ကြည်ညိုလေးစားခြင်းကို တရားသူကြီးမင်းတို့ ရယူနိုင်ပါစေ။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment