Wednesday, September 9, 2009
အိမ်အပြန်
မိုးဦးကျမို့ ထင်သည်။ သောင်ရင်းက ခါတိုင်းထက်တော့ အရိုင်းဆန်နေသလို သူ ခံစားရသည်။ ဝါညစ်ညစ် မြစ်ရေတို့က ခပ်သော့သော့ စီးဆင်းနေသည်။ မနက်စောစော သူ နိုးစကတည်းက မိုးက တဖွဲဖွဲ။ သူ “ခိုးဂိတ် ” ကို ရောက်တော့ မနက် ၇ နာရီ။ ဆိုင်ကယ်ဖြင့် လိုက် ပို့ပေးသော သူ့ ညီဝမ်း ကွဲကို နှုတ်ဆက် စကား ဆိုရင်း သူ လှေဆိပ်သို့ ဆင်းခဲ့သည်။ အနည်းငယ် စောနေ သေးသော်လည်း သူ့တွင် ဘာမှ လုပ်စရာမရှိ။ ခိုးဂိတ်တွင် လူ ၄-၅ ယောက် ထိုင်နေသော လှေကိုတွေ့တော့ သူ တဖက်ကမ်းသို့ကူးရန် ဆုံးဖြတ်လိုက်သည်။
သူ စီးကရက်တလိပ်ကို မီးညှိလိုက်တော့ လှေက မြစ်လယ်မှာ။ မြစ်က ကျဉ်းကျဉ်း။ ဘဝက ကျယ်ကျယ်။ ခဏနေတော့ တိုသွားသော စီးကရက်ကို သူ မြစ်ထဲသို့ တောက်ထုတ်လိုက်ရင်း ကမ်းပေါ်သို့ တက်လိုက်သည်။ မဲဆောက်က သူ့နောက်ကျောဘက်တွင် ကျန်ရစ်ခဲ့ပြီ။ ၇ နာရီခွဲတော့မည်။ သူ့ ခရီးအစက မြဝတီ။ ဦးတည်ရာက ရန်ကုန်ဆီ။ နောက် လွိုင်လင်ဆီသို့။ သူ့ချစ်သူ ရှိရာသို့။
သူ ဘားအံသွားရန် ကားဂိတ်ကိုရောက်တော့ ခရီးသည်တင်ရန် အသင့်စောင့်နေသော ဗင်တစီးကို တွေ့ရသည်။ သည်လမ်းသည်ခရီးတွင် လူအများဆုံး စီးနင်းကြသည်က ဟိုင်းလတ်စ်ကားများ။ ဈေးကလည်း နှစ်ဆသာသာ ကွာသည်။ ဟိုင်းလတ်စ်နှင့်ဆို လူတယောက် ၃ ထောင်မှ ၄ ထောင်။ ဗင်နှင့်ဆို ၈ ထောင်။ မိုးတဖွဲဖွဲထဲတွင် အမိုးမပါ ကျပ်ကျပ်သိပ်သိပ် ဟိုင်းလတ်စ်ကို သူ မစီးလိုတော့သည်နှင့် ဗင်စီးရန်ပဲ စိတ်ကူးလိုက်သည်။ ခရီးသည်က သူတယောက်တည်း။ အလုပ်မကောင်းသည်မှာ လအတန်ကြာခဲ့ပြီမို့ သည်ဘက်ပိုင်းတွင် ခရီးသည်များ ပါးနေသည်မှာပင် ထုံးစံဖြစ်ခဲ့ပြီ။ ကားဆရာနှင့်အပြိုင် သူ ခရီးသည်တွေကို မျှော်နေမိသော်လည်း တော်တော်နှင့် ပေါ်မလာ။ သူ ဟိုဟိုသည်သည် လျှောက်ကြည့်တော့ ပေါင်မုန့်ကားတစီးပေါ်တွင် လူ ၃-၄ ယောက် ထိုင်နေတာ တွေ့ရသည်။ သူ ဗင်နှင့် သွားမည့် စိတ်ကူးကို ဖျက်လိုက်ပြီး ပေါင်မုန့်ကားနှင့်ပဲ လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ဈေးကတော့တူတူ။ လူတဦးလျှင် ၈ ထောင်စီ။ နောက် ခရီးသည်တဦး ထပ်ရောက်လာတော့ ကားဆရာက ထွက်တော့မည် ဟုဆိုသည်။ ၁ဝ နာရီပင် ထိုးတော့မည်။
လမ်းတဖက်တွင် ချောက်ရှိသည်။ တဖက်တွင်တော့ ဒေါနတောင်တန်း၏ မတ်စောက်စောက် ကမ်းပါး။ လမ်းက ကားတစီးသွားသာရုံ။ သည်နေ့က အဆင်းရက်။ မနက်ဖြန်ဆိုလျှင် အတက်။ အဆင်းနှင့်အတက် တလှည့်စီ ဖြစ်နေတာက ဘဝလိုပဲလား။ သည်လမ်းသည်ခရီးကို ကြိမ်ဖန်များစွာ သွားခဲ့ဖူးသည်မို့ ရှုခင်းတွေက သူ့ကို မဖမ်းစားတော့။ တကယ်က ခရီးကဘာမှ ဝေးသည်မဟုတ်။ မိုင် ၅ဝ သာသာ။ လမ်းက ဝေးနေခြင်းသာ ဖြစ်သည်။ ခပ်ဖြည်းဖြည်း တောင်ကို တက်လိုက်ဆင်းလိုက် မောင်းနေသော ကားပေါ်တွင် သူ ရောက်တတ်ရာရာ တွေးရင်း ပါလာခဲ့လေသည်။ သည်အချိန် မိုး ဘာလုပ်နေမလဲ။
စိတ်က အတိတ်နှင့် ပစ္စုပ္ပန်ကို လူးလာခေါက်တုံ့ ပြေးနေသည်။ သင်္ဃန်းညီနောင်ကိုပင် ဘယ်အချိန် ကျော်လာသလဲ သူ မသိလိုက်။ သူ ဆေးလိပ်သောက်ချင်စိတ် ပေါက်လာသည့် အချိန်တွင် ကားက ကော့ကရိတ်သို့ ဝင်တော့မည် ဖြစ်သည်။ ကော့ကရိတ်တွင် ထမင်းစားရန် တထောက်နားလိမ့်မည်။ ထမင်းဆိုင်တဆိုင်ရှေ့ ကားထိုးရပ်လိုက်တော့ နေ့လယ် ၁၂ နာရီ။ နာရီဝက်သာသာ ရပ်နားချိန်အတွင်း စားလိုစိတ် မရှိသော်လည်း သူ နေ့လယ်စာကို အပြီးသတ်လိုက်ရသည်။ ကားပြန်ထွက်တော့ လမ်းက မြေပြန့်ဖြစ်သွားခဲ့ပြီ။ ရာသီဥတုကတော့ ပျပျမှုန်မှုန်။ သူ့ စိတ်ကလည်း အလားတူ။ ကားထဲတွင်တော့ ခရီးသည်များက ကုန်သည်တွေချည်း ဖြစ်ပုံရသည်။ ညည်းသံညူသံတွေ လှိုင်းလှိုင်းထနေသော စကားဝိုင်းတွင်တော့ သူ ဝင်မပါလိုတော့။ သူ့ကို လာမေးသော စကားတို့ကို ခပ်တိုတို ဖြတ်ချရင်း သူ ဘာသိဘာသာ လိုက်လာခဲ့သည်။ ဘားအံကိုဝင်တော့ ညနေ ၃ နာရီ။ နာရီစင်ရှေ့တွင် သူကားပေါ်မှ ဆင်းလိုက်ပြီး သူ့သူငယ်ချင်း အိမ်သို့ လျှောက်လာခဲ့သည်။ သူ့သူငယ်ချင်းထံတွင် ရန်ကုန်ကားလက်မှတ် ဝင်ယူရမည်။ ဟိုခပ်ဝေးဝေးဆီတွင်တော့ သံလွင်က စီးမြဲစီးနေပါသည်။
သူ့သူငယ်ချင်း အိမ်သို့ရောက်တော့ သူငယ်ချင်းက မရှိ။ သူငယ်ချင်း၏ ဇနီးဖြစ်သူ လင်းလင်း ကိုသာ တွေ့ရသည်။ သူ့ကို ခဏစောင့်ရန် ပြောပြီး သူငယ်ချင်းကို သွားခေါ်ရန် လင်းလင်းက ဆိုင်သို့ထွက်သွားသည်။ သူငယ်ချင်းက ဖားအံတွင် တီဗီဂိမ်းအပိုပစ္စည်းဆိုင် ဖွင့်ထားသူ။ ခဏနေတော့ ဇနီးဖြစ်သူ နှင့်အတူ သူငယ်ချင်း ပြန်ရောက်လာသည်။ သူတို့နှစ်ယောက် နှုတ်ဆက်ရင်း သူငယ်ချင်း အိမ်နံဘေးရှိ လက်ဖက်ရည်ဆိုင်သို့ ဝင်လိုက်ကြသည်။ သူတို့စကားဝိုင်းက ရောက်တတ်ရာရာ။ မိုးအကြောင်း လေအကြောင်း ပြောမဆုံးပေါင် တောသုံးထောင်တွေအကြောင်း။ သူ့ စီးကရက်ဘူးထဲက စီးကရက်တွေက တလိပ်ပြီးတလိပ် ပြာဖြစ်သွားကြသည်။ စကားပြောနေရင်း မိုးက ရွာလာပြန်သည်နှင့် သူတို့ ဆိုင်ထဲ ဝင်ပြေးရပြန်သည်။ သူ နာရီကိုပင် သတိမပြုမိ။ သူ လက်ဖက်ရည်ဆိုင်မှထတော့ ၆ နာရီပင် ထိုးတော့မည်။ သူငယ်ချင်းထံမှ ကားလက်မှတ်ယူပြီး သူ နာရီစင်ဘက် ပြန်ထွက်လာခဲ့သည်။ သည်တခါ သူ ကားကို စောင့်စရာမလိုတော့။ ကားက သူ့ကို စောင့်နေသည်။ ရွှေစင်စင်္ကြာတဲ့။ ဘားအံ-ရန်ကုန် လိုင်းတွင်တော့ သည်ကားက အကောင်းဆုံးပဲ ဖြစ်သည်။ လက်မှတ်ခက ၆ ထောင်။ မိုးရိပ်တိမ်ရိပ်တွေနှင့်မို့ ထင်သည်။ မကြာမီ မှောင်တော့မည်။
ည ၈ နာရီလောက်တွင် သူတို့ကား ဘီးလင်းသို့ ရောက်လာသည်။ သူ ထမင်းဆင်းစားပြီး ကားပေါ် ပြန်တက်ခဲ့သည်။ ကားပေါ်တွင်တော့ ခပ်ညံ့ညံ့ မြန်မာကား တကားကို ဖွင့်ထားသည်။ ဇာတ်လမ်းကဘာမှမရှိ။ ခါးအောက်ပိုင်း ပြက်လုံးတွေကိုပဲ ရယ်သူတွေက ရယ်နေကြသည်။ သူ စိတ်ပျက်ပျက်ဖြင့် ကားဖြတ်သန်း သွားလာရာ အမှောင်ထုကြီးကိုပဲ ငေးကြည့်နေမိသည်။ သည်အမှောင်တွေ ဘယ်တော့ ပျောက်သွားမလဲ။ သူ မဖြေနိုင်သော မေးခွန်းတွေနှင့် ထွေးလုံးရစ်ပတ်ရင်း မုပ္ပလင်သို့ ည ၁၁ နာရီ ကျော်ကျော်လောက်တွင် ရောက်သည်။ သူ ကိုယ်လက်သန့်စင်ရင်း ကော်ဖီတခွက်ကို သောက်လိုက်သည်။ ကားပြန်ထွက်တော့ ကားပေါ်တွင် အိပ်သူတွေလည်း အိပ်ကုန်ကြပြီ။ သူကတော့ ကားစီးရင်း မအိပ်တတ်သူမို့ ဟိုတွေးသည်တွေး တွေးရင်းသာ လိုက်ပါလာခဲ့ရသည်။ နောက်တခါ ကားထပ်ရပ်တော့ ည တနာရီပင်ခွဲတော့မည်။ ဘယ်နေရာပါလိမ့်။ သူ အောက်ဆင်းပြီး နည်းနည်းပါးပါး မေးမြန်းလိုက်တော့ ပဲခူးအထွက်သို့ ရောက်နေကြောင်း သိရသည်။ ရန်ကုန်နှင့် နီးနေပြီပဲ။ ဘာလို့ တခါတည်း ဆက်မမောင်းသွားသလဲ။ သူ အံ့သြစိတ်တဝက်ဖြင့် ”အေးရာအေးကြောင်း” ဟု အမည်ပေးထားသော စားသောက်ဆိုင်ကြီးထဲသို့ ဝင်လိုက်သည်။
ဆိုင်ထဲတွင် လူတွေမနည်း။ ဆိုင်ရှေ့တွင် ရပ်ထားသော ကားတွေလည်း မနည်း။ သူ ဆိုင်ထဲတွင် ည ၂ နာရီ ထိုးသည်အထိ ထိုင်နေသော်လည်း ကားက ပြန်ထွက်မည့်ပုံမပြ။ သူ ကားဆီ ပြန်လျှောက်လာရင်း ကားပေါ်တွင် အရံသင့် တွေ့သည့် စပယ်ယာလုပ်သူကို မေးကြည့်တော့မှ အဖြေပေါ်တော့သည်။ ရန်ကုန်ကို မနက် ၄ နာရီထက် စောမဝင်ရတဲ့။ စောဝင်လျှင် ဒဏ်ငွေ ၅ သောင်း။ သူ သင်္ကြန်တုန်းက ပြန်စဉ်က သည်အမိန့်မရှိ။ ယခုမှ ထုတ်သည့် အမိန့်အသစ်ချပ်ချွတ်ပါလား။ သူ စိတ်ပျက်ခြင်းတဝက်ဖြင့် ဆိုင်ထဲ ပြန်ဝင်ခဲ့သည်။ ဆိုင်ထဲတွင် ခြင်ကိုက်ခံ ထိုင်နေရင်း မနက် ၃ နာရီ ကျော်ကျော်လောက်မှ ကားက ပြန်ထွက်တော့သည်။ အောင်မင်္ဂလာကားဝင်းအတွင်း ကားထိုးဆိုက် လိုက်တော့ မနက် ၄ နာရီခွဲ။ အရုဏ်ပင်မပျို့သေး။ ဈေးသည်များ၊ တက္ကစီဧည့်ကြိုများ ၏ အသံဗလံများ ကြားမှ သူ တိုးဝှေ့၍ ဝင်းထဲရှိ လက်ဖက်ရည်ဆိုင်တဆိုင်သို့ ထွက်ခဲ့သည်။
တညလုံး မအိပ်ခဲ့ရ သောကြောင့် သူ့ခေါင်းက ငြီးစီစီ။ ရန်ကုန်ကတော့ နိုးထသေးဟန် မရှိ။ စီးကရက်တလိပ်ကို မီးညှိလိုက်ရင်း သူ လက်ဖက်ရည်ဆိုင် အပြင်သို့ လှမ်းကြည့်လိုက်သည်။ သူ့ဘဝ သက်တမ်းတဝက်ကျော်ကျော် နေခဲ့သော သူ့ရေသူ့မြေသည် အခုတော့လည်း သူနှင့် သူစိမ်းပြင်ပြင်။ ဇာတိရနံ့ကို သူ ပြန်မရ။ ပဝတ္ထိရနံ့ တို့ဖြင့်သာ သူ နေသားကျခဲ့ပြီ။ တွေးနေရင်းနှင့် မီးစက်မှ ဓာတ်ဆီညှော်နံ့က သူ့ဆီ တိုးဝင်လာသည်။ သြော်…မီးပျက်နေသည်ပဲ။ သူ သက်ပြင်းဖွဖွ ချမိလိုက်သည် ထင်သည်။
နံနက် ၆ နာရီခန့်တွင်တော့ ကောင်းကင်က လင်းလင်းထင်းထင်း ဖြစ်နေခဲ့ပြီ။ သူ နောက်တနေ့ တောင်ကြီးသွားရန် ကားလက်မှတ်ကို တခါထဲ ဝင်ဝယ်လိုက်သည်။ ၁၀၉၀၀ ကျပ်။ ပြီးတော့ သူ အောင်မင်္ဂလာ ကားဝင်းအတွင်းမှ အပြင်လမ်းမပေါ်သို့ ထွက်လာခဲ့သည်။ ဈေးကြီးပေးပြီး တက္ကစီတော့ သူမစီးလိုတော့။ ဘတ်စ်ကားစီးရန်ပဲ သူ ဆုံးဖြတ်လိုက်သည်။ သူ ကြာကြာ မစောင့်လိုက်ရ။ ၄၃ အထူးလိုင်း ဘတ်စ်ကားတစင်း ထိုးဆိုက်လာသည်။ ဂိတ်စမို့ထင်သည်။ သူ ထိုင်ခုံရသည်။ သူ့ဘဝ တသက်တာတွင် ပထမဆုံး ထိုင်ခုံရဖူးခြင်းပါလား။ ကားခက နှစ်ရာမျှသာ။ သူ တွေးနေရင်းနှင့်ပင် ဆူးလေသို့ ရောက်လာသည်။ ရန်ကုန်၏ မနက်ခင်းက အသက်ဝင်စပြုပြီ။ သူ ရုပ်ရှင်ရုံများ ရှေ့ကဖြတ်ပြီး ဗိုလ်ချုပ်လမ်း ပေါ်ရောက်တော့ ဆိုက်ကား တစီးငှားလိုက်သည်။ ဆိုက်ကားခက ၅၀၀။ ခရစ်လမ်းထောင့်ရှိ Queen’s park ဟိုတယ်ဆီသို့။
သူ ဟိုတယ်သို့ ရောက်တော့ အခန်းက ချက်ချင်းမရပြန်။ ၈ နာရီခွဲ ၉ နာရီမှ ရမည်ဟု ဆိုသည်။ သူ ဘာလုပ်ရမှန်းမသိ။ ဘာမှလည်း လုပ်စရာမရှိ။ လ္ဘက်ရည်ဆိုင်ပဲ ထပ်ထိုင်နေလိုက်တော့မည် စိတ်ကူးဖြင့် သူ ၄၉ လမ်းထဲရှိ လပ်ကီးဆဲဗင်းသို့ လျှောက်လာခဲ့သည်။ သူ အိပ်ငိုက်ငိုက်ဖြင့် လပ်ကီး ဆဲဗင်းတွင် ၉ နာရီအထိ ထိုင်နေရပြန်သည်။ သူ ဟိုတယ်ကို ပြန်လာတော့ အခန်းက အရံသင့်။ တရက်ကို ၁၄၀၀၀။ သူ တရက်ပဲ နေမည်မို့ အခန်းခကို တခါထဲ ပေးချေလိုက်သည်။ ရေမိုးချိုး ကိုယ်လက်သန့်စင်ပြီးတော့ မနက် ၁၀ နာရီ။ သူငယ်ချင်းရှိရာ မင်္ဂလာမွန်ဈေးတွင် မိုးအတွက် သူ ပို့ပေးထားသော လက်ဆောင်များကို သွားယူရန် သူ ထွက်လာခဲ့သည်။
မင်္ဂလာမွန်ဈေး ရောက်တော့ သူငယ်ချင်းကို ဆိုင်တွင် အဆင်သင့်တွေ့ရသည်။ သူ့ပစ္စည်းတွေ သူပြန်ယူပြီး သူ့ဦးလေးရှိရာ မင်္ဂလာဈေးဆီ သူ ထွက်လာခဲ့ပြန်သည်။ သူ့ဦးလေးဆိုင် ရောက်တော့ အရင်လို ပုံစံမျိုးနှင့် အရင်လိုပဲ ဆိုင်တွင်ထိုင်နေကာ အရင်လိုစကားတွေ ပြောနေတုန်းဖြစ်သည့် သူ့ ဦးလေးနှင့် သူ ရောက်တတ်ရာရာတွေ ပြောဖြစ်ကြပြန်သည်။ အရင်လို မဟုတ်တာကတော့ တခုထဲ ဖြစ်သည်။ အရင်က ဦးလေး လက်ထဲတွင် တွေ့နေကျဖြစ်သည့် လန်ဒန်အစား အခုကျတော့ ရူဘီဖြစ်နေသည်။ သည်တော့မှ လန်ဒန်ဈေးတွေ တဘူး ၁၈ဝဝ တောင် ဖြစ်သွားပြီမှန်း သူ ပြန်သတိရလာသည်။ သြော်…စီးကရက်ကလည်း ဘဝ၏ ညွှန်မှတ်ဖြစ်နိုင်တာပါပဲလား။ သူ တဝက်ပြုံးမိရင်း ဟိုတယ်ကို ပြန်ရောက်တော့ နေ့လယ်တနာရီ။ သူ ခဏအိပ်ရန် ဆုံးဖြတ်လိုက်သည်။
သူ အိပ်ရာက ပြန်ထလာတော့ ညနေ ၅ နာရီပင် ထိုးနေပြီဖြစ်သည်။ သူ ရေချိုးလိုက်ပြီး သူငယ်ချင်း တယောက်ဆီ ဖုန်းခေါ်ရသည်။ အဝတ်အစား လဲပြီးတော့ သူ ခရစ်လမ်းအတိုင်း မဟာဗန္ဓုလလမ်းဘက်ဆီ ထွက်လာခဲ့သည်။ လမ်း ၅ဝ ဘက်ချိုးလိုက်တော့ “ဝင်း” က အရင်ကလိုပင် သူ့ကို စောင့်ကြိုနေလေသည်။ သူငယ်ချင်းကတော့ ရောက်မလာသေး။ သူ လမ်းပေါ်ရှိ ပလတ်စတထိုင်ခုံလေးပေါ် ထိုင်ချလိုက်ပြီး မြန်မာ နှစ်လုံး မှာလိုက်သည်။ အမြည်းကတော့ သူ့ ထုံးစံအတိုင်း မြေပဲကြော်။ သူ့ဝန်းကျင်ကို အကဲခတ်လိုက်တော့ ဟိုတုန်းကအတိုင်း။ သည်လူတွေ သည်နေရာမှ ရွေ့မှရွေ့ပါလေစ။ သူ့ ဘီယာနှစ်ပုလင်းစလုံး စားပွဲပေါ်မှ ပလက်ဖောင်းပေါ် ရောက်သွားတော့မှ သူငယ်ချင်းကား ထိုးဆိုက်လာသည်။ သူတို့နှစ်ယောက် ဝမ်းသာအားရ နှုတ်ဆက်ကြရင်း စကားလက်ဆုံ ကျကြပြန်သည်။ ဘီယာတွေက တလုံးပြီးတလုံး။ ရှိပါစေ။ သည်တညတော့ သည်အတိုင်း ရှိပါစေ။ ဘယ်သွားမလဲ ဟု သူငယ်ချင်းက မေးလိုက်တော့ ည ၈ နာရီ။ သူ တဝက်ပြုံးရင်း သည်ညတွင်တော့ သူ့ကိုယ်သူ သူ့ သူငယ်ချင်းလက်ထဲအပ်ရန် ဆုံးဖြတ်လိုက်သည်။ ရန်ကုန်မြို့၏ ညမှာ ငွေ ဖြစ်သည်။
အလုပ်သမားဆေးရုံ မျက်စောင်းထိုးရှိ လမ်းကလေးထဲသို့ သူတို့ကား ချိုးဝင်လိုက်တော့ ည ၉ နာရီ။ လမ်းတလျှောက်လုံး မီးတွေပျက်နေသည်ကို သူ တွေ့ခဲ့ရသည်။ မှောင်ကြီးမည်းကြီးထဲတွင် ရန်ကုန်မြို့သည် ပီဘီကွန်ကရစ် တောနက်ကြီးအလား ဖြစ်နေသည်။ တော်သေးသည်။ လမ်းကလေးထဲတွင်တော့ မီးလာနေသည်ကို သူ တအံ့တသြ တွေ့ရလေသည်။ တိုက်တတိုက်၏ သုံးထပ်မြောက်တွင်တော့ မီးလင်းနေသော ဆိုင်းဘုတ်ဝါဝါကလေး။ မီးအိမ်နီ ဟူသော တရုတ်ဝတ္ထုတပုဒ်ကို သူ မဆီမဆိုင် သတိရမိလိုက်သေးသည်။ မည်းမှောင်အေးစက်နေသော လှေကားထစ်တွေအတိုင်း သူတို့နှစ်ယောက် တက်လာခဲ့သည်။ အခန်းတံခါးကို ခေါက်လိုက်တော့ ချာတိတ်တယောက်က တံခါးလာဖွင့်သည်။ သူ့ သူငယ်ချင်းကို သိပုံရသော ထိုချာတိတ်က “ကိုလင်း…လာ“ ဟု ပဋိသန္ဓာရစကားဆိုရင်း အခန်းတံခါးကို ဖွင့်ပေးသည်။ သူ ဖိနပ်ချွတ်ကို ကြည့်လိုက်တော့ ဖိနပ် များများစားစားမရှိ။ လူရှင်းနေတာမို့ သူ ကျေနပ်သွားသည်။ အခန်းကြမ်းပြင် ပေါ်တွင်တော့ ကောင်မလေး ၄ ယောက် စုထိုင်ရင်း ဖွင့်ထားသော ဗီစီဒီခွေကို ကြည့်နေကြသည်။
“ဟာ…ကိုလင်း…မလာတာတောင် ကြာပြီ ဘယ်ပျောက်နေတာလဲ“ ဟု နှုတ်လျှာသွက်ပုံရသော ကောင်မလေး တယောက်က သူ့ သူငယ်ချင်းကို လှမ်းနှုတ်ဆက်လေသည်။ သူငယ်ချင်းက “ဟုတ်တယ် သဇင် အကို ခရီးထွက်နေလို့” ဟု တုံ့ပြန်ရင်း သူတို့နှစ်ယောက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်ကြသည်။ သိပ်မကြာ။ ကွမ်းတွေကို ရဲနေအောင် စားထားသည့် အမကြီးတဦး ဧည့်ခန်းသို့ ထွက်လာပြန်သည်။ သည်ဆိုင်၏ ဆိုင်ရှင်ဖြစ်ပုံရသည်ဟု သူ ခန့်မှန်းနေတုန်းမှာပင် သူ့ သူငယ်ချင်းနှင့် ထိုအမကြီး အပြန်အလှန် နှုတ်ဆက်ကြသည်။ “မချို…ဒါက ကျနော့် သူငယ်ချင်း၊ နယ်ကလာတာ၊ ရေမီးအစုံ လုပ်ပေးလိုက်ပါဗျာ” ဟူသော သူငယ်ချင်း၏ စကားအဆုံးတွင် အမကြီးက ဟက်ဟက်ပက်ပက် ရယ်ရင်း “အမလေး ဘယ်တုန်းက ရေမီးမစုံတာ ရှိခဲ့ဖူးလို့လဲ“ ဟု သူငယ်ချင်းကို တုံ့ပြန်သည်။ သူတို့ စောစောက သောက်တာ နည်းနည်းများသွားသည်မို့ အချိန်မဆိုင်းလိုတော့။ အခန်းထဲသို့ ဝင်ခဲ့ကြသည်။
အခန်းထဲတွင်တော့ ကန့်လန့်ကာပါးပါး ကလေးများက အိပ်ရာတခုနှင့် တခုကို ခြားထားသည်။ မီးရောင်က လုံးလုံးမရှိ။ ပကတိ အမှောင်ထုက စိုးမိုးနေသည်။ ဒါတွေလည်း အရင်တုန်းကလိုပါပဲ။ စောစောက ရေမီးအစုံ ဟူသော သူငယ်ချင်း၏ စကားကို သူ ကြားယောင်ရင်း အိပ်ရာပေါ်လှဲလိုက်တော့ ကောင်မလေး၏ လက်တွေက သူ့ ခြေထောက်ပေါ်ရောက်လာသည်။ သူ့ သူငယ်ချင်းကတော့ ဟိုဘက်ခန်းမှာ။ ဘာမှမကြာ။ ကောင်မလေးက သူ့နံဘေး လှဲအိပ်လိုက်သည်။ အိပ်ချင်ပြီဟု နှုတ်ကပြောရင်း လက်တဖက်က သူ့ရင်ဘတ်ပေါ် ရောက်လာသည်။ သူ ဘာမှ မတုံ့ပြန်မိ။ နောက်မှ “ရတယ် .. ညီမ၊ အေးဆေးနေပါ ကျနော်လည်း အိပ်လိုက်ဦးမယ်“ ဟု ပြောလိုက်မိသည်။ တကယ့်တကယ် ကျတော့လည်း သူ အိပ်မပျော်။ ကောင်မလေး၏ တထောင့်တည ဇာတ်လမ်းတွေကိုလည်း သူ မစပ်စုလိုတော့။ ရှိပါစေ။ သည်အတိုင်းပဲ ရှိပါစေ။
စီးကရက်ကို ထုတ်သောက်ရင်း သူ ဟိုတယ်ပြန်ချင်လာသည်။ နာရီကို ကြည့်လိုက်တော့ ၁ဝ နာရီပင် ခွဲတော့မည်။ သူငယ်ချင်းကတော့ ဘယ်နှစ်ဆက်ရှင် နေမည်မသိ။ သူ စဉ်းစားနေတုန်း သူ့ အခန်းတံခါးပွင့်သွားကာ လူတွေဝင်လာသည်ကို တွေ့ရသည်။ သည်တော့မှ သူ ပြန်ရန် ယတိပြတ် ဆုံးဖြတ်လိုက်လေသည်။ သူ အခန်းထဲမှ မထွက်ခင် သူငယ်ချင်းဆီ ဖုန်းလှမ်းခေါ်ပြီး သူ အိပ်ချင်၍ ပြန်တော့မည့်အကြောင်း ပြောလိုက်သည်။ သူငယ်ချင်းက သူ့ကို စိတ်ပျက်ဟန်ဖြင့် တားသေးသော်လည်း သူ မနေချင်တော့။ သူငယ်ချင်းကို ဖုန်းထဲမှ နှုတ်ဆက်လိုက်ပြီး သူ ပြန်ထွက်ခဲ့သည်။ ထွက်လာရင်း သည်လိုညတွေကို အင်မတန်မှ နှစ်နှစ်ကာကာ ရှိလှစွာသော အဝေးမှ တယောက်သောသူကို သူ သတိရမိပြန်သည်။ သူသာရှိလျှင် သူ့ကို ပြန်လွှတ်မည်မထင်။ သူ ပြုံးရင်း လှေကားကျဉ်းကျဉ်းကလေးမှ ပြန်ဆင်းလာခဲ့သည်။
ထိုစဉ်မှာပင် ရပ်ကွက်တခုလုံး မီးတွေ ဖျတ်ခနဲ ပျက်သွားသည်။ ညဥ့်နက်ပြီမို့ ထင်သည်။ ဟေးခနဲအော်သံကိုပင် သူမကြားမိ။ ရိုးနေ၍ပဲလားတော့ မသိ။ စောစောက ရေမီးအစုံ ဟူသော သူငယ်ချင်း၏ စကားကို သူ ကြားယောင်လာပြန်သည်။ သူ မဲဆောက်က ထွက်လာသည်က နှစ်ရက်မပြည့်သေး။ သူ့စိတ် မဲဆောက် ပြန်ရောက်သွားသည်။
နောက်နေ့မနက် သူ အိပ်ရာကနိုးတော့ နေမြင့်နေပြီ ဖြစ်သည်။ မနက် ၉ နာရီ။ သူ ကိုယ်လက်သန့်စင်လိုက်ပြီး အောက်ထပ်တွင် မနက်စာ ဆင်းစားလိုက်သည်။ ပြီးတော့ သူ့တွင် ဘာမှလုပ်စရာ မရှိသည်နှင့် ဟိုတယ်အပြင်သို့ ထွက်ခဲ့သည်။ သူ ဟိုဟိုသည်သည် လျှောက်ရင်း သိမ်ဖြူလမ်းပေါ် ရောက်သွားသည်။ ကားဂိတ်နှင့် မလှမ်းမကမ်း ရောက်တော့ အမျိုးသမီးငယ် ၃ ယောက်ကို သူ တွေ့ရသည်။ ကျင့်သားရနေပြီဖြစ်သော သူ့မျက်စိက နတ်သမီးကလေးများဟု အတပ်သိလိုက်သည်။ သူ စီးကရက်တလိပ်ကို သောက်ရင်း အဓိပ္ပာယ်မဲ့ ရပ်နေမိပြန်သည်။ နေရောင်အောက်တွင် ဘဝတွေက တံလျပ်ပမာ တဖျတ်ဖျတ်။ ရပ်နေရင်း သူ ငြီးငွေ့သွားပြန်သဖြင့် ဟိုတယ်ဘက်သို့ ပြန်လျှောက်လာခဲ့သည်။ သူ ဟိုတယ်မှ check out လုပ်ပြီး ထွက်လာတော့ မွန်းပင်တည့်တော့မည်။
သူ့တွင်ဘာမှ ထွေထွေထူးထူးမပါ။ ခရီးဆောင်အိတ် တအိတ်မျှသာ။ သူ လျှောက်လာရင်း ၄၇လမ်းထိပ်ရှိ ထမင်းဆိုင်ကလေးမှာ ထမင်းဝင်စားလိုက်သည်။ တောင်ကြီးသို့သွားမည့် ကားထွက်မှာက ညနေ ၃ နာရီ။ အချိန်တွေ ပိုနေသေးသည်နှင့် သူ ဗိုလ်ချုပ်လမ်း ဘက်လျှောက်လာမိပြန်သည်။ ၄၆ လမ်းထိပ်တွင် ဆံပင်ညှပ်ဆိုင်တဆိုင် တွေ့တော့မှ သူ့ခေါင်း ယားကျိကျိဖြစ်နေတာ သူ သတိရသွားသည်။ အချိန်တွေ ပိုနေသေးသည်နှင့် သူ ခေါင်းလျှော်ရန် ဆုံးဖြတ်လိုက်သည်။ ငွေ ၂ဝဝဝ က သူ့အိတ်ထဲမှ ခုန်ထွက်သွားပြန်သည်။ အားလုံးပြီးလို့ သူ နာရီကြည့်လိုက်တော့ ၂ နာရီပင် ထိုးတော့မည်။ သူဆိုင်ထဲမှ ကမန်းကတမ်းထွက်လာရင်း တက္ကစီတစီး ငှားလိုက်ရသည်။ ငွေ ၅ဝဝဝ ။ အောင်မင်္ဂလာဆီသို့။ ဈေးမှန်မို့ သူ ဆစ်မနေတော့။
သူ့ စီးကရက် သူ အပြီးသတ်လိုက်ရင်း ရန်ကြီးအောင် ပေါ်တက်လိုက်တော့ ညနေ ၃ နာရီ ထိုးနေပြီ ဖြစ်သည်။ သူ့ခုံက နောက်ဘက်ခပ်ကျကျ။ ဝယ်လာသော ဂျာနယ်နှစ်စောင်ကို သူ ထုတ်ဖတ်နေရင်း ရန်ကုန်က ဘယ်အချိန် ထွက်လာသည်ကိုပင် မသိလိုက်။ သူ ဝန်းကျင်ကို အကဲခတ်လိုက်တော့ ကားက ဖြူးဖြူးဖြောင့်ဖြောင့် လမ်းမကြီးပေါ်တွင် အရှိန်ပြင်းပြင်း မောင်းနေသည်ကို သတိပြုမိသည်။ ဒါ ဘာလမ်းပါလိမ့်။ လွန်ခဲ့သော ၃ နှစ်လောက်က သူ သွားခဲ့သော လမ်းမဟုတ်။ သူ့ဘေးက ခရီးဖော်ကို မေးကြည့်တော့မှ နေပြည်တော်သို့ တိုက်ရိုက်ပေါက်သော လမ်းသစ်ဖြစ်ကြောင်း သူသိရသည်။ ခဏနေတော့ သူ့ရှေ့ တခုံကျော်မှ လူတယောက်က သူ့ဘေးမှ ထိုင်သူနှင့် သူငယ်ချင်းဖြစ်နေ၍ ခုံလဲပါရစေဟု လာပြောသည်။ အားနာသည်နှင့် သူ လဲပေးလိုက်ရသည်။ သူ့ ခရီးဖော်အသစ်က အမျိုးသမီးတဦး။ သူ အနေကြုံ့ကြုံ့နှင့်ပင် စိတ်ပျက်လက်ပျက် လိုက်ပါလာခဲ့ရလေသည်။ တချက်တချက် အမကြီးဆီက လွင့်ပျံလာသော ပရုတ်ဆီနံ့ကြောင့် သူ့ခေါင်း မူးနောက်နောက် ဖြစ်လာသည်။ တော်သေးသည်။ သည်တခါ သူ စီးသည့် ကားက ကားကောင်း။ အဲကွန်းက အေးစိမ့်နေသည်။ ညနေ ၅ နာရီခွဲလောက်ရောက်တော့ ကားက လမ်းဘေး ထိုးရပ်လိုက်သည်။
တောက်လျှောက်မောင်းလာသည့် လမ်းတလျှောက်လုံး ဘယ်မြို့ဘယ်ရွာ ကိုမှ မဖြတ်။ လမ်းနံဘေးတွင် လယ်ကွင်းများကိုသာ သူ တွေ့ခဲ့ရသည်။ ယခု ကားရပ်လိုက်သည့် နေရာက တဲကြီးတလုံးရှေ့တွင်။ ဘေးဘီဝဲယာတွင် ဘာမှမရှိ။ ကွင်းပြောင်ကြီးထဲတွင် တဲကြီးကထီးထီး။ မင်းသိင်္ခ ဝတ္ထုတွေထဲက ထမင်းဆိုင်များကို သူ သွားသတိရမိလိုက်ပြီး ကားပေါ်မှဆင်း၍ ညစာစားလိုက်ရသည်။ ခဏနေတော့ ကားက ပြန်ထွက်လာသည်။ လမ်းတွင် တခါရပ်သည်ကလွဲ၍ ကားက အမှောင်ထုကြီးထဲတွင် ဘယ်မြို့ဘယ်ရွာကိုမှ မဖြတ်ဘဲ နေပြည်တော် ရောက်သည်အထိ တောက်လျှောက် မောင်းတော့သည်။ နေပြည်တော်ကို ရောက်တော့ ညတနာရီ။ မီးတွေက ထိန်ထိန်လင်းနေသည်။ သည်လောက် အားကောင်းမောင်းသန် မီးတွေလင်းနေတာကို သူ့တသက် မြန်မာပြည်တွင် မမြင်ဖူးခဲ့သည်မို့ သူ ငေးကြည့်နေမိသည်။ နေပြည်တော်တွင် မိနစ် ၂ဝ လောက် ကားခဏရပ်ပြီး ပြန်ထွက်လာခဲ့သည်။ သူ ကားပေါ်မှာ မအိပ်တတ်သောကြောင့် မျက်စိကြောင်လျက်သား လိုက်ပါလာခဲ့ရသည်။ နောက်တခါ ကားရပ်တော့ အောင်ပန်း။ အရုဏ်က ခပ်ပျပျ အဝေးမှ ပေါ်လာနေသည်။ အေးသာယာကို ရောက်တော့ မနက် ၅ နာရီခွဲ။ သူ့ ခရီးစဉ် ဆုံးပြီမို့ သူ ကားပေါ်မှ ဆင်းခဲ့သည်။
နောက်တနာရီလောက်ကြာတော့ ဘုန်းကြီးတပါး၊ အမကြီးတယောက်နှင့် သူ တောင်ကြီးသို့ ဟိုင်းလတ်စ်ကားဖြင့် တက်နေပြီ ဖြစ်သည်။ သူနှင့် အမကြီးက ကားနောက်ခန်းထဲတွင် ဘုန်းကြီးဝယ်ယူလာသော၊ သူ အမျိုးအမည် မခွဲတတ်သည့် စက်ပစ္စည်းတခုနှင့် ကျပ်ကျပ်ညပ်ညပ် လိုက်ပါလာခဲ့ရသည်။ တောင်ကြီးသို့ ရောက်တော့ သူ ကားဆရာကို လွိုင်လင်ကားဂိတ်နားက ဈေးသက်သာသည့် တည်းခိုခန်းတခန်းသို့ လိုက်ပို့ခိုင်းလိုက်သည်။ သူ ကိုယ်လက်သန့်စင်ရုံ။ ရေချိုးရုံ။ တည်းခိုခန်းကလေးက မြို့လယ်ကောင်မှာပဲ ဖြစ်သည်။ သူ ကိစ္စဝိစ္စတွေ ပြီးတော့ ခဏအိပ်ပြီး လမ်းဘေးဆိုင်တဆိုင်မှာပဲ ထမင်းစားလိုက်သည်။ သူ ကားဂိတ်ရောက်တော့ နေ့လယ် ၁၂ နာရီ။ ကားကဗင်ကား။ ခရီးသည် ၆ ယောက်ပြည့်မှ ထွက်မည်မို့ သူ စောင့်ရပြန်သည်။ ကားခက ၄၃ဝဝ။ ရှေ့ခန်း ၂ ယောက်၊ နောက်ခန်း ၄ ယောက်။ နေ့လယ် ၂ နာရီသာ ကျော်သွားသည်။ လူက မပြည့်။ သူ အပါအဝင် ၄ ယောက်မျှသာ။ သူ နောက်ကျလျှင် မိုး စိတ်ပူနေမည်မို့ သူ အခြားခရီးသည်များနှင့် ညှိလိုက်ရသည်။ ရှေ့ခန်းကို သူ တယောက်တည်း နှစ်ယောက်စာပေးပြီး ယူလိုက်သည်။ နောက်ခန်းအတွက် ၄ ယောက်စာကို ခရီးသည် ၃ ယောက်အား ပေးခိုင်းလိုက်သည်။ ခုမှပဲ သူ မိုးကို သတိရလာသည်။ မိုးနှင့် သူ တဖြည်းဖြည်း နီးလာပြီ။
ခရီးစဉ်ကတော့ တောင်ကြီး ဟိုပုန်း မိုင်းပွန် လွိုင်လင် ဖြစ်သည်။ ဝေးမည်ဟု သူထင်ထားခဲ့သော်လည်း ခရီးကမဝေး။ ၅၈ မိုင်မျှသာ။ ကားအရှိန်က ဖြည်းဖြည်းညင်ညင်။ လမ်းကတော့ တောင်ပတ်လမ်း။ သိပ်လည်း မကျဉ်း။ သိပ်လည်း မကျယ်။ ရာသီဥတုကတော့ ကြည်ကြည်လင်လင် သာယာလှပနေသည်။ အေးမည်ဟု သူထင်ထားခဲ့သော်လည်း မအေး။ သည်လိုနှင့် ခရီးစဉ် သုံးချိုးနှစ်ချိုးကိုရောက်တော့ မိုင်းပွန်သို့ ရောက်လာသည်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းကို သူ သတိရမိရင်း မြို့ကလေးကို အကဲခတ်လိုက်တော့ ခြောက်ခြောက်ကပ်ကပ်။ မိုင်းပွန်တွင် နာရီဝက်ခန့်နားပြီး သူတို့ကား ပြန်ထွက်ခဲ့သည်။ လွိုင်လင်ရောက်တော့ ညနေ ၅ နာရီခွဲသာသာ။ ကားဆရာလိုက်ပို့ပေးသော လွိုင်လင်မြို့တွင် အကောင်းဆုံး တည်းခိုခန်းတွင် နေရာမရ။ တည်းခိုခန်း ခပ်ညံ့ညံ့ကိုသာ သူ ယူလိုက်ရသည်။ ကိစ္စမရှိ။ သည်မြို့တွင် မိုးရှိသည်။
သူ တော်တော် ခရီးပန်းနေသော်လည်း ရေချိုးပြီးသည်နှင့် မိုးဆီ ထွက်လာခဲ့သည်။ သူ နေတဲ့ တည်းခိုခန်းက မြို့လယ်မှာ။ မိုးနေတဲ့နေရာနှင့် ဘာမှမဝေး။ သူ နည်းနည်းပါးပါး မေးစမ်းပြီး လျှောက်လာတော့ ၅ မိနစ်သာသာဖြင့် ရောက်လာပြီး အစိုးရဝန်ထမ်းအိမ်ယာ သုံးထပ်တိုက်ပေါ်သို့ သူ တက်လာခဲ့သည်။ အောက်ထပ်တွင်တွေ့သည့် အမကြီးတယောက်အား မိုး နာမည် မေးလိုက်တော့ အပေါ်ဆုံးထပ်သို့ နတ်လမ်းညွှန်ပေးသည်။ သူ သုံးထပ်သို့ တက်လာပြီး အခန်းတံခါး ရှေ့ရှိ လူခေါ်ခေါင်းလောင်းကြိုးကလေးကို ဆွဲလိုက်တော့ မိုးအရွယ် ကောင်မလေးတယောက် ထွက်လာပြီး တံခါးလာဖွင့်သည်။ သူ အခန်းထဲသို့ လှမ်းကြည့်လိုက်တော့ မိုးက မိုးနှင့်ရွယ်တူ ကောင်မလေး ၃-၄ ယောက်နှင့် ထမင်းစားနေသည်။ သူ့ကို မြင်တော့ ဝမ်းသာအယ်လဲ အမူအရာနှင့် မိုးက ထမင်းဝိုင်းက ချက်ချင်းထလာပြီး သူ့ဆီ လျှောက်လာသည်။ ထမင်းဝိုင်းမှ မိုးနှင့် လုပ်ဘော်ကိုင်ဘက် ဖြစ်ဟန်တူသော ကောင်မလေးတွေကတော့ ပြုံးစိစိ (နောက်မှ သူ နောက်ကျနေသဖြင့် မိုး စိတ်ပူပြီး မြို့ထဲရှိ တည်းခိုခန်းတွေကို ဖုန်းဆက်မေးထားကြောင်း သူ သိသည်။) မိုး အသားတွေ ဖြူလာသည်။ အနည်းငယ် ပြည့်လာသည်။ ထိုညက သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
နောက်နေ့မနက်ကျတော့ သူ ဘယ်မှ သွားစရာ မရှိ။ မိုးကလည်း ရုံးသွားနေသည်။ သူ လ္ဘက်ရည်ဆိုင်ထိုင်ပြီး ဟိုနားသည်နား လျှောက်ကြည့်ရုံက လွဲပြီး ဘယ်မှမရောက်ဖြစ်။ နေ့လယ် ၁၂ နာရီကျော်မှ မိုးက ရုံးမှ ဆင်းလာပြီး သူ့ထံ ရောက်လာသည်။ မိုးနှင့်သူ ထမင်း အတူတူစားပြီး ထွက်လာတော့ လူတွေက ကွက်ကြည့်ကွက်ကြည့်။ တစိမ်းတရံစာများ အရောက်အပေါက် နည်းလှသော လွိုင်လင်တွင် သူသည် ပီဘိ လူစိမ်းတယောက် ဖြစ်နေသည်။ ညနေပိုင်းကျတော့ မိုးနှင့် သူ မြို့ထဲရှိ ဘုန်းကြီးကျောင်းထဲမှ စေတီကလေးသို့ ထွက်ခဲ့ကြသည်။ နေခြည်က ဝင်းဝင်းပပ။ လေအဝှေ့တွင် ဆည်းလည်းခတ်သံ သဲ့သဲ့ကို သူ ကြားမိသလို ရှိသည်။ ဘုရားရင်ပြင်တော်ပေါ် သူတို့ရောက်တော့ မိုးက ပျော်လိုက်တာဟု ပြောရင်း ကလေးငယ်လေးတယောက်လို ရွှင်မြူးနေသည်။ ပြီးတော့ သူ့ကို အစ်ကိုကော ပျော်ရဲ့လား ဟု တခုတ်တရ မေးသည်။ မိုးမေးမှပဲ သည်စကားလုံးကို သူ ပြန်သတိရလာသည်။ သူ နောက်ဆုံး ပျော်ခဲ့တာ ဘယ်တုန်းကပါလိမ့်။ သူ သေချာမမှတ်မိတော့။ သူ့ဘာသူပဲ မေ့သွားသလား။ သူ တမင်တကာပဲ မေ့ထားခဲ့လေသလား။ ဒါလည်း သိပ်မသဲကွဲချင်။ ဘာပဲပြောပြော မိုးကိုတော့ သူ ပျော်စေချင်ပါသည်။ မိုး ပျော်ပါစေ…။ ပျော်ပါတယ် မိုးရဲ့ဟု သူ ပြန်ဖြေလိုက်တော့ မိုးက ကျေနပ်ဟန်မပြ။ “ဟင် .. ဟုတ်လဲဟုတ်ပဲနဲ့“ ဟု မိုးဆီက အသံထွက်လာသည်။ သူ ဘာမှ မတတ်နိုင်။ “အကို ပြောတာကလည်း စိတ်မပါသလိုကြီး“ ဟု မိုးက သူ့ကို ထပ်ပြောပြန်သည်။ သူ ကမန်းကတမ်း အာရုံတို့ကို စုစည်းကာ “တကယ်ပြောတာပါ မိုးရဲ့ ပျော်ပါတယ်“ ဟု မိုးကို ပြန်ဖြေလိုက်ရသည်။ မိုး ဘာမှ ထပ်မပြောတော့။ ကျေနပ်ဟန်တော့ မပြ။ သည်ကိစ္စ သည်မှာပြီးပြီ သူ ထင်သော်လည်း နှစ်ယောက်တွဲ ဘုရားဝတ်ပြုအပြီးတွင် “အကို … ဘာဆုတွေတောင်းလဲ“ ဟု မိုးက ထပ်မေးပြန်သည်။ ရုတ်တရက် သူ ဘာပြန်ဖြေရမှန်း မသိ။ တကယ်က သူ ဘာဆုမှ မတောင်း။ သာမန် ပြုရိုးပြုစဉ် ဘုရားဝတ်ပြုခဲ့ခြင်းသာ ဖြစ်သည်။ မိုးကကော ဘာဆုတွေတောင်းလဲ….။ သူ အပြေးအလွှား စဉ်းစားရပြန်သည်။ သမားရိုးကျ ဝတ္ထုတွေ ကဗျာတွေထဲကလို ရိုးမြေကျ ပေါင်းရပါစေ။ ဘဝဆက်တိုင်း တွေ့ရပါစေလို့ပဲ တောင်းမလားမသိ (ဒါကလည်း သူ့အထင်မျှသာ ဖြစ်သည်)။
အမှန်တော့ သူ မိုးကို မညာချင်။ သို့သော် မညာလို့လည်း မဖြစ်။ မိုးပျော်ပါစေ….။ သူ သည်လိုတွေးရင်း “မိုးနဲ့အတူ ဒီလိုပဲ အမြဲတမ်း နေပါရစေလို့ တောင်းလိုက်တယ် မိုးရဲ့“ ဟု မယုတ်မလွန် ဖြေလိုက်မိသည်။ မိုးကတော့ အကြာကြီး ငိုင်နေပြီးမှ အဖြေပေးသော သူ့ကို ကျေနပ်ဟန်မပြ။ ယုံလည်း ယုံဟန်မတူ။ “ဟင် .. ဟုတ်လည်းဟုတ်ပဲနဲ့“ ဟု သူ့ကို ပြောပြန်သည်။ “ဟုတ်ပါတယ် မိုးရဲ့ တကယ်ပါ“ ဟု သူ ပြန်ဖြေရင်း မိုး၏ ရွှေရောင် ရောတိရောရာ ဆံနွယ်ကလေးတွေကို သပ်လိုက်မိသည်။ အရေးထဲ သူ ဆေးလိပ်သောက်ချင်လာ ပြန်သည်။ မိုးရှေ့တွင် တတ်နိုင်သမျှ မသောက်ရန် သူ ဆုံးဖြတ်ထားသော်လည်း တကယ်တမ်း သူ နေနိုင်ခြင်း မရှိ။
သူ ဆေးလိပ်မီးညှိနေတုန်း မိုးဆီက “မိုး .. ဘာတွေ ဆုတောင်းလဲကော မမေးတော့ဘူးလား“ ဟု သူ့ကို ပြောသံထွက်လာပြန်သည်။ ဟုတ်သားပဲ။ သူ မေးသင့်လျက် မမေးမိ။ သူ့ကိုယ်သူ ပြန်အပြစ်တင်ရင်း “မိုး .. ဘာတွေဆုတောင်းလဲ“ ဟု မေးလိုက်ရသည်။ မိုးက ဘာမှ မပြောတော့။ “ရပါတယ် ထားလိုက်ပါတော့“ ဟုသာ ပြောရင်း တဖက်သို့ လှည့်သွားသည်။ သည်တော့မှ “ ပြောပါ မိုးရ .. အကို သိချင်တာပေါ့“ ဟု မိုးကို သူ ပြန်ချော့ရပြန်သည်။ နောက်ဆုံးတော့လည်း ထုံးစံအတိုင်း မိုးကပဲ သူ့ကို အလျှော့ပေးလိုက်သည်။ သည်တော့မှ သူ သက်ပြင်းချနိုင်တော့သည်။
နောက်နေ့ နေ့လယ်ကျတော့ မိုး အသိတယောက်ဆီက ဆိုင်ကယ်ငှားပြီး သူနှင့် မိုး ပင်လုံသို့ ထွက်လာခဲ့သည်။ ငယ်ငယ်က သင်ခဲ့ဖူးသော သမိုင်းစာမျက်နှာတွေထဲက နာမည်ကျော် ပင်လုံသို့ သူ တနေ့ ရောက်ရလိမ့်မည်ဟု တခါမှ တွေးမကြည့်ခဲ့ဘူး။ လွိုင်လင်နှင့် ပင်လုံကလည်း ဘာမှမဝေး။ ၆ မိုင်သာသာ။ သူ ဆိုင်ကယ်မောင်းလာရင်း လမ်းဘေး ကွင်းခေါင်ခေါင်ကြီးထဲတွင် အဆောက်အဦးကြီးတခုကို တွေ့၍ ကြည့်လိုက်တော့ ကွန်ပြူတာ တက္ကသိုလ်ဟု ရေးထားတာ တွေ့ရသည်။ သည်ဝန်းကျင် သည်အခြေအနေတွေနှင့် ကွန်ပြူတာ တက္ကသိုလ်ကို သူ ဘယ်လိုမှ ဆက်စပ်ကြည့်၍ မရ။ လူသူတဦးတယောက်မှလည်း သူ မတွေ့။ ပကတိ ဆိတ်ငြိမ်ခြင်းက လွှမ်းမိုးနေသည်။ မိုးကို မေးကြည့်တော့လည်း ရေရေရာရာ မသိ။ ရှိပါစေ။ သည်အတိုင်းပဲ ရှိပါစေ။ သူ တွေးနေရင်းနှင့်ပင် ပင်လုံသို့ ရောက်လာသည်။
သူ့စိတ်ထဲတွင် ထင်ထားခဲ့သည်က ပင်လုံကျောက်တိုင်ကို အထင်အရှားတွေ့လိမ့်မည်ဟု။ တကယ်တမ်းကျ သူမတွေ့။ ဘယ်မှာမှမတွေ့။ သူ ဆိုင်ကယ်ရပ်ပြီး မေးမြန်းကြည့်မှ ပင်လုံအထွက်တွင် ဖြစ်ကြောင်း သိရသည်။ သူ ရောက်တော့ လမ်းပေါ်မှ မတွေ့ပြန်။ စေတီအသစ်စက်စက်ကြီး တည်ထားသည်ကိုသာ သူ တွေ့ရသည်။ စေတီ၏ နောက်ဘက်တွင်မှ ပင်လုံကျောက်တိုင်။ စေတီက ကွယ်နေသဖြင့် ကျောက်တိုင်ကို လမ်းပေါ်မှ မမြင်နိုင်တော့။ စေတီကို ဘယ်တုန်းက တည်လိုက်ပါလိမ့်။ သိပ်ကြာဦးမည်ဟုတော့ သူ မထင်။ ခြံစည်းရိုးများ၊ လမ်းများ အားလုံးက သစ်လွင်နေသောကြောင့် ဖြစ်သည်။ စေတီကြီးကို ပတ်၍ နောက်ဘက်မှ ကျောက်တိုင်ဆီ သူရောက်တော့ ကျောက်တိုင်ကလေးကို ထီးတည်းတိတ်ဆိတ်စွာ တွေ့လိုက်ရသည်။ အမြင့်က ဘယ်လောက်မှမရှိ။ သစ်ပင် ခပ်လတ်လတ်တပင်၏ အမြင့်လောက်သာ ရှိသည်။ အောက်ခြေတွင်တော့ “ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်ကျောက်တိုင်“ ဟု တိုတိုနှင့် လိုရင်းရေးထားသည်။ သြော်…ပင်လုံဆိုတာ ဒါပါလား…။ သူ ခဏကြည့်နေပြီးမှ ခပ်လှမ်းလှမ်း သစ်ပင်ကြီးတပင် အောက်တွင်ရှိသော သစ်သားခုံကလေးသို့ မိုးနှင့်အတူ လျှောက်လာခဲ့သည်။
“ဓာတ်ပုံရိုက်မယ်လေ အကိုရဲ့” ဟု မိုး ပြောတော့ သူ့အကြောင်းကို ခုထက်ထိ သေချာသိဟန် မတူသေးသော မိုးကို ကြည့်ရင်း သူ ပြုံးမိသည်။ သူ ဓာတ်ပုံရိုက် ဝါသနာပါတာကို မိုးက အဓိပ္ပာယ်ကောက် လွဲနေပုံရသည်။ သူ့ကိုယ်သူ မှတ်တမ်းတင်ရန် သူ ဘယ်တုန်းကမှ ဝါသနာမပါခဲ့တာ မိုး သိဟန်မတူ။ မိုး အခုထက်ထိ ရိပ်မိဟန်လည်း မရှိ။ သူငယ်ချင်းများနှင့် မလွှဲမကင်းသာ ဓာတ်ပုံတွေ ရိုက်ခဲ့ဖူးသည်ကလွဲ၍ သူ တယောက်တည်း ဓာတ်ပုံရိုက်လေ့ မရှိ။ မိုးနှင့် ချစ်သူ ဖြစ်ကာစက မိုးကိုပေးဖို့ ဓာတ်ပုံပင် သူ မနည်း ရှာခဲ့ရသည်။ ဒါတွေကို မိုး မသိ။ မသိတာဘဲ ကောင်းပါတယ်၊ မိုးရယ် …. သိရင် မိုး အကို့ကို နားမလည်နိုင်တာတခု ထပ်တိုးသွားပါဦးမယ်…..။ သူ့ စိတ်ထဲက ပြောရင်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဓာတ်ပုံရိုက်ပေးဖို့ ဘယ်သူမှ ရှိမနေ။ ကိစ္စမရှိ။ ကင်မရာကို သူ့လက်နှင့် ပြောင်းပြန်ကိုင်ပြီး ရိုက်ရန် သူ ဆုံးဖြတ်လိုက်သည်။ မိုး လည်တိုင် ကြော့ကြော့ကလေးက သူ့ပခုံးဘက် ငဲ့လာသည်။ သည်အနေအထားနှင့်ပင် သူ ဓာတ်ပုံနှစ်ပုံ ရိုက်လိုက်သည်။ လုံလောက်ပြီဟု သူ ထင်သောကြောင့် သူတို့နှစ်ယောက် ဓာတ်ပုံရိုက်ခြင်းကို သူ သည်မှာပဲ လက်စသတ်လိုက်သည်။ နောက် ပင်လုံကျောက်တိုင်ကို သူ တပုံရိုက်လိုက် သည်။ ကောင်းကင်က ပြာပြာစင်စင်။ ကြည်ကြည်လဲ့လဲ့။ သည်နေရာတွင် သူတို့နှစ်ယောက်မှ အပ ဘယ်သူမှမရှိ။ ပန်းကလေးတပွင့် ဖျတ်ခနဲ ပွင့်လာသည်။ သူ့ရင်တွေ လှိုက်ခနဲ ခုန်သွားသည်။
နောက်ပြီးတော့လည်း စောစောက သစ်သားခုံကလေးတွင်ပင် သူတို့နှစ်ယောက် ပြန်ထိုင်မိကြသည်။ စောစောက ရိုက်ထားခဲ့သော ပုံလေးနှစ်ပုံကို မိုးနှင့်အတူ ပြန်ကြည့်မိတော့ မိုးက သူ့ကို “နောက် ၁ဝ လောက်နေလို့ ဒီပုံလေးတွေ ပြန်ကြည့်မိရင် ဘယ်လိုနေမလဲ မသိဘူးနော်“ ဟု ပြောပြန်သည်။ သည်လို အနာဂတ်ကို မျှော်မျှော်ကြည့်သော စကားမျိုး မိုးဆီက သူ ခဏခဏ ကြားရသည်။ အခု ထပ်ကြားရပြန်တော့ နောက် ၁ဝ နှစ်ဝေး၍ နောက် ၁ဝ ရက်ပင် တွေးမကြည့်ဖူးသော သူ့ကိုယ်သူ သူ ပြန်အံ့သြရပြန်သည်။ သူ တခါမှ မိုးလို တွေးမကြည့်ဘူး။ တွေး၍လည်း မရ။ ဘဝတွင် မည်သည့်အရာကိုမျှ သူ ကြိုတင်စီစဉ်လိုခြင်း၊ သတ်မှတ်လိုခြင်း မရှိ။ ဘာကိုမှ သူ စနစ်တကျ ဇယားမချလို။ ဒါကြောင့်ပဲ သူ့ဘဝ ဖြစ်ချင်တာ ဖြစ်ပျက်ချင်တာပျက်နေခြင်းလား သူ စဉ်းစားမိပြန်သည်။
ဘာပဲပြောပြော အဲလ်ဘတ်ကမူး၏ မားဆိုးနှင့် သစ္စာနီ၏ မင်းဝေ တို့ကို သူ မကြာမကြာ သတိရတတ်ကြောင်းတော့ သူ ဝန်ခံရန် အသင့်ရှိပါသည်။ ထိုစဉ် “အကို ဘာတွေစဉ်းစားနေရပြန်တာလဲ“ ဟု မိုးဆီက အသံထွက်လာပြန်သည်။ အတွေ့အကြုံ ရှိပြီးဖြစ်၍ “သြော် .. အဲဒီလောက်ဆို မိုးနဲ့ အကို နှစ်ယောက်တည်း မဟုတ်တော့ဘဲ သားလေးတွေ သမီးလေးတွေပါ ရှိနေရောပေါ့လို့ စဉ်းစားနေတာ မိုးရဲ့“ ဟု သူ ခပ်သွက်သွက် ပြန်ဖြေလိုက်ရသည်။ မိုးက ရှက်ပြုံးဖြင့် သူ့လက်ကို ဖျစ်ညှစ်လိုက်တော့ သူလည်း မိုးလက်ကလေးကို ညင်သာဖွဖွ ဆုပ်နယ်လိုက်မိသည်။ သည်ရက်ပိုင်းအတွင်း လေးပါးမြောက်သီလကို သူ အကြိမ်ကြိမ် ချိုးဖောက်မိနေလေသည်။
နောက်နေ့ မနက်စောစောတွင်တော့ မိုး နေထိုင်ရာ တိုက်ရှေ့မှာပဲ မိုးနှင့်သူ စကားပြောဖြစ်ကြသည်။ သူ ခဏနေ ပြန်တော့မည်မို့ မိုးကို နှုတ်ဆက်ရင်း နောက်တခါ ထပ်တွေ့မည့်အချိန်ကို မိုးက ပြောနေပြန်သည်။ သူ မိုး စကားတွေကို အလိုက်သင့်အလျားသင့် ပြန်ပြောနေရင်း စကားစက ပြတ်တောက်သွားပြန်သည်။ သူထင်ထားသည့်အတိုင်း မိုးဆီက “အကို့ကြည့်လိုက်ရင် အမြဲတမ်း ငူငူငိုင်ငိုင်နဲ့“ ဟု ပြောသံထွက်လာပြန်သည်။ အမှန်တော့ သူ ငူငူငိုင်ငိုင် နေခြင်းမဟုတ်ပါ။ သူ့ဘဝ၏ ခဏငယ်တိုင်း အစိတ်အပိုင်းတိုင်းတွင် သူ သည်သို့သာ နေတတ်ပါသည်။ မိုး ကိုတော့ ဒါတွေ သူ ရှင်းပြမနေချင်တော့။ “ဒီလိုပါပဲ မိုးရဲ့“ ဟုသာ သူ ပြန်ပြောရင်း ဝင်းဝင်းစက်စက် သာယာလှပနေသော လွိုင်လင်၏ နံနက်ခင်းကို သူ သတိပြုမိသည်။ တဆက်တည်း မောင်ချောနွယ်၏ “လိုအပ်တာထက် ပိုမို လှပသာယာလာ“ ဟူသော ကဗျာတစကို သူ သတိရလာပြန်သည်။ “ကြည့် .. ပြောနေရင်း၊ ဆိုနေရင်း ဘာတွေ တွေးနေပြန်လဲ မသိဘူး“ ဟု မိုးဆီက အသံ ထွက်လာပြန်သည်။
သူ မောင်ချောနွယ် ကဗျာအကြောင်း စဉ်းစားနေမှန်း မိုးကိုပြောဖို့ သူ စိတ်ကူးလိုက်မိပြီးမှ သူ့စိတ်ကူးသူ ချက်ချင်း ပြန်ဖျက်လိုက်သည်။ ဆရာချောကို မိုးသိမည်မထင်။ ရှိပါစေ။ သည်အတိုင်းပဲ ရှိပါစေ။ သူ ရှင်းပြဖို့ မကြိုးစားတော့။ မိုးကတော့ သူ့ကို နားမလည်သလို ကြည့်နေသည်။ နားမလည်တာ သဘာဝ ကျတာပါပဲ … နားလည်တာမှ သဘာဝမကျတာပါ မိုးရယ် … ဟု သူ့စိတ်ထဲက ပြောမိပြန်သည်။ နောက် “ငါ ပေါင်းရတဲ့ အရာတွေ မှန်သမျှ မကောင်း၊ ငါ မပေါင်းရတဲ့ အရာမှန်သမျှသာ ကောင်းခဲ့“ ဟူသော ကဗျာ နောက်ဆက်တွဲကို ထပ်သတိရလာပြန်သည်။ သည်စာသားတွေကိုတော့ မိုးသိလို့မဖြစ်။ သိလျှင် သူ့ကို အကြီးအကျယ် စိတ်ကောက်လိမ့်မည် (စိတ်ဆိုးရက်မည်ဟုတော့ သူမထင်ပါ)။ မိုး ရုံးသွားဖို့ ပြင်ရဆင်ရဦးမည်မို့ မိုးကိုသူ နောက်ဆုံး နှုတ်ဆက်လိုက်တော့ မိုး မျက်နှာလေး ညှိုးသွားသည်။ သူ မိုး ခေါင်းလေးကို တချက်ပုတ်၍ နှုတ်ဆက်လိုက်ပြီး တည်းခိုခန်းသို့ ပြန်ထွက်ခဲ့သည်။ မနက် ၁ဝ နာရီမှ ကားထွက်ပါသည်။
သူ တောင်ကြီး ပြန်ရောက်တော့ နေ့လယ်တနာရီ။ သူ အချိန်မဆိုင်းတော့ဘဲ အေးသာယာသို့ ပြန်ဆင်းခဲ့သည်။ အပြန်တွင်လည်း အသွားတုန်းကလိုပဲ ရန်ကြီးအောင် ဖြစ်သည်။ ညနေ ၃ နာရီ အေးသာယာမှ စထွက်သော ကားက နောက်နေ့မနက် ၇ နာရီလောက် အောင်မင်္ဂလာသို့ ရောက်သွားသည်။ ထုံးစံအတိုင်း သူ ဘတ်စ်ကားဖြင့် Queen’s park သို့ ပြန်ရောက်လာသည်။ တလမ်းလုံး အိပ်ပျက်ခဲ့သည်မို့ သူ ဘယ်မှမထွက်တော့။ တနေ့လယ်လုံး ဟိုတယ်မှာပဲ အိပ်နေလိုက်သည်။ ညနေကျတော့ သူငယ်ချင်း တယောက်ထံမှ ညဘက်ဆုံရန် သူ့ဆီ ဖုန်းဝင်လာသည်။ သူ ရေချိုးပြီး ဆုံရန် အချိန်နည်းနည်း စောနေသေးသော်လည်း မြို့ထဲသို့ လျှောက်ကြည့်ရန် ဟိုတယ်မှ ထွက်လာခဲ့သည်။
သူ ထွက်လာလာချင်းပဲ ခရစ်လမ်းပေါ်တွင်ကော သိမ်ဖြူလမ်းပေါ်တွင်ပါ နတ်သမီးကလေးတွေကို နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ တွေ့ရပြန်သည်။ အနော်ရထာတလျှောက် လျှောက်လာရင်း လမ်း ၄ဝ ထိပ်တွင်လည်း ထုံးစံအတိုင်း တွေ့ပြန်သည်။ တချို့ကတော့ မျက်နှာသိ။ သူ မရောက်ဖြစ်တာ နှစ်ပေါက်ခဲ့ပြီမို့ တချို့ကလည်း မျက်နှာစိမ်းတွေ ဖြစ်နေသည်။ သူ့သူငယ်ချင်းတွေ ရှိရာ သီတာလမ်းသို့ သူရောက်တော့ ည ၇ နာရီ။ ထုံးစံအတိုင်း မီးကပျက်နေပါသည်။
နောက်ဆုံးတော့လည်း ဖြစ်နေကျ အစီအစဉ်တွေအတိုင်း သူတို့ ကေတီဗီသို့ ရောက်သွားသည်။ မင်္ဂလာဈေးထဲက Infinity ။ တနာရီ ၃ဝဝဝ ကျပ်၊ မြန်မာတလုံး ၂၅ဝဝ ကျပ်။ ကောင်မလေးတွေကတော့ ထုံးစံအတိုင်း ဟိုဘက်ခန်းသည်ဘက်ခန်း ကူးလိုက်သန်းလိုက်။ ဟိုလွန်ခဲ့သော နှစ်များစွာက ကေတီဗီညတွေအကြောင်း သူ့စိတ်ပြန်ရောက်သွားပြီး သူ ပျော်သလို ဖြစ်သွားမိသေးသော်လည်း သိပ်မကြာခင်မှာပဲ သူ ပြန်ငြီးငွေ့သွားပြန်သည်။ တော်သေးသည်။ ကောင်မလေးတွေက ဘာမှ မမှာသဖြင့် သူတို့ အကုန်အကျ သက်သာသွားသည်။ သူ စိတ်ထဲက မပါ့တပါဖြင့် သူ့နံဘေး ပူးပူးကပ်ကပ် လာထိုင်နေသော ကောင်မလေးနှင့် စကားစမြည် ပြောနေရသည်။ ပတ်စာခွာတော့ ည ၁၂ နာရီ။ သူ့အိတ်ထဲက ထောင်တန်လေးရွက် ကောင်မလေးအိတ်ထဲ ရောက်သွားသည်။
နောက်တရက် ညနေ ၆ နာရီတွင်တော့ သူ ရန်ကုန်ကို ကျောခိုင်းခဲ့ပြီဖြစ်သည်။ သူ အိပ်ရေးပျက်နေသည်မှာ ၄-၅ ရက်ရှိပြီမို့ သည်တခါတော့ သူ ဟန်မဆောင်နိုင်တော့။ တလမ်းလုံး အိပ်လျက်ပါသွားသည်။ သူတို့ကား ဘားအံကိုရောက်တော့ တံတားကမဖွင့်။ စောင့်အိပ်ရုံမှလွဲ၍ အခြားနည်းမရှိ။ သူကလည်း အိပ်ချင်နေသည်မို့ ဘာမှ ညည်းညူ မနေလိုတော့။ တံတားကတော့ မနက် ၅ နာရီမှ ဖွင့်လေသည်။ သူ ဘားအံကို ရောက်တော့ မနက် ၆ နာရီ။ အချိန်စောနေသည်မို့ သူငယ်ချင်းကို သွားမနှိုးလိုတော့။ သူ့ဘာသာ လ္ဘက်ရည်ဆိုင်ပဲ ထိုင်နေလိုက်သည်။ ဘားအံမှ သူဗင်ကားဖြင့် မြဝတီသို့ ထွက်လာတော့ မနက် ၈ နာရီ။ ရောက်တော့ နေ့လယ်တနာရီ။ သူ အချိန်မဆိုင်းတော့။ မဲဆောက်ဘက်သို့ကူးရန် ခိုးဂိတ်သို့ ထွက်လာခဲ့သည်။ ခိုးဂိတ်ကိုရောက်တော့ သူ တဖက်ကမ်းကို လှမ်းမျှော်ကြည့်လိုက်သည်။ ဟိုဘက်မှာ သူနေထိုင်ရာ မဲဆောက်။ ဟိုဘက်ကမ်းက မီးထိန်ထိန်။ ဘဝတွေကို သောင်ရင်းမြစ်က တိတိပပ ပိုင်းခြားထားသည်။ သူ တွေးနေရင်းက မဆီမဆိုင် မိုးကို ဖျတ်ခနဲ သတိရလိုက်ပြန်သည်။ “အစ်ကို ပျော်ရဲ့လား“ ဟု ဘုရားရင်ပြင်တော်ပေါ်တွင် သူ့ကို မေးလိုက်သော မိုးအသံကို သူ ကြားယောင်လိုက်မိသည်။ ခုနေများ မိုးက သူ့ကို ထပ်မေးလာလျှင် သူ ညာဖို့ လိုမည်မထင်တော့။ အိမ်ပြန်ရတော့မည်မို့ သူ ပျော်နေမိပါသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment