Thursday, September 3, 2009

ကျည်ဆံ၊ ရေနံ၊ အီရန်နဲ့ သမိုင်းနိဂုံး

ရဲနွယ်မိုး

အီရန်မှာ ဖြစ်ခဲ့တဲ့ လူထုအုံကြွမှုတွေက တကယ့်ကို ထူးထူးခြားခြားပါ။ အရှေ့အလယ်ပိုင်းက ရေနံနိုင်ငံတခုမှာ လူထုအုံကြွတယ်ဆိုတာ ရှာမှရှား။ အကြောင်းက အရှေ့အလယ်ပိုင်း နိုင်ငံအများစုရဲ့ အာဏာက သေနတ်ပြောင်းဝနဲ့ ရေနံစည်ကနေ လာပါတယ်။ ကျည်ဆံနဲ့ ရေနံ ပေါင်းစပ်ထားတဲ့ အာဏာကို လူထုဖြုတ်ချနိုင်ဖို့ သိပ်ခက်ပါတယ်။

ရေနံဟာ အရှေ့အလယ်ပိုင်းအတွက် သယံဇာတကျိန်ဇာဖြစ်သလို၊ ဒီမိုကရေစီ မပေါ်ထွန်းစေတဲ့ အဓိက အကြောင်းတရားပါ။ ဘုရင်တွေ၊ အာဏာရှင်တွေက သူတို့ပါဝါ (အာဏာ) ရပြီဆိုတာနဲ့ ရေနံစည်နဲ့ အကာအကွယ်ယူပြီး၊ ရန်သူပြိုင်ဘက်တွေကို သတ်ဖြတ်ပါတယ်။ ရေနံကရတဲ့ ဓနနဲ့ ပြည်တွင်းနှိပ်ကွပ်ရေး ယန္တရား တည်ဆောက်ပါတယ်။ ပြည်သူ့ဆန္ဒနဲ့ လွတ်လပ်ခွင့်ကို ငွေနဲ့ ပေးလျော်ထားပါတယ်။

ဒါပေမဲ့ အရှေ့အလယ်ပိုင်းမှာ ရေနံစည်ပေါ် ခွထိုင်ထားတဲ့ သက်ဦးဆံပိုင်မင်းကို စစ်အာဏာသိမ်းတာမျိုး မဟုတ်ဘဲ၊ လူထုတော်လှန်ရေးနဲ့ ဖြုတ်ချဖူးတဲ့ ဇာတ်လမ်းရှိတယ်ဆိုရင် ဒါက တခြားမဟုတ်ပါ။ အီရန်ပဲ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်မှာ အီရန်လူထုက အယာတိုလာခိုမေနီရဲ့ ဦးဆောင်မှုနဲ့ ရှားဘုရင်ကို တော်လှန်ဖြုတ်ချနိုင်ခဲ့တယ်။ ရေနံက ရတဲ့ငွေနဲ့ စစ်တပ်နဲ့ ရဲအဖွဲ့ကို ကောင်းကောင်းထိန်းချုပ်ထားတဲ့ ရှားကို လူထုက ပြောင်ပြောင်တင်းတင်း အာခံပြကြတယ်။ ကျည်ဆံ အပစ်ခံသင့်သလောက်ခံပြီး ရှားအာဏာကို ရိုက်ချိုးပစ်ကြတယ်။ အဆုံးမှာ မြင်းစီးပုလိပ်တွေက ရှားအစိုးရကို နောက်တကြိမ် အကာအကွယ် မပေးနိုင်တော့ပါ။

ရှားကိုဖြုတ်ချခဲ့တဲ့ အစ္စလာမ် တော်လှန်ရေးအုပ်စုဟာ ကနေ့ထိ အာဏာကိုထိန်းချုပ်ဖို့ ရှားရဲ့ ဖော်မြူလာအတိုင်းပဲ ပြန်ယူထားခဲ့တာ။ ရေနံက ရတဲ့ ဓနနဲ့ အာဏာကို ကောင်းကောင်းကိုင်ထားတယ်။ အီရန်ဟာ ကမ္ဘာ့နံပါတ် ၅ ပမာဏ အများဆုံး ရေနံစိမ်းတင်ပို့သူ ဖြစ်ပါတယ်။ ရတဲ့ပိုက်ဆံနဲ့ ပေါချောင်ကောင်း အိမ်ယာတွေ ဆောက်ပေးတယ်။ ရာထူးလစာ ကောင်းကောင်းပေးတယ်။ အစားအစာ၊ ဒီဇယ်၊ ဓာတ်ဆီ ပံ့ပိုးတယ်။ တော်လှန်ရေးအစောင့်တပ်ဖွဲ့ (Revolutionary Guard) ခေါ်တဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေအတွက် ပုံအောထည့်ထားတယ်။

အီရန်ကို အုပ်စိုးထားတဲ့ ဘာသာရေးခေါင်းဆောင်တွေဟာ ရက်စက်ပြီး အကြင်နာခေါင်းပါးသူတွေ။ သူတို့ရဲ့ နှလုံးသားမဲ့မှုကို အများမမြင်သာအောင် ရွေးကောက်ပွဲတွေ လုပ်ပေးပြီး ဖုံးဖိထားပါတယ်။ သူတို့ ကျင်းပပေးတဲ့ ‘ဟန်ပြ ရွေးကောက်ပွဲတွေ’ (faux elections) က ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းကို အစကတည်းကိုက တင်းတင်းရင်းရင်း ကြိုးကိုင်ထားပြီးသား။

အီရန်လူထုအဖို့ ရွေးစရာနှစ်လမ်းပဲရှိမယ်။ မာမွဒ် အမာဒင်နီဂျက်လို အစွန်းရောက်ကို ရွေးမလား၊ အတိုက်အခံ မီယာဟူစိန် မိုဆာဗီလို ပျော့ပျောင်းသူကို ယူမလား။ ဒီလိုအုပ်ချုပ်ရေး အနေအထားမှာပဲ လူထုရဲ့ အစာမကြေ ပေါက်ကွဲသံစဉ်တွေက တက်လာတယ်။

အလုပ်လက်မဲ့ ၂၀ ရာနှုန်းနဲ့ ဖောင်းပွမြင့်တက်လာတဲ့ လူဦးရေက အယာတိုလာတွေ ကန့်သတ်ပေးတဲ့ သူတို့ဘဝစတိုင်ကို စိတ်ပျက်ငြီးငွေ့နေပြီ။ မိုဇာဗီက သူတို့ဘဝကို တစုံတရာ ပြောင်းပေးနိုင်မယ့် ပုံပေါ်လို့ ရွေးကောက်ပွဲမှာ အားပေးလိုက်ကြတယ်။ ဒီတော့ အမာဒီနီဂျက် အစိုးရလည်း ထိတ်ထိတ်ပျာပျာနဲ့ ရွေးကောက်ပွဲ ရလာဒ်ကို အနုကြမ်းစီးတော့တာပါပဲ။

ပညာရှင်တယောက် ပြောသလိုဆိုရရင် ဒီမိုကရေစီဆိုတာ မဲပေးတာမဟုတ်၊ မဲရေတွက်တာ (Democracy is not the voting, it’s the counting.)။ အီရန် မော်လဝီဆရာကြီးတွေက ရွေးကောက်ပွဲတွေလုပ်ပေးပြီး လူထုမဲပေးအောင်တော့ အမြဲခွင့်ပြုပါရဲ့။ ဒါပေမဲ့ ပြဿနာက မဲရေတွက်ရင် စပါပြီ။ သူတို့ကိုင်ထားတဲ့ လူပဲ အနိုင်ရစမြဲပါ။ ဘယ်လိုပဲဖြစ်ဖြစ် အခုမော်လဝီတွေရဲ့ ဟန်ပြရွေးကောက်ပွဲက ဆန္ဒပြလှုပ်ရှားနိုင်ဖို့ ’စပေ့ (space)’ တွေ ပွင့်အာထွက်လာပါတယ်။ ရှားကိုဖြုတ်ချခဲ့တ့ အစ္စလာမ်တော်လှန်ရေး အင်အားစုကို တန်ပြန်တော်လှန်ဖို့ အစပျိုးခြင်းပါ။

သမိုင်းကြောင်းအရ အီရန်အစိုးရဟာ သူ့ရဲ့ ’တရားဝင်မှု’ ကို ရင်းမြစ် ၄ ခုကနေ ရရှိပါတယ်။ နိုင်ငံ့အရေးအရာ ကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်မှု၊ တရားဝင် ဘာသာရေးအာဏာ ပြဋ္ဌာန်းနိုင်မှု၊ အချုပ်အခြာနဲ့ လွတ်လပ်ရေး ကာကွယ်မှု၊ လူထုကို တည်ငြိမ်အောင် ထောက်ပံ့နိုင်မှု။ အခု ဒီ ၄ ချက်စလုံး ထိုးကျဆင်းနေပါတယ်။

ဇွန်လ ၁၂ ရက် ရွေးကောက်ပွဲ မဲ, ကုလားဖန်ထိုးမှုက သမ္မတ အမာဒင်နီဂျက်ကို တရားရုံးတော် ကြားနာဆုံးဖြတ်မှု ယူရတဲ့အထိ ဖိအားပေးနိုင်ခဲ့တယ်။ နိုင်ငံ့ဥသျှောင်နဲ့ ပါလီမန်တို့ဟာ ‘အလာရှင်မြတ်’ ဆီက မဟုတ်ဘဲ၊ ‘လူထုမဲ’ ဆီကပဲ လာသင့်တယ်ဆိုပြီး အခြေခံဥပဒေမှာ ရှင်းရှင်းလုပ်ဖို့ တောင်းဆိုလာကြတယ်။

မော်လဝီများလက်က အာဏာဟာ စစ်တပ်ဆီ တဖြည်းဖြည်းရွေ့နေပြီး၊ အရှေ့အလယ်ပိုင်း အာဏာရှင် ပုံစံသစ်တခု ပေါ်ထွက်မယ့် ပုံပါ။ အမေရိကန်နဲ့ အစ္စရေးတို့ထင်တဲ့ အယာတိုလာတွေက နျူနဲ့ ကမ္ဘာဖျက်မယ့် အတိသယဝုတ္တိက လက်တွေ့မကျလှပါ။ တကယ်တော့ အယာတိုလာတွေရဲ့ ဩဇာက ကျဆင်းလာနေပါတယ်။

အချုပ်အခြာပိုင်ခွင့် အကြောင်းပြတဲ့ ဆင်ခြေဆင်လက်တွေလည်း လျော့လာတယ်။ အရင် အမေရိကန် သမ္မတဂျော့ဘုရှ် သက်တမ်းမှာ စစ်ရေးခြိမ်းခြောက်မှုနဲ့ စီးပွားရေးပိတ်ဆို့မှုတွေက အီရန်အစိုးရ လူထုကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ဖို့ အများကြီး အကျိုးဖြစ်စေပါတယ်။ အခု သမ္မတ အိုဘားမားရဲ့ ထိပ်တိုက်မတိုးရေး ချည်းကပ်မှုက အီရန်အစိုးရအဖို့ လူထုရှေ့ သူရဲကောင်းလုပ်ပြဖို့တော့ ခက်နေပါတယ်။

နောက်ဆုံးတော့ အမာဒင်နီဂျက်က တရားရုံးဆုံးဖြတ်ချက်နဲ့ ဩဂုတ်လဆန်းမှာ သမ္မတ ပြန်ဖြစ်လာပြီး၊ ဆန္ဒပြသူတွေကတော့ အသတ်ခံရ၊ အဖမ်းခံရ ရုံးတင်ခံရပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အီရန်အရေးဟာ အရှေ့အလယ်ပိုင်းတခုလုံးရဲ့ ဒီမိုကရေစီအရေးနဲ့ အစ္စလာမ်အရေးမို့ တကမ္ဘာလုံးက စောင့်ကြည့်နေရပါတယ်။

အခု အီရန်ကိစ္စကလည်း ဖရန်စစ် ဖူကူယားမားရဲ့ ‘သမိုင်းနိဂုံး’ အဆိုကို စိန်ခေါ်နေပြန်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ဖရန်စစ် ဖူကူယားမားက လစ်ဘရယ်ဝါဒ မက်စ်ဝါဒအပေါ် အောင်ပွဲခံပြီး သမိုင်းနိဂုံး ချုပ်ပြီလို့ ကြွေးကြော်ပါတယ်။ အိုင်ဒီအိုလော်ဂျီ ပဋိပက္ခ မရှိတော့၊ လစ်ဘရယ် ဒီမိုကရေစီမှတပါး ရွေးစရာလမ်း မရှိတော့။ သေးသေးမွှားမွှား ပြဿနာလေးတွေပဲ ကျန်တော့မယ် ဆိုပါတယ်။

ဒါပေမဲ့ ၁၉၈၉ ခုနှစ် ရဝမ်ဒါနိုင်ငံ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကနေ အကြမ်းဖက်ဝါဒ၊ ရွှေဝါရောင် တော်လှန်ရေး၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနဲ့ အခု အီရန်အရေးအထိ အသေးအဖွဲတွေ မဟုတ်ပါ။ အမေရိကန် ပေါ်လစီကိုယ်တိုင်တောင် အာဏာရှင်တို့ကို ထိတွေ့ဆက်ဆံလာရမှတော့ ‘သမိုင်းနိဂုံး’ အဆိုဟာ အငြင်းပွား နေရဦးမှာပါပဲ။ ။

No comments: