Sunday, September 20, 2009

ကိုးကန့် (သို့မဟုတ်) အမျိုးသားပြန်လည်တိုက်ခိုက်ရေးပြယုဂ်

ကျော်ဗလ

နှစ်ပေါင်းနှစ်ဆယ်ကြာ ငြိမ်းချမ်းတည်ငြိမ်နေခဲ့တဲ့ ကိုးကန့်ဒေသရဲ့ လောက်ကိုင်ကွင်းပြင်ကျယ်ကြီးထဲမှာ သြဂုတ်လ (၂၈) ရက်နေ့ က တော့ သေနတ်သံတွေ၊ ဗုံးအမြောက်သံတွေ ဆူညံစွာ ပြန်လည်ပေါက်ကွဲထွက်ပေါ်လာခဲ့ပြန်ပါပြီ။ လောက်ကိုင်ကွင်းထဲက စတင် ထွက် ပေါ် လာတဲ့ သေနတ်သံတွေဟာ ချင်းရွှေဟော်နယ်စပ်အထိ ကိုးကန့်တခွင်တပြင်လုံး ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ အဓိကတော့ ကိုးကန့် ရှမ်းပြည်အထူးဒေသ (၁) မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (MNDAA) ရဲ့ ဥက္ကဋ္ဌ ဦးဖုန်ကြားရှင်ရဲ့ ဂိုဒေါင်ကို ရဲ အဖွဲ့ လက်နက်တက်ရှာရာက စတယ်လို့ဆိုပါတယ်။ တကယ်တော့ ဒါဟာ နအဖက အစီအစဉ်ရှိရှိ ပြဿနာရှာတာပါ။ ဒီလိုပြဿနာ ရှာ နိုင်အောင်လည်း အခုတလော အမေရိကန်နဲ့ ပလူးပလဲ လုပ်တာများ နေတဲ့ နအဖကို တရုတ်က မျက်နှာလိုအားရ သတင်းပေးခဲ့လို့ပါ။


ပြောရရင် အမေရိကန်နိုင်ငံသား ယက်တောကိစ္စလိုပဲ ပြသာနာရှာချင်လို့ ဇာတ်လမ်းဆင်ခဲ့ကြတာပါ။ ဒါကြောင့်လည်း ကိုးကန့် MNDAA အဖွဲ့ ဒု-ဥက္ကဋ္ဌနဲ့ လက်နက်ကိုင်အင်အားတချို့က အစိုးရတပ်နဲ့ လာရောက်ပူးပေါင်းပြီး ဦးဖုန်ကြားရှင်အဖွဲ့ကို ပြန်လည်တိုက်ခိုက်နေပြီဆိုတဲ့ နအဖရဲ့ ထိုးဇာတ်၊ လုပ်ဇာတ်တွေ ထွက်ပေါ်လာနေတာဖြစ်ပါတယ်။

အခုလို နအဖတပ်တွေနဲ့ ဒု-ဥက္ကဋ္ဌအဖွဲ့တို့က ပူးပေါင်းပြီး ဦးဖုန်ကြားရှင်ကို ၀ိုင်းဝန်းတိုက်ခိုက်နေကြပြီဆိုတော့လည်း သူနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ UWSA တပ်ဖွဲ့တွေကလည်း ဦးဖုန်ကြားရှင်ဘက်က ပါဝင်ကူညီတိုက်ခိုက်ကြတော့မှာပေါ့။ ဒီလိုနဲ့ တိုက်ပွဲအရှိန်အဟုန် ကျယ်ပြန့်ပြင်းထန်လာခဲ့ပြီး ကိုးကန့်နဲ့ဝ နယ်စပ်အထိ ပျံ့နှံ့သွားခဲ့ရပါတယ်။ အကြမ်းဖျင်း စာရင်းချုပ်လိုက်တော့ စစ်သားနဲ့ ရဲ (၃၀) ထက်မနည်းကျဆုံးပြီး (၁၀၀) ကျော်ကျော်ခန့် ဒဏ်ရာရခဲ့ကြတယ်လို့ဆိုပါတယ်။ ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ကိုးကန့်လူထု (၃) သောင်းကျော် တရုတ်ပြည်ထဲကို ထွက်ပြေးခိုလှုံသွားခဲ့ကြပြီး ဒီအထဲမှာ ရဲသား (၇) ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီလို ကိုးကန့်ဒေသမှာ တိုက်ပွဲဖြစ်လိုက်တဲ့ နိုင်ငံရေးအဓိပ္ပာယ်ကတော့ နအဖနဲ့ MNDAA တို့အကြား အနှစ်နှစ်ဆယ်ခန့် ထိန်းသိမ်းတည်ဆောက်လာခဲ့တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက် ပျက်ပြားသွားခဲ့ပြီဖြစ်ကြောင်း ဗြောင်အတိအလင်း ကြေညာလိုက်တာပါပဲ။

တကယ်တော့ ကိုးကန့်ဒေသဟာ န၀တခေတ် ၁၉၈၉ ခုနှစ်မှာ ပထမဆုံး စစ်ရပ်စဲလိုက်ပြီး ပထမဆုံး ငြိမ်းချမ်းရေးရယူခဲ့တဲ့ ဒေသပါ။ န၀တရဲ့ အမျိုးသားလက်နက်ကိုင်အဖွဲများနဲ့ ငြိမ်းချမ်းရေးရယူခဲ့တဲ့ သမိုင်းခရီးစဉ်ဟာ ကိုးကန့်ကစပြီး တာထွက်ခဲ့ရ တာပါ။ ၁၉၈၉ ခု နှစ်ဆန်းပိုင်းမှာ ဦးဖုန်ကြားရှင်အဖွဲ့ဟာ န၀တအဖွဲ့နဲ့ လျှို့ဝှက်ဆက်သွယ်ချိတ်ဆက်ခဲ့ပြီးမှ ၀အဖွဲ့၊ မိုင်းလားအဖွဲ့တို့နဲ့ ညှိနှိုင်းသဘောတူညီမှုရယူပြီး ဗကပကို ပုန်ကန်တော်လှန်ခဲ့ကြတာပါ။ ဒါကြောင့် ကိုးကန့်အဖွဲ့ ငြိမ်းချမ်းရေး ရယူသွားချိန်မှာ သံလွင်မြစ်အနောက်ကမ်းမှာ တပ်ချထားတဲ့ ကိုးကန့်တပ်မဟာက ဗကပ မြောက်ပိုင်းဗျူရိုကိုသိမ်းပြီး ‘မုန်းကိုး’ ဒေသကိုပါ ငြိမ်းချမ်းရေး ရယူပေးခဲ့ပါတယ်။ ဧပြီလထဲမှာ ၀တပ်ဖွဲ့တွေကလည်း ဗကပတွေကို မောင်းထုတ်လိုက်ပြီးနောက် မကြာခင် ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ ၀ အဖွဲ့နဲ့ မရှေးမနှောင်းဆိုသလို ဦးစိုင်းလင်းခေါင်းဆောင်တဲ့ မိုင်းလားအဖွဲ့ကလည်း န၀တနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။ ဒီလိုနဲ့ အရှေ့မြောက်ဒေသတခုလုံးမှာ ကိုးကန့်အဖွဲ့က စတင်ထွန်းညှိလိုက်တဲ့ ငြိမ်းချမ်းရေးပွဲတော်ကြီးကို ပျော်ပျော်ပါးပါး ကျင်းပနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် နအဖ အဖွဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအသက်ဝင်လာချိန်မှာ လက်နက်စွန့်ကြဖို့ ကိုးကန့်၊ ၀ အဖွဲ့နဲ့ မိုင်းလားဒေသ စတဲ့ ဗကပ ခွဲထွက်အဖွဲ့တွေကို ချော့တခါ ခြောက်တလှည့်နဲ့ ဖိအားပေးလာခဲ့တာ တနှစ်နီးပါးရှိနေပါပြီ။ နအဖ အမျိုးသားညီလာခံမှာ လွတ်လပ်စွာ ဆွေးနွေးတင်ပြခွင့်တောင်မရခဲ့တဲ့ ငြိမ်းအဖွဲ့တွေအနေနဲ့ လက်နက်မရှိရင် ဘာအမျိုးသားအခွင့်အရေးမှ မရှိဘူးဆိုတာ သဘောပေါက်နေကြပါပြီ။ ဒါကြောင့် ကိုးကန့်၊ ၀ နဲ့ မိုင်းလားအဖွဲ့အားလုံးက လက်နက်စွန့်ရေးဆိုတာကို ခါးခါးသီးသီး ငြင်းဆန်ကြပါတယ်။ ဒီအခါမှာ နအဖအဖွဲ့က “နယ်ခြားစောင့်တပ်ဖွဲ့” အမည်နဲ့ အသွင်ပြောင်းပြီး စစ်တပ်ရဲ့ အုပ်ချုပ်မှုအောက်ကို ဆွဲသွင်းဝါးမြိုပစ်နိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ နအဖရဲ့ ဒီလိုအကြံယုတ်၊ ပရိယာယ်အစုတ်ပလုတ်တွေကို ငြိမ်းအဖွဲ့ (၃) ဖွဲ့စလုံးက တညီတညွတ်တည်း ပုတ်ခါချလိုက်ကြပြန်ပါတယ်။ ဒီတော့လည်း နအဖ အနေနဲ့ “ပြဿနာရှာ အင်အားသုံး-ဖြိုခွဲ-ချေမှုန်းရေး” ပေါ်လစီကျင့်သုံးဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ ဒီပေါ်လစီကို လက်တွေ့ချပြီး ကျင့်သုံးဖို့အတွက် အဓိကပစ်ကွင်းကိုရှာရာမှာ နအဖအတွက် ကိုးကန့်ဒေသဟာ အသင့်လျော်ဆုံးပါပဲ။ ဘာကြောင့် ကိုးကန့်ဒေသဟာ နအဖရဲ့ ပထမဆုံးပစ်မှတ် ဖြစ်လာရပါသလဲ။

ဘာကြောင့်လဲဆိုတော့ ကိုးကန့်၊ ၀၊ မိုင်းလားဒေသ (၃) ခုထဲမှာ ကိုးကန့်ဒေသဟာ အားအနည်းဆုံး၊ အပျော့ဆုံးနေရာ ဖြစ်နေလို့ပါပဲ။ လူဦးရေအရ ၀ နယ်မှာ (၅) သိန်းနီးပါးရှိပြီး မိုင်းလားမှာ တသိန်းဝန်းကျင်ရှိနေပေမယ့် ကိုးကန့်မှာတော့ တသိန်းနီးပါးပဲရှိခဲ့တယ်။ တိုက်ခိုက်ရေးအင်အားအရလည်း ၀ နယ်မြေမှာ (၂ - ၃၀၀၀၀) ခန့်ရှိနေပြီး မိုင်းလားမှာ (၃,၅၀၀) ခန့် ရှိခဲ့ပေမယ့် ကိုးကန်မှာတော့ အင်အား (၂) ထောင်ဝန်းကျင်လောက်ပဲရှိပါတယ်။ ဗကပခေတ်မှာကတည်းက ၀ တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တွေဟာ တိုက်ရည်ခိုက်ရည်ကောင်းပြီး မိုင်းယမ်း၊ မိုင်းယောင်းတိုက်ပွဲကြီးတွေမှာ စစ်ရေစွမ်းရည်ပြနိုင်ခဲ့တဲ့ အဖွဲ့တွေပါပဲ။ ကိုးကန့်ဒေသကတော့ အဓိက အရောင်းအ၀ယ်ကောင်းပြီး စီးပွားရေးလှုပ်ရှားမှုများတဲ့ နယ်မြေဖြစ်ပါတယ်။ ဒါကြောင့်လည်း စီးပွားရေးအခွင့်အာဏာကို အကြောင်းပြုပြီး ကိုးကန့်ခေါင်းဆောင်ပိုင်းထဲမှာ မကြာမကြာဆိုသလို အာဏာလုပွဲတွေ၊ ဂိုဏ်းခွဲမှုတွေ ပေါ်ပေါက်ခဲ့လေ့ရှိပါတယ်။ ဒီအခြေအနေတွေကြောင့်လည်း ကိုးကန့်နယ်မြေဟာ နအဖရဲ့ “အမျိုးသားပြန်လည်သင့်မြတ်ရေးကာလ” က ပထမဆုံး ငြိမ်းချမ်းရေး မဟာမိတ်ဖြစ်ခဲ့သလို အခု နအဖရဲ့ “အမျိုးသားပြန်လည် တိုက်ခိုက်ရေးကာလ” မှာလည်း ပထမဆုံး ရန်သူဖြစ်လာခဲ့ရတာပါပဲ။

တချိန်တည်းမှာ ကိုးကန့်ငြိမ်းချမ်းရေးအဖွဲ့ကလည်း တနေ့ နအဖနဲ့ ဒီလိုပြန်လည်တိုက်ခိုက်ရဦးမယ်ဆိုတာ ခါးသီးနာကြည်းစရာ ငြိမ်းချမ်းရေးအတွေ့အကြုံအရ သဘောပေါက်ထားပြီးသားဖြစ်လို့ ကြိုတင်မျှော်လင့်ထားပြီးသားပါ။ တကယ်တော့ ကိုးကန့်အဖွဲ့ဟာ နအဖရဲ့ ငြိမ်းချမ်းရေးအရသာကို ပထမဆုံး မြည်းစမ်းခွင့်ရခဲ့သလို နအဖရဲ့ “သပ်လျှိုဖြိုခွဲ-အင်အားသုံး-ချေမှုန်း” ဆိုတဲ့ “အမျိုးသားပြန်လည်တိုက်ခိုက်ရေး” ပေါ်လစီကို ပထမဆုံး နာနာကြည်းကြည်း ခါးစည်းခံခဲ့ရတဲ့ အဖွဲ့လည်းဖြစ်တယ်ဆိုတာကိုတော့ မြန်မာကရော ကမ္ဘာကပါ သိခဲ့ကြမှာမဟုတ်ပါဘူး။

၁၉၈၉ ခုနှစ် ဗကပတွေကို တော်လှန်ပုန်ကန်ချိန်က ကိုးကန့်အဖွဲ့ဟာ သံလွင်အနောက်ဘက်ကမ်းရှိ ကိုးကန့်တပ်မဟာမှူး လီနမင် အုပ်ချုပ်နေခဲ့တဲ့ တပ်မဟာလက်အောက်ရှိ မုန်းကိုးဒေသကိုပါ အပိုဆုအဖြစ် အုပ်ချုပ်ခွင့်ရခဲ့ကြတာပါ။

မုန်းကိုးဒေသကို ကိုးကန့်တွေ အုပ်ချုပ်ခွင့်ရနေခဲ့ကြပေမယ့် ဒေသခံပြည်သူလူထုအများကတော့ ဂျိန်းဖောနဲ့ မရူ၊ လရှီးမျိုးနွယ်တွေသာ ဖြစ်ကြပါတယ်။ ဒီအားနည်းချက်ကို နအဖက အသုံးချကာ အုပ်ချုပ်သူ ကိုးကန့်တွေနဲ့ ဒေသခံ ကချင်မျိုးနွယ်တွေအကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားအောင် တို့မီးလျှို့မီးတွေ မွေးပေးခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကိုးကန့်အုပ်ချုပ်သူတွေနဲ့ ဒေသခံတွေအကြား၊ အချင်းများခဲ့ကြပြီး နအဖ အကူအညီနဲ့ မုန်းကိုးဒေသဟာ ကိုးကန့်လက်အောက်က ခွဲထွက်သွားခဲ့ကြပါတယ်။ နအဖ ကလည်း ချက်ချင်းဆိုသလို ဒေသခံ ဦးမုန်ဆာလ ဦးဆောင်တဲ့ မုန်းကိုးငြိမ်းချမ်းရေးအဖွဲ့ကို လက်ခံအသိအမှတ်ပြုလိုက်ကြပါတယ်။ ဒါပေမယ့် မုန်းကိုးဒေသလေးဟာ ငြိမ်းချမ်းတည်ငြိမ်မှု မရခဲ့ရှာပါဘူး။ ဦးမုန်ဆာလရဲ့အဖွဲ့နဲ့ ကိုးကန့်လက်ကျန်တပ်မတော်တို့အကြား ဆက်လက်ဖြစ်ပွားခဲ့ကြတဲ့ ပဋိပက္ခတွေကြောင့် အပြန်အလှန်အာဏာသိမ်းမှုတွေ၊ နယ်မြေလုပွဲတွေ ဆက်ပြီးပေါ်ပေါက်နေခဲ့ကြပါတယ်။ ဒီအခြေအနေကို နအဖ ဗိုလ်ချုပ်ဓားပြကြီးတွေက လားရှိုးမြို့ကနေ အလစ်ချောင်းပြီး အချိန်အခါကောင်းကို စောင့်နေခဲ့ကြပါတယ်။

၂၀၀၃ နိုဝင်ဘာ ယာလည်းညက် ကြက်လည်းပန်းချိန်ရောက်မှ နအဖ အရှေ့မြောက်တိုင်းရဲ့တပ်ရင်း (၉) ရင်းက အကြောင်းမကြား သတင်းမပါးဘဲ မုန်းကိုးဒေသထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ တပ်ရင်းတချို့က မုန်းကိုးကွင်းကို စီးနင်းသိမ်းပိုက်လိုက်ပြီး ငြိမ်းအဖွဲ့ ဒု-ဥက္က၏ ဦးမုန်ဆာလကို ဖမ်းဆီးလိုက်ကြပါတယ်။ တောင်ပေါ်က “ဟေမုန်လုံ” ရွာကြီးမှာ အေးဆေးစွာ တပ်ချအနားယူနေတဲ့ ကိုးကန့်တပ်မတော်ဟောင်းကိုတော့ နအဖရဲ့ တပ်ရင်း (၄) ရင်းက ရုတ်တရက် အလစ်အငိုက် ၀င်ရောက်စီးနင်း တိုက်ခိုက်ချေမှုန်းလိုက်ကြတယ်။ နအဖရဲ့ “သုံ့ပန်းမယူ၊ အရှင်မထားရေး” ပေါ်လစီအရ တပ်မဟာမှူး လီနမင် အပါအ၀င် အနည်းဆုံး ကိုးကန့်သား (၃၅၀) ကျော်မျှ လှံစွပ်ထိုး ပစ်ခတ်သတ်ဖြတ် ခံလိုက်ကြရတယ်။ ဒီလိုနဲ့ ကိုးကန့်တပ်မဟာကြီးက ဟေမုန်လုံသွေးအိုင်ထဲမှာ နစ်မွန်းပျောက်ကွယ်သွားခဲ့ရပြီး မုန်းကိုးငြိမ်းချမ်းရေး ဥက္ကဋ္ဌ ဦးမုန်ဆာလကတော့ ထောင်ဒဏ်နှစ် (၆၀) ကျော်မျှ ကျခံခဲ့ရရှာပါတယ်။ မုန်းကိုးငြိမ်းချမ်းရေး အဖွဲ့ကြီးကတော့ နအဖရဲ့ ကာကွယ်ရေးဘ၀ကို ကူးပြောင်းရောက်ရှိသွားခဲ့ပါပြီ။ ငြိမ်းအဖွဲ့ကို ကာကွယ်ရေးအသွင်ပြောင်းရာမှာ အုပ်ချုပ်စီမံမှုကောင်းတဲ့ ရမခတိုင်းမှူး သီဟသူရ တင်အောင်မြင့်ဦးကတော့ တွင်း (၁) အဖြစ် သူကောင်းပြုခြင်းခံခဲ့ရပါတယ်။

ဒါပေမယ့် အဆင့်နေရာနဲ့ အကျိုးစီးပွားအဆိပ်တွေ ထိပ်တက်နေကြတဲ့ ကိုးကန့် ငြိမ်းခေါင်းဆောင်တွေအကြားမှာ အမှတ်သည်းခြေ ကြီးကြီးမားမား ရှိကြပုံတော့မရပါဘူး။ ကိုးကန့် ငြိမ်းအဖွဲ့ခေါင်းဆောင်တွေထဲမှာလည်း ဖုန်ဂိုဏ်းနဲ့ ရန်ဂိုဏ်းရဲ့ ပဋိပက္ခက အလွန်ကြီးမားပြင်းထန်ခဲ့ကြပါတယ်။ ဖုန်ဂိုဏ်းရဲ့ အဓိကပုဂ္ဂိုလ်တွေက ဖုန်ကြားရှင်နဲ့ ဖုန်ကြားဖူးတို့ ညီအစ်ကိုဖြစ်ပြီး ရန်ဂိုဏ်းရဲ့ အဓိက ပုဂ္ဂိုလ်တွေကတော့ ရန်မိုးလျှံနဲ့ ရန်မော်အန်းတို့ပါပဲ။ ဖုန်ဂိုဏ်းညီအစ်ကိုတို့က အဓိက စစ်ရေးခေါင်းဆောင်မှုမှာ ထူးချွန်ပြီး နအဖနဲ့ ပထမဆုံး ဆက်သွယ်ကမ်းလှမ်းခဲ့သူများဖြစ်ပါတယ်။ ရန်ဂိုဏ်းညီအစ်ကိုကတော့ စီးပွားရေးကျွမ်းကျင်ပြီး ဗကပ လက်ထက်ကတည်းက ကိုးကန့်မှာ အကြွယ်ဝအချမ်းသာဆုံး ပုဂ္ဂိုလ်တွေဖြစ်ခဲ့ကြပါတယ်။

ပြောရရင် သူ့နည်းသူ့ဟန်နဲ့သူ ကိုးကန့်မှာ အရှိန်အ၀ါသြဇာကြီးနေတဲ့ ဖုန်ဂိုဏ်းနဲ့ ရန်ဂိုဏ်းတို့ဟာ ဂူတဂူထဲမှာ နှစ်ကောင်မအောင်းနိုင်ကြပါဘူး။ ဒီအကြော၊ ဒီအထာကို နားလည်နေတဲ့ ဗိုလ်ခင်ညွန့်တို့အဖွဲ့က သပ်လျှိုမီးတို့ပေးလိုက်တာနဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ လက်နက်ကိုင်ပေါက်ကွဲမှုတွေ ထဖြစ်ကုန်ကြတာပါပဲ။ ကျွဲနှစ်ကောင် အသေအကျေ ခတ်ကြချိန်မှာတော့ နအဖလည်း တောင်ပေါ်က ထိုင်ကြည့်နေတာပေါ့။ နောက်ဆုံးတော့ စစ်ရေးအရ ‘ဖုန်ဂိုဏ်း’ ကို မယှဉ်သာလို့ ကိုးကန့်က ထွက်ခွာလာရတဲ့ ‘ရန်ညီအစ်ကို’ ကို ဗိုလ်ခင်ညွန့်က ကြိုဆိုပြီး နောင်ချိုမြို့နားမှာ ‘ငြိမ်းချမ်းရေး’ ရွာ တည်ထားပါတယ်။ ရွာနာမည်က ‘ရွှေပြည်ညွန့်’ ပါ။ အခုလို နအဖနဲ့ ဖုန်တို့အဖွဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ကြပြီဆိုမှတော့ ‘ရွှေပြည်ညွန့်မှာ’ အခွင့်အခါစောင့်နေခဲ့တဲ့ ရန်အဖွဲ့ကလည်း စစ်အစိုးရဘက်က ပါဝင်တိုက်ခိုက်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။

အမှန်ပါပဲ။ အင်အားထောင်ဂဏန်းမျှသာရှိတဲ့ ကိုးကန့်အဖွဲ့အနေနဲ့ တပ်ရင်းပေါင်း (၃၀) ကျော်ပါဝင်တဲ့ နအဖ ထိုးစစ်ကို ဘယ်လိုမှ ယှဉ်နှိင်မှာမဟုတ်ပါဘူး။ အချိန်တိုအတွင်း ကိုးကန့်နယ်ထဲက ဆုတ်ခွာပေးကြရမှာပါ။ ဒါပေမယ့် တိုက်ပွဲကတော့ ပြီးဆုံးငြိမ်းသေသွားမှာ မဟုတ်ပါဘူး။ ပြောက်ကျားစစ်ရေးလှုပ်ရှားမှုတွေ၊ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေဦးမှာပါ။ ဒါ့အပြင် ကိုးကန့်ပြီးရင် သူတို့အလှည့်ပဲလို့ သဘောပေါက်နေတဲ့ ၀တပ်ဖွဲ့ ထောင်ဂဏန်းအချို့လည်း ဖုန်အဖွဲ့ဘက်က ပါဝင်တိုက်ခိုက်တယ်လို့ သိရပါတယ်။ ဖုန်ကြားရှင်ရဲ့ သမက် အရင်းကြီးဖြစ်တဲ့ စိုင်းလင်းရဲ့ မိုင်းလားက တပ်ရင်း (၃) ရင်းလည်း ၀ နယ်မြေထဲမှာ အသင့်ရှိနေကြပါပြီ။ မဟာမိတ်ဖွဲ့ထားတဲ့ KIA ကလည်း အတော်အလှမ်းဝေးတာတောင် ပါဝင်ကူညီ တိုက်ခိုက်ဖို့ တပ်ရင်း (၂) ရင်း စေလွှတ်ထားတယ်လို့ ဆိုပါတယ်။ သေချာတာ ဗမာပြည်အရှေ့မြောက်ပိုင်းမှာ ပြည်တွင်းစစ်သံသရာ ပြန်လည်တော့မှာပါ။

ဒီလိုဖြစ်ရတာ အဓိကအားဖြင့် နအဖမှာ တကယ်တမ်း တိုင်းရင်းသားများနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထား မရှိလို့ပါ။ ဒါကြောင့်လည်း နအဖက ငြိမ်းအဖွဲ့တွေကြားမှာ “သွေးခွဲသပ်လျှို အင်အားသုံးချေမှုန်းရေး” ပေါ်လစီကို တလျှောက်လုံး ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ နအဖရဲ့ ဒီမူဝါဒကြောင့် ရလလဖအဖွဲ့ အစိတ်စိတ်အမြွှာမြွှာပြိုကွဲခဲ့ရပြီး SSA အဖွဲ့လည်း (၄) ဖွဲ့ ကွဲခဲ့ကြရပြီ။ KNU တောင် (၄) မျိုးလောက်ဖြစ်နေပါပြီ။ နအဖ မွေးထားတဲ့ ပဒေါင်ကာကွယ်ရေးကလည်း (၃) ဖွဲ့လောက်ရှိနေပါပြီ။ ငြိမ်းအဖွဲ့ငယ်လေးတွေအပေါ် ဒီပေါ်လစီကျင့်သုံးပြီး ဖြိုခွဲဖျက်ဆီးနေသလို အင်အားကြီးမားတဲ့ KIA၊ ၀ အဖွဲ့ စတာတွေကိုတော့ နအဖက ဖွဲ့စည်းပုံဘောင်အတွင်းဝင်အောင် အဓမ္မအတင်းရိုက်သွင်းနေပါတယ်။

ဗမာပြည်မှာ အမျိုးသား ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ မကြိုးပမ်းဘဲ အခုလို အင်အားသုံး ဖြေရှင်းနေသမျှ ဘယ်တော့မှ အဓွန့်ရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးကို ရမှာမဟုတ်ပါဘူး။ ပြည်တွင်းစစ်သံသရာသာ ဆက်လည်နေပါလိမ့်မယ်။ အဓိကအကြောင်းရင်းကတော့ နအဖအဖွဲ့မှာ ဗမာအမျိုးသားအချင်းချင်းအတွင်းရော၊ တိုင်းရင်းသားတွေအပေါ်မှာပါ အမျိုးသားပြန်လည်သင့်မြတ်ရေးသဘောထားလုံးဝမရှိဘဲ အမျိုးသား ပြန်လည် တိုက်ခိုက်ရေး စိတ်ဓာတ်သာ ထက်သန်ပြင်းထန် နေလို့ပါပဲ။ တကယ်တော့ ကိုးကန့် အရေး အခင်းဟာ
နအဖ “အမျိုးသား ပြန်လည်တိုက်ခိုက်ရေးမူဝါဒ” ရဲ့ အကောင်းဆုံး ပြယုဂ်တခုသာဖြစ်ပါတယ်။



No comments: