Thursday, May 13, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၆၁

မင်းဟန်

(၂၁၃)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဝဝ ကျော်အား စစ်အုပ်စုမှ အဓမ္မ ဖမ်းဆီး ထိန်းသိမ်း ထားခဲ့ သည်မှာ ၆ လ ကျော်ခဲ့ပြီ။ အချို့ကိုမူ … ပုဒ်မရှာ တပ်၍ ရုံးတင် တရားစွဲပြီး ထောင် အသီးသီး ချလိုက်ကြ၏။ အချို့ကိုက… စစ်အုပ်စုမှ ဝိဂြိုဟ်ပြု ထားသည့် ဧည့်ဂေဟာ တွင်ပင် ဧည့်ဆန်း များအဖြစ် ထိန်းသိမ်း ထားဆဲ…။


စစ်အုပ်စု၏ စစ်ဦးက …. အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ၊ အဖွဲ့ချုပ်၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်၊ တိုင်း အဖွဲ့အစည်းများဆီသို့ စစ်မျက်နှာပြောင်း၏။ ရည်မှန်းချက်က …. အဖွဲ့ချုပ်၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ပြည်နယ်။ တိုင်းရုံးများအား ဖျက်သိမ်းပစ်ရေးနှင့် …. ရပ်ကွက်ကျေးရွာအဆင့်မှသည် ပြည်နယ်၊ တိုင်းအဆင့်အထိ အဖွဲ့ချုပ်၏ ဖွဲ့စည်းတည်ရှိမှုအား တိုက်ဖျက်ပစ်ရေးဖြစ်၏။

စစ်အုပ်စု၏ အဖွဲ့ချုပ်ဖျက်သိမ်းရေး စစ်ဆင်ရေးမှူးကြီးများက …. တပ်ဆွယ်အသီးသီးမှ အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များဖြစ်ပြီး၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများကမူ … အကူလက်ရုံးတပ်များအဖြစ်နှင့် အားဖြည့်၏။

အဆင့်ဆင့်သော အဖွဲ့ချုပ်၏ စည်းရုံးရေးကော်မီတီဝင်များအား၊ အာဏာပိုင်များက အဓမ္မဖမ်းဆီး၏။ ထောက်လှမ်းရေး တပ်ဆွယ်များတွင် ထိန်းသိမ်းထားပြီး …. ‘စည်းရုံးရေးကော်မတီ’ အား ဖျက်သိမ်းရန် ဖိအားပေး၏။ ဖိအားပေးမှုက ရောင်စုံပင်….။ လူမဆန်သည့် နည်းလမ်းပေါင်းစုံကိုလည်း သုံး၏။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ စတုတ္ထပတ်အတွင်း၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း မိတ္ထီလာမြို့နယ် ဒု-ဥက္ကဋ္ဌ ဦးသိန်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးအေးသိန်းနှင့် မြို့နယ်စည်းရုံးရေး ကော်မတီဝင်များ အားလုံးကို ထောက်လှမ်းရေးတပ်ဆွယ် အမှတ် ၁၅ မှ ဖမ်းဆီးထိန်းသိမ်းလိုက်၏။ မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင် (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)နှင့် အတွင်းရေးမှူးဖြစ်သည့် ဒေါ်မြင့်မြင့်အေး တို့ကိုမူ လွန်ခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားခဲ့ကြပြီးဖြစ်၏။

ဖမ်းဆီးထားသည့် မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီများအား၊ ထောက်လှမ်းရေးတပ်ဆွယ်မှူးဆိုသူက … မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီအား ဖျက်သိမ်းရန် ဖိအားပေး၏။ ခြောက်၏။ ချော့၏။ မရ….။

အဆုံး၌ အာဏာပိုင်များက မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်များအား မည်သည့်ဆေးမှန်း မသိသည့် ဆေးပြား ၅ ပြားစီအား အတင်းတိုက်၏။ ဆေးသောက်ပြီး မကြာ … မိတ္ထီလာမြို့နယ်စည်း အဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းအောင်သည် စိတ်ဖောက်ပြန်လာ၏။ အကြောများ ဆွဲလာ၏။ နောက်ဆုံးတွင် မိတ္ထီလာဆေးရုံသို့ ပို့လိုက်ကြရသည်။ ကျန်သည့် မိတ္ထီလာမြို့နယ် စည်းရုံးရေးကော်မတီဝင်များ အားလုံးကိုမူ … ထောင်သွင်းအကျဉ်းချလိုက်ကြ၏။ မလွယ်….။

ဤအတွက် … အချို့ … အချို့သော မြို့နယ်၊ ရပ်ကျေးစည်းရုံးရေး ကော်မတီများ ပျော့သွားကြသည်။
ပင့်သက်ရှိုက်လိုက်ကြရခြင်း….။
စစ်အုပ်စု၏ ထိုးစစ်အောက်၌ သံဖြူဇရပ်မြို့နယ်၊ ဘီးလင်းမြို့နယ်၊ စစ်တွေမြို့နယ်၊ ပုဏ္ဍားကျွန်းမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဖျာပုံမြို့နယ်၊ သနပ်ပင်မြို့နယ် … စသည့် အဖွဲ့ချုပ် စည်းရုံးရေးကော်မတီတို့က ….. ဖျက်သိမ်းချေမှုန်းခြင်းအား ခံခဲ့ကြ၏။

ပြီးလျှင် ….. ဖျက်သိမ်းလိုက်ကြသည့် မြို့နယ်အဖွဲ့ချုပ်ရုံးများမှ ဆိုင်းဘုတ်များ၊ အလံများ၊ စာရွက်စာတမ်းများ၊ အမှတ်အသား တံဆိပ်တုံးများနှင့် အဖွဲ့ချုပ်ပိုင် ပရိဘောဂများအား မြို့နယ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်က သိမ်းယူလိုက်ကြသည်။


(၂၁၄)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆင့်ဆင့်သော ရုံးများနှင့် အဖွဲ့အစည်းများအား စစ်အုပ်စုမှ လိုက်လံ၍ ချေမှုန်းဖျက်သိမ်းနေသည့် သတင်းများအား စစ်အုပ်စုပိုင် မြန်မာ့အလင်း သတင်းစာကလည်း စာလုံးအမဲကြီးများနှင့် ပြူးပြူးပြဲပြဲနှင့် အလုအယက်၊ အငန်းမရ ရေးသားဖော်ပြ၍နေသည်။ ဖော်ပြချင်သည့် ဇောကြောင့် သတင်းများက အလွဲလွဲအမှားမှားများ ဖြစ်၍နေသည်။

၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာ၌ ….

“မော်လမြိုင်ကျွန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်း” ဟူ၍ ခေါင်းစဉ်အား စာလုံးမဲကြီးနှင့် ဖော်ပြ၏။ ပါရှိသည့် သတင်းတွင်က … မော်လမြိုင်ကျွန်းမြို့နယ် အဖွဲ့ချုပ် အဖွဲ့ဝင်အချို့ နုတ်ထွက်သည့် သတင်းသာဖြစ်၏။ နုတ်ထွက်သည့် အဖွဲ့ချုပ်၊ အဖွဲ့ဝင်များသည်လည်း၊ မြို့နယ်စည်းရုံးရေး ကော်မတီဝင်များ မဟုတ်ကြ…။ သာမန်ရိုးရိုးအဖွဲ့ဝင်များသာ ဖြစ်၏။

စစ်အုပ်စု၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းရေး ‘အော်ပရေးရှင်း’ က ရယ်မောဖွယ်ရာလည်း ကောင်း၏။

“စစ်ကိုင်တိုင်း ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖျက်သိမ်းပြီး၊ အဖွဲ့ဝင်များ နုတ်ထွက်” ဟူသည့် သတင်းအား စာလုံးမဲကြီးနှင့် ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြ၏။ ချောင်းဦးမြို့နယ် အဖွဲ့ချုပ် ဆိုင်းဘုတ်၏ အရှေ့တွင် လူ ၁ဝ ဦးခန့် မတ်တပ်ရပ်နေကြသည့် သတင်းဓာတ်ပုံကြီးနှင့် ဖော်ပြခြင်း ဖြစ်သည်။

အမှန်က … ဤသို့မဟုတ် ….။
နိုဝင်ဘာလလယ်လောက်မှစ၍ ချောင်းဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် စည်းရုံးရေး ကော်မတီဝင်များကို၊ မြို့နယ်အာဏာပိုင်များက အဖွဲ့ချုပ်အား ဖျက်သိမ်းရန် ဖိအားပေး၏။ အမျိုးမျိုး အကျပ်ကိုင်၏။ အကြိမ်ကြိမ် ဖိအားပေးသည့်တိုင် မြို့နယ် စည်းရုံးရေး ကော်မတီဝင် အားလုံးက ….

“မိမိတို့ မြို့နယ် အဖွဲ့အစည်းအား မည်သို့သော ဖိအားပေးခြင်းမျိုး ခံရသည်ဖြစ်စေ နုတ်ထွက်ကြမည်မဟုတ်၊ ဖျက်သိမ်းပေးမည် မဟုတ်ဘဲ ဆက်လက်ရပ်တည်ကြမည်” ဟူ၍ ဆုံးဖြတ်ချက်ချထားကြ၏။

ဤတွင် ချောင်းဦးမြို့နယ် … မြို့နယ်အာဏာပိုင် ဥက္ကဋ္ဌက ချောင်းဦးမြို့နယ် အဖွဲ့ချုပ် ဥက္ကဋ္ဌအား
“ခင်ဗျားတို့ကလည်း ပါတီဆိုင်းဘုတ်နဲ့ လုပ်တာပဲ၊ ကျုပ်တို့ကလည်း အာဏာပိုင်တို့ရဲ့ နည်းဟန်အတိုင်းလုပ်မှာပဲ” ဟူ၍ ကြိမ်းဝါး၏။

အာဏာပိုင်တို့၏ နည်းဟန်အတိုင်း လုပ်မည်ဟူသည်ကား …. မည်သို့နည်း။

နိုဝင်ဘာလ ၂၇ ရက်နေ့ ညတွင် … ချောင်းဦးမြို့နယ် အဖွဲ့ချုပ်ရုံး၌ ထောင်ထားသည့် အဖွဲ့ချုပ်၏ ဆိုင်းဘုတ် ပျောက်ဆုံးသွား၏။ အခိုးခံရခြင်း ဖြစ်သည်။ နောက်တနေ့ ၂၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ချောင်းဦးမြို့နယ် အဖွဲ့ချုပ်သတင်း ပါလာမှပင် …. ဆိုင်းဘုတ်ခိုးသူများအား သိရတော့၏။ ဆိုင်းဘုတ်အရှေ့တွင် ဓာတ်ပုံအရိုက်ခံနေကြသည့် သူများက ချောင်းဦးမြို့နယ်၏ အဖွဲ့ချုပ် မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များ မဟုတ်ကြ…။ အဖွဲ့နှင့် ကာလများစွာ ကင်းကွာနေခဲ့ကြသည့် အဖွဲ့ချုပ်အဖွဲ့ဝင်ဟောင်းများ ဖြစ်၏။

ချောင်းဦးမြို့နယ် အာဏာပိုင် ဥက္ကဋ္ဌ ပြောသည့် ‘အာဏာပိုင်တို့ရဲ့ နည်းဟန်အတိုင်း လုပ်မည်’ ဟူသည်ကား…. ဤသို့တည်း…။


(၂၁၅)
၁၉၉၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်၊
အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်လမ်း။
စစ်အုပ်စု၏ သတင်းမီဒီယာများက အဖွဲ့ချုပ်ဖျက်သိမ်းသည့် သတင်းနှင့် အဖွဲ့ဝင်များ နုတ်ထွက်ကြသည့် သတင်းများအား အသားပေး၍ ဖော်ပြနေ၏။ နေ့စဉ်ရက်ဆက်….၊ ပျက်သည်ဟူ၍ မရှိ…။ ဆောင်းပါးရှင်များကလည်း … အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မတရားအသင်း ကြေညာမည်။ ဒေါ်အောင်ဆန်းစုကြည်အား ပြည်နှင်ဒဏ်ပေးမည်။

စသဖြင့် … အသံဟစ်နေကြ၏။
ဤအတွက် ဒေါ်အောင်ဆန်းစုကြည်က … အဖွဲ့ချုပ် ရွှေဂုံတိုင်ရုံး၌ပင် အဖွဲ့ဝင်များအား တွေ့ဆုံ၍ ဆွေးနွေးပွဲတရပ် ကျင်းပပြီး၊ မိန့်ခွန်းစကား ဆိုရ၏။

“… ဒီပြည်နှင်ဒဏ်ပေးမယ့် ကိစ္စက ဘယ်ကို ကျမကို သွားပြီးတော့ ပြည်နှင်ဒဏ်ပေးမှာလဲ။ လူတယောက်ကို ပြည်နှင်ဒဏ်ပေးတယ်ဆိုတာဟာ ကိုယ့်တိုင်းပြည်ကနေပြီးတော့ တခြားတိုင်းပြည်ကို သွားပြီးတော့ ပို့ရမှာပဲ။ အဲဒီ တခြားတိုင်းပြည်ကလည်း လက်ခံမှ ဖြစ်မှာ။

အဲဒီတော့ … ဘယ်လိုအခြေအနေမှာ ပြည်နှင်ဒဏ်ပေးခဲ့လည်းဆိုရင် ဆိုဗီယက် ပြည်ထောင်စုက ကွန်မြူနစ် ပြည်ထောင်စု လက်ထက်တုန်းက ဆိုဗီယက် ပြည်ထောင်စုမှာ နိုင်ငံလေးတွေ ရှိတယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ သြဇာအာဏာလွှမ်းမိုးတဲ့ နိုင်ငံတွေ။ စာရေးဆရာကြီး ဆိုဇင်နစ်ဇင်ကို ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ ပြည်နှင်ဒဏ်ပေးချင်တဲ့ အခါကျတော့ ဘယ်လိုလုပ်လဲဆိုတော့ ဆိုဗီယက် ပြည်ထောင်စုကနေပြီးတော့ အရှေ့ဂျာမဏီကို ပို့လိုက်တယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ သြဇာကို …. မလွန်ဆန်နိုင်တဲ့ နိုင်ငံဆိုတော့ လက်ခံရတာပေါ့။ လက်ခံတော့ စာရေးဆရာကြီးကို အရှေ့ဂျာမဏီကို ပို့လိုက်ရော၊ ပို့လိုက်တဲ့အခါကျတော့ … ရုရှစာရေးဆရာ၊ သွားနေရတာက ဂျာမဏီမှာ သွားနေရတာ၊ သူ့နိုင်ငံလည်း မဟုတ်ဘူး။ သွားနေရတဲ့ နိုင်ငံကလည်း သူ့နိုင်ငံနည်းတူ ကွန်မြူနစ် အာဏာရှင်စနစ်။ အဲဒီတော့ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်နိုင်ငံကနေပြီးတော့ သူ့ကို ခိုလှုံခွင့်ပေးပါ့မယ်၊ လာမလားဆိုတော့ သူက လာမယ်ဆိုပြီးတော့ လက်ခံပြီးတော့ ထွက်သွားတာဖြစ်တယ်။

ကျမအနေနဲ့ဆိုရင် ကျမက ဒီမြန်မာနိုင်ငံမှာပဲ ကျမက နေမှာပဲ။ ကျမက ဘယ်နိုင်ငံမှာမှ နိုင်ငံသားအဖြစ်လည်း တခါမှ ခံယူထားတာ မဟုတ်ဘူး။ ကျမ ထွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း လုံးလုံးမရှိဘူး။ ဒီတော့ သူတို့က ကျမကို ဒီတိုင်းပြည်တွင်းကနေ ထွက်သွားစေချင်ရင် အတင်းအကျပ် ပို့ဖို့ဆိုတာက သူတို့ နိုင်ငံတနိုင်ငံ ရှာရမယ်။ ဘယ်မှ သူတို့ သွားပို့လို့ မရဘူး။ အဲဒီတော့ ဘယ်လိုလုပ်မှာလဲ။ ဒါတွေဟာ စဉ်းစားနေစရာကိစ္စ မရှိပါဘူး။ စိတ်ပူနေစရာကိစ္စ မဟုတ်ပါဘူး…”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား ခဏရပ်ပြီး အဖွဲ့ဝင်များအား ဝေ့၍ကြည့်၏။ အားလုံးက စိတ်အားထက်သန်စွာနှင့် နားထောင်၍ နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား ပြန်၍ဆက်၏။

“…အန်အယ်ဒီကို ဖျက်သိမ်းမယ်ဆိုတဲ့ ကိစ္စကတော့ လက်တွေ့ကျကျ သူတို့လုပ်ချင်ရင် လုပ်နိုင်တယ်။ လုပ်လို့ရှိရင် ကျမတို့နိုင်ငံအတွက်လည်း မကောင်းဘူး။ လက်ရှိ အာဏာပိုင်တွေအတွက်လည်း လုံးလုံး မကောင်းဘူး။ အခု ကျမတို့ အန်အယ်ဒီကို ဒီနေ့ ဖျက်သိမ်ရင် မနက်ဖြန် ကျမတို့က ဒီရုံးမှာ လာပြီးတော့…၊ ဆက်ပြီးတော့ လာပြီးတော့ လုပ်မှာပဲ။ လုပ်လို့သာ တရားမဝင်ဘူးဆိုပြီး ဖမ်းရင်လည်းဖမ်း။ အားလုံးဖမ်း။

ကျမတို့ အန်အယ်ဒီကို ဖျက်သိမ်းလို့ရှိရင် ဒီနိုင်ငံထဲမှာ အထွေထွေ မကျေနပ်မှုတွေဟာ ပေါက်ကွဲမယ်လို့ ကျမတို့ ဒီလိုပဲ ထင်တယ်။ ကျမတို့ဟာ ဒီလိုပေါက်ကွဲမှုတွေကို အားပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ ကျမတို့က ထိန်းထားတာ။ ပြည်သူလူထုရဲ့ မကျေနပ်မှုတွေကို ထိန်းထားတာ။ ပြည်သူလူထုအစား ကျမတို့က တင်ပြပေးနေတာ။ ပြည်သူလူထုကို ဆွပေးနေတာ မဟုတ်ဘူး။ လမ်းပေါ်မှာတက်ပြီး အော်လို့ ပြောနေတာ မဟုတ်ဘူး။ ကျမတို့ကနေပြီး တင်ပြနေတာ။

ရေးသင့်ရေးထိုက်တဲ့ စာတွေ ရေးတယ်။ ကန့်ကွက်သင့်တာတွေကိုလည်း ကန့်ကွက်တယ်။ ကျမတို့ ကြေညာစာတမ်းတွေကို ထုတ်သင့်တာတွေကို ထုတ်တယ်။ ကျမတို့ တရားဥပဒေဘောင်အတွင်းက ပြည်သူလူထုရဲ့ အထွေထွေ အကျပ်အတည်းတွေကနေပြီးတော့ လွတ်မြောက်ဖို့အတွက် တတ်နိုင်သမျှ ကျမတို့ အကြမ်းမဖက်တဲ့ နည်းနဲ့ လုပ်တယ်။ ကျမတို့ အန်အယ်ဒီကို ဖျက်သိမ်းလိုက်လို့ရှိရင် ဒီလို ကျမတို့လို အကြမ်းမဖက်တဲ့နည်းနဲ့ လုပ်မယ့်အဖွဲ့တင် မဟုတ်ဘဲနဲ့ အကြမ်းဖက်တဲ့နည်းနဲ့ ဒီအထွေထွေ အကျပ်အတည်းတွေကနေပြီးတော့ လွတ်မြောက်အောင် လုပ်မယ်ဆိုတဲ့ … အဖွဲ့တွေ မပေါ်လာနိုင်ဘူးဆိုတာ ကျမတို့ မပြောနိုင်ဘူး။

အဲဒီတော့ ကျမတို့ကတော့ ကျမတို့ပြောထားတဲ့အတိုင်း ဆက်လုပ်မှာပဲ။ အဲ .. မတရားအသင်း ကြေညာလည်း ဆက်လုပ်မှာပဲ။ ဒါကြောင့်မို့ ထောင်ချလည်း ခံလိုက်မှာပဲ။ ကျမတို့ကတော့ ဒါ အားလုံးတွက်ထားပြီးသားပါ…”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ စကားအား အဆုံးသတ်လိုက်၏။ ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းစကားသံက အဆုံးသတ်၍ သွားခဲ့သော်လည်း …. ပဲ့တင်သံများက မြည်ဟီးလျက် …။ ရွှေဂုံတိုင်မှသည် မြန်မာနိုင်ငံ တနံတလျားအနှံ့ …။
“… မတရားအသင်း ကြေညာလည်း ဆက်လုပ်မှာပဲ။ ဒါကြောင့်မို့ ထောင်ချလည်း ခံလိုက်မှာပဲ။ ကျမတို့ကတော့ ဒါ အားလုံးတွက်ထားပြီးသားပါ…….”

No comments: