မျိုးဝင်းဇော်/ ၇ မေ ၂ဝ၁ဝ
ဗုံးခွဲသူတဦး ဖမ်းမိကြောင်း နေပြည်တော်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးနောက် ယင်းနေ့ ညပိုင်းတွင် ရန်ကုန်မြို့၌ လုံခြုံရေး အထူးတင်းကျပ်စွာ ချထားလျက်ရှိသည်။
ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင်တဦးက “ည (၈) နာရီ ရေဒီယိုမှာ ဗုံးခွဲမှုမှာ ပတ်သက်သူတဦး မိတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်တာပါတယ်။ ညဘက်ကျတော့ (၁ဝ) နာရီမထိုးမီ ရန်ကုန်တမြို့လုံး ချက်ပွိုင့်တွေထားပြီး ကားတွေကို စစ်တယ်။ ဒီလို ချက်ပွိုင့်တွေ အများကြီးထားပြီး စစ်ဆေးတာ ဒီတကြိမ်ပဲ ကြုံဖူးတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု ပြောသည်။
ယမန်နေ့ညက ပြည်လမ်း၊ ဦးဝိစာရလမ်း၊ ကမ္ဘာအေးလမ်းတလျှောက်နှင့် မြို့တွင်း ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတလျှောက် တမြို့လုံးတွင် ချက်ပွိုင့်များစွာ ချထားပြီး စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
ဗိုလ်ချုပ်လမ်းပေါ်ရှိ ချက်ပွိုင့်တခုတွင် တာဝန်ယူရသည့် အရန်မီးသတ်တပ်ဖွဲ့ဝင်တဦးက ၎င်းတို့အနေဖြင့် ဘာမှ မသိကြောင်း၊ တာဝန်ပေးသဖြင့် လာရခြင်းသာဖြစ်ကြောင်း ပြောသည်။
၎င်းက “အထူးသဖြင့် တက္ကစီကားတွေကို ကားနံပါတ် ယာဉ်မောင်းနာမည် မှတ်၊ မသင်္ကာတဲ့ ကားဆိုရင် နည်းနည်းပါးပါး စစ်ဆေးရတယ်။ အရင်က ချက်ပွိုင့်တွေမှာ တာဝန်ယူဖူးပေမယ့် အခုက ချက်ပွိုင့်တွေ များလွန်းတော့ ရပ်ကွက်ထဲက အရန်မီးသတ်၊ စွမ်းအားရှင်၊ ကြက်ခြေနီ၊ ကြံ့ဖွံ့ ကုန်သလောက်ပဲ” ဟု ပြောသည်။
စစ်အစိုးရသည် ၎င်းတို့လုပ်သည့် သတင်းစာရှင်းလင်းပွဲကို လူများ အာရုံစိုက်ရန်၊ ဗုံးကွဲမှုနှင့် ဆက်စပ်သူတဦး ဖမ်းမိသည် ဆိုခြင်းကို ယုံကြည်စေလိုသည့်အတွက် ယခုကဲ့သို့ လုပ်ပုံရကြောင်း ရန်ကုန်မြို့ခံ ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
၎င်းက “တကယ်တော့ ရန်ကုန်မြို့ခံတွေက အခု ဗုံးခွဲဆက်စပ် တရားခံ ဖမ်းမိတယ်ဆိုတဲ့ သတင်းကို မယုံကြည်ကြဘူး။ ဖမ်းမိထားတဲ့ တရားခံကိုလည်း အများပြည်သူရှေ့မှောက် တရားစီရင်တာမျိုး လုပ်မှာ မဟုတ်တဲ့အတွက် ပြည်သူတွေဟာ အမှန်ကို သိရမှာမဟုတ်ဘူး” ဟု ပြောသည်။
ယမန့်နေ့၌ ပြုလုပ်သည့် နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက ဗုံးခွဲမှု၌ ကျူးလွန်သူ စုစုပေါင်း (၄) ဦးဖြစ်ပြီး ကာယကံမြောက် ဗုံးခွဲသူ (၃) ဦးမှာ လွတ်မြောက်သွားကြောင်း၊ ယခု တရားခံမှာမူ အရိပ်အခြေ ကြည့်ရသူဖြစ်ကြောင်း စသဖြင့် ရှင်းလင်းသွားသည်။
ရဲချုပ်ခင်ရီသည် ရှင်းလင်းပွဲတွင် သတင်းစာဆရာများ မေးမြန်းမှုကို အသေအချာ မဖြေရှင်းနိုင်ခြင်း၊ မသင်္ကာသူ (၂) ဦးဆိုပြီး ဆုငွေ (၁ဝ) သိန်း ထုတ်ခဲ့ခြင်း၊ ဗုံးခွဲသူများကို ပြည်ပရောက် အတိုက်အခံအင်အားစု အားလုံးလိုလိုနှင့် ချိတ်ဆက် စွပ်စွဲခြင်း စသည့် ရှေ့နောက် မညီသည့် အချက်များကြောင့် ရန်ကုန်နေ ပြည်သူတို့က အဆိုပါ သတင်းစာရှင်းပွဲကို မယုံကြည်ကြခြင်း ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment