ခိုင်လင်း/ ၇ မေ ၂ဝ၁ဝ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကချင်ပြည်နယ်အတွင်း ပါတီလုပ်ငန်းများနှင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတာဝန်များကို မြို့နယ်အဆင့် ကြံ့ဖွံ့အတွင်းရေးမှူးနှင့် အမှုဆောင်များအဖွဲ့က အဓိကတာဝန်ယူ စတင် ဆောင်ရွက်နေသည်။
မိုးညှင်းနှင့် မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့နယ်အဆင့် အမှုဆောင်များက ကြံ့ဖွံ့အသင်းဝင် အမာခံများကို ခေါ်ယူပြီး ပါတီရုံးလုပ်ငန်း၊ ရွေးကောက်ပွဲ မဲဆွယ်ရေးလုပ်ငန်းများနှင့် ပါတီဝင် စုစည်းရေးတို့အတွက် ယခုလ (၅) ရက်နေ့မှစ၍ သက်ဆိုင်ရာမြို့နယ်အလိုက် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြံ့ဖွံ့အသင်းဝင် မိုးညှင်းဒေသခံတဦးက ပြောသည်။
၎င်းက “အခုလောလောဆယ် အမှုဆောင်သင်တန်းတက်ထားတဲ့ သူတွေ၊ အသင်းလုပ်ငန်းတွေမှာ တက်တက်ကြွကြွ လုပ်လာခဲ့သူတွေနဲ့ စလုပ်နေကြတယ်။ လက်ရှိ ရုံးမှာပဲ လုပ်ကြတယ်။ ပါတီတရပ်နဲ့တူအောင် လုပ်ဖို့အတွက် ပြင်တာပေါ့။ အတွင်းရေးမှူးတွေကျတော့ ပါတီဥက္ကဋ္ဌ ဖြစ်မယ်၊ အခု တာဝန်ပေးကြဖို့ ပြင်ဆင်နေကြတယ်။ အုတ်ရောရော ကျောက်ရောရောတွေ အများကြီးရှိတာကိုး။ အခွင့်အရေးရဖို့၊ အနည်းဆုံး သွားရေး လွယ်ရေး လွယ်ကူအောင် အသင်းဝင်ထားတဲ့ လူတွေလည်း အများကြီးကို။ ပြန်စိစစ်ရတာပေါ့။ အဲလို စိစစ်နေတာတော့ အစောပိုင်းကတည်းက လုပ်နေတာ” ဟု ပြောသည်။
မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား စသည့် မီးရထားသံလမ်းရိုးတလျှောက်ရှိ ကြံ့ဖွံ့အသင်း မြို့နယ်အဆင့် အမှုဆောင်များက အစိုးရဝန်ကြီးနှင့် ညွှန်ချုပ်များ ဒေသအတွင်း လာရောက်ယှဉ်ပြိုင်ရာ၌ မဲအနိုင်ရရန် စည်းရုံးရေးတာဝန်များ ယူပေးရမည် ဖြစ်ကြောင်း အဆိုပါ ကြံ့ဖွံ့အသင်းဝင် မိုးညှင်းဒေသခံတဦးက ပြောသည်။
၎င်းက “ပြည်နယ်ကြံ့ခိုင်ရေး တာဝန်ခံ ကြေးနန်းနဲ့စာတိုက်ဝန်ကြီး ဦးသိန်းဇော်၊ ပြည်ထဲရေး ဒု-ဝန်ကြီး ဦးဘုန်းဆွေ၊ နယ်စပ်ကုန်သွယ်ရေးညွှန်ချုပ် ဦးစံပြည့်၊ စက်မှု (၁) ညွှန်ချုပ် ဦးညွန့်အောင်တို့က ကချင်ပြည်နယ်ထဲမှာ ဝင်အရွေးခံမယ်ဆိုတာ အစောကြီးတည်းက သတင်းထွက်နေတာ။ ဦးညွန့်အောင်က မိုးညှင်းသား၊ သူ့မိန်းမက အင်းတော်ကြီး ဝန်းကျင်က ရွာသူဆိုတော့ ဒီမှာ အရွေးခံဖို့ရှိတယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်ဆိုပြီး ရှိတော့ နယ်ခံအသင်းခေါင်းဆောင်တွေကတော့ ပြည်နယ်အဆင့် ဝင်ပြိုင်ကြမယ်လို့ ပြောနေကြတယ်” ဟု ပြောသည်။
ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ်၊ စက်တင်ဘာလတွင် စစ်အစိုးရနှင့် စစ်ဗိုလ်ချုပ်များက ဦးဆောင်ကာ လူမှုရေးအသင်းဟူ၍ စတင်ဖွဲ့စည်းခဲ့ရာမှ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံနိုင်ရန်အတွက် ယခုလ (၄) ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ရရှိခဲ့သည်။
No comments:
Post a Comment