လင်းနိုင်ဦး / ၁၀ ရက် မေလ ၂၀၁၀
ဂျီအက်စ်အမ် ဖုန်းကို အသုံးပြုပြီး ဗုံးဖောက်ခွဲရန် ကြံစည် ခဲ့မှုကြောင့် ဂျီအက်စ်အမ်နှင့် စီဒီအမ်အေ တခါသုံး ဆင်းကတ် ဝယ်ယူ သူများ သည် ၎င်းတို့၏ နေရပ် လိပ်စာနှင့် မှတ်ပုံ တင်မိတ္တူ နှစ်စောင်ကို ပေးရကြောင်း ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ များက ပြောသည်။
မော်လမြိုင်မြို့ခံတဦးက “ကျနော်က တလခံ တခါသုံး ဂျီအက်စ်အမ် ဖုန်းကတ်ကို ဝယ်သုံးနေကျ။ ခါတိုင်းဆို ယာဉ်မောင်းလိုင်စင်ပြပြီး ဝယ်လို့ရတယ်။ ခုတော့ မှတ်ပုံတင်ပြရရုံမက မိတ္တူပါ နှစ်စောင် ပေးရသေးတယ်။ ဗုံးခွဲမှု ပြဿနာကြောင့်လို့ ပြောတယ်။ တကယ်ဆို ကျနော်တို့မြို့မှာ မိတ္တူကူးဆိုင်တွေက မြို့လယ်ခေါင်ဈေးဝန်းကျင်နဲ့ အတော်ဝေးတယ်။ နောက် ဆင်းကတ်ဈေးကလည်း မူရင်းဈေး (၂၁,ဝဝဝ) ပဲရှိတာကို (၂၄,ဝဝဝ) ပေးရသေးတယ်” ဟု ပြောသည်။
ရန်ကုန်မြို့ရှိ တခါသုံးဆင်းကတ် ဖြန့်ဖြူးသည့်ဆိုင်များ၌လည်း အလားတူ မှတ်ပုံတင် မိတ္တူတောင်းယူနေကြောင်း အသုံးပြုသူများက ပြောသည်။
ပြီးခဲ့သည့် မေလ (၆) ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ဧပြီ (၁၅) ရက်၊ X20 မဏ္ဍပ်အရှေ့ ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုအကြောင်း ရှင်းလင်းခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ရဲချုပ်ခင်ရီက အကြမ်းဖက်သမားများသည် လက်ပစ်ဗုံးသုံးလုံးဖြင့် ပစ်ပေါက်ပြီး ဂျီအက်စ်အမ် မိုဘိုင်းဖုန်းနှင့် ချိတ်ဆက်ထားသည့် မိုင်းတလုံးကို ခွဲရန် ကြိုးစားခဲ့သော်လည်း ထိုမိုင်းမှာ ပေါက်ကွဲခြင်းမရှိဘဲ သိမ်းဆည်းရမိခဲ့ကြောင်း၊ မိုင်းထောင်ထားသည့် မြန်မာဘီယာ သံဘူးခွံအတွင်း၌ အက်ဖ်အီးစီ (၂ဝ) တန် တခါသုံး ဂျီအက်စ်အမ် ဆင်းကတ်သုံးထားသည့် နိုကီရာ ဖုန်းတလုံး ထည့်သွင်းထားပြီး အဆိုပါနံပါတ်ကို အခြားဖုန်းတလုံးဖြင့် ခေါ်လိုက်သည်နှင့် ပေါက်ကွဲစေရန် စီစဉ်ထားကြောင်း ရှင်းလင်းခဲ့သည်။
ရန်ကုန်၊ ကျောက်တံတားမြို့နယ်မှ ခရီးသွားလုပ်ငန်း ကုမ္ပဏီဝန်ထမ်းတဦးက တခါသုံးဆင်းကတ် သွားဝယ်စဉ် မှတ်ပုံတင် ပြရုံမက မိတ္တူနှစ်စောင်ပါ ကူးပေးရကြောင်း ပြောသည်။
၎င်းက “တခါသုံးဆင်းကတ် သုံးပြီး ဗုံးဖောက်ခွဲရန် ကြံစည်မှု ရှိခဲ့လို့ အဲဒီ ဆင်းကတ်ကို သိမ်းမိပေမယ့် ဘယ်သူဝယ်သွားတယ်ဆိုတာ မဖော်ထုတ်နိုင်လို့ အခုလို အရောင်းဆိုင်တွေကို မှတ်ပုံတင်မိတ္တူ တောင်းခိုင်းတာလို့ ဆိုင်တာဝန်ရှိသူက ပြောတယ်” ဟု ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ဆင်းကတ်တခုအတွက် အစိုးရ ဆက်သွယ်ရေးဌာနသို့ ကျပ် (၁၅) သိန်းပေးသွင်းရပြီး ပြင်ပပေါက်ဈေးမှာ ထို့ထက် ဈေးအနည်းငယ် ပိုများသည်။
တလခံ တခါသုံး ဂျီအက်စ်အမ် ဆင်းကတ်များကို ဦးတေဇပိုင် ထူးကုမ္ပဏီလက်အောက်ခံ စင်ထရယ်မားကက်တင်း ကုမ္ပဏီက အက်ဖ်အီးစီ (၂ဝ) သတ်မှတ် ရောင်းချလျက်ရှိသော်လည်း ကုမ္ပဏီဝန်ထမ်းများကိုယ်တိုင် မှောင်ခိုထုတ် ရောင်းခြင်းကြောင့် ပြင်ပပေါက်ဈေး ကျပ် (၂၄,ဝဝဝ) မှ (၂၅,ဝဝဝ) အထိ ရှိသည်။
မှောင်ခိုထုတ်ရောင်းသူများသည် လူတယောက်တည်းကို ဆင်းကတ် အများအပြား ရယူရောင်းချသည့်အတွက် အမှန်တကယ် ဝယ်ယူသုံးစွဲသူများ၏ မှတ်ပုံတင်နံပါတ် အမှန်များကို ရရှိလေ့ မရှိခြင်းကြောင့် ဗုံးထောင်ထားသည့် ဆင်းကတ်ကို ရရှိသော်လည်း ဝယ်ယူသူကို ခြေရာခံ မရနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲပြီး နောက်ပိုင်း အကြမ်းဖက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲ ဖမ်းဆီးခံထားရသည့် ရန်ကုန် ပုဇွန်တောင် (၅၅) လမ်းနေ ဖြိုးဝေအောင် ခေါ် မိုဟာမက်ယှာဗန်၏ ဇနီးကမူ ခင်ပွန်းဖြစ်သူသည် အဆိုပါအမှုကို ကျူးလွန်ခဲ့ခြင်း မရှိသကဲ့သို့ ပတ်သက်ခြင်းလည်း မရှိပါကြောင်း ပြည်ပအခြေစိုက် အသံလွှင့်ရေဒီယိုများကို ထုတ်ဖော်ပြောဆိုခဲ့သည်။
No comments:
Post a Comment