မြတ်ခိုင်ဦး / ၁၀ ရက် မေလ ၂၀၁၀
ယမန်နေ့ ညဆယ်နာရီခန့်တွင် ဘူရားသုံးဆူ စစ်ဆေးရေးဂိတ်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဗုံးသယ်ဆောင်လာသူ (၂) ဦးကို တပါတည်း ဖမ်းဆီးရမိသည်။
ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းအနီးရှိ မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီးလာသူ (၂) ဦးထံမှ ချိန်ကိုက်ဗုံးတလုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးသယ်ဆောင်လာသူ (၂) ဦးဖြစ်သည့် ဦးပြုံး (၅၀) နှစ်နှင့် မောင်အောင် (၃၅) တို့အား ဒဏ်ရာဖြင့် အရှင်ဖမ်းမိသည်။
ထိုသူ (၂) ဦးသည် မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားပြီး နယ်ခြားစောင့်တပ်ဖွဲ့စည်းမှုကို လက်ခံသော Karen Peace Front (KPF) ဟုခေါ်သော စောသမူဟဲ ခေါင်းဆောင်သည့် ကရင်ငြိမ်းချမ်းရေးအဖွဲ့ (ဟောင်သရော) မှဖြစ်ကြောင်း သိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံနယ်စပ် ထိုင်းအာဏာပိုင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက “မနေ့ည ဆယ်နာရီထိုးခါနီးလေးမှာ ပေါက်တာ၊ ဂိတ်နားနီးလာတော့ ဆိုင်ကယ် အရှိန်လျှော့ရတယ်လေ၊ အဲဒီမှာ ထပေါက်တာ။ နောက်က ထိုင်လိုက်လာတဲ့ မောင်အောင်က ဘယ်လက် စုတ်ပြတ်သတ်သွားတယ်။ ရှေ့ကမောင်းတဲ့ ဦးပြုံးကတော့ တင်ပါးတို့၊ ကျောရိုးတို့ ထိသွားတာ အတော်နက်တယ်။ ကြည့်ရတာ တခြားမှာ ထောင်ဖို့လုပ်တာ အခြေအနေမပေးတော့ ဒီဂိတ်ဘက်ကို ထွက်လာတာ ဖြစ်နိုင်တယ်။ အဲဒီမှာ ထိန်းချုပ်ခလုပ် ကိုင်တဲ့သူက အချိန်စေ့လို့ နှိပ်လိုက်လို့ ထပေါက်တာဖြစ်မယ်” ဟု ပြောသည်။
ဗုံးသယ်ဆောင်လာသူများအား ယခုအခါတွင် ဘုရားသုံးဆူ တပ်ရင်းဝင်းအတွင်း ထားရှိကာ စမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စံခရဘူရီမြို့ရှိ နိုင်ငံရေးလေ့လာ သုံးသပ်သူ မွန်အမျိုးသားတဦးက “မွန်နဲ့သူတို့ KPF ကလည်း သိပ်အဆင်ပြေလှတာ မဟုတ်ဘူး။ အခုလို စစ်အစိုးရနဲ့ မွန်နဲ့ နှစ်ဖက် တင်းမာနေတဲ့အချိန်မှာ အခြေအနေတွေ ပိုမိုရှုတ်ထွေးစေတဲ့ လုပ်ရပ်လို့မြင်တယ်” ဟု ပြောသည်။
ဘုရားသုံးဆူဒေသသည် အပစ်အခတ်ရပ် အဖွဲ့များဖြစ်သော DKBA, KPF, NMSP KNU/KNLA-PC အဖွဲ့များလည်း တည်ရှိကာ၊ ဒေသခံနေထိုင်သူများထက် ဧည့်သည်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်သူများက အများစုဖြစ်ပြီး၊ မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်လေ့ရှိကာ ယခုအကြိမ်သည် လက်သည်ဖြစ်သူကို ဖမ်းမိခြင်းဖြစ်သည်။
No comments:
Post a Comment