Friday, June 11, 2010

ဝင်းယော်ဖြတ်ထုံး

ရွှေအိမ်စည်

“နိုင်ငံရေးအံတုမှုဆိုသည်မှာ အကြမ်းမဖက်သော တိုက်ခိုက်နည်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ နိုင်ငံရေးနှင့်ပတ်သက်သော ရည်ရွယ်ချက်များအတွက် ကန့်ကွက်ဆန္ဒပြခြင်း၊ ပူးပေါင်း၍ မဆောင်ရွက်ခြင်း၊ ဝင်ရောက်စွက်ဖက်ခြင်း စသည့် အကြမ်းမဖက်သည့် နည်းများကို အသုံးပြုခြင်းပင် ဖြစ်သည်။ အမှန်စင်စစ်အားဖြင့် နိုင်ငံရေးအံတုမှုဆိုသည်မှာ စစ်အစိုးရ၏ သြဇာအာဏာများကို ဆန့်ကျင်ဖီဆန်အံတုခြင်းပင် ဖြစ်သည်။ စစ်အုပ်စုမှ ခိုင်းတာမှန်သမျှကို မလုပ်ဆောင်ခြင်း၊ စစ်အုပ်စုအပေါ် မကျိုးနွံခြင်းပင်ဖြစ်သည်။” (မစ္စတာဂျင်းရှပ်)

(၁)

ကောက်သစ်ပေါ်ဦးကာလ…..။
ကောက်သစ်က ပေါ်ပြီ …။ တခွင်တပြင်လုံးက ရွှေဝါရောင် လွှမ်း၍နေသည်။ ကောက်နှံများက အောင်လှသည်။ စပါးနှံများ၏ အလေးချိန်ကြောင့် … စပါးပင်များက မတ်မတ်မဟန်နိုင် …. ကွေးညွှတ်ငိုက်ဆင်း၍ နေကြသည်။ `ရေးအိုပစ်မကျ` ဟူသည့် စကားဥပမာက ဤလယ်ကွင်းမျိုးကို ဆိုလိုဟန်ထင်သည်။ လယ်ကန်သင်းရိုးအတိုင်း လမ်းလျှောက်ရသည်မှာ မလွယ် ….။ တညလုံး ဖျန်းပက်ထားသည့် နှင်းကြောင့် ကန်သင်းရိုးမြေသားများက စွတ်စို၍ ချောနေ၏။ လယ်ကွက်ထဲသို့ ချောမကျစေရန် သတိထား၍ လျှောက်ရ၏။ ကန်သင်းရိုးပေါ်သို့ ဖုံးအုပ်နေသော စပါးနှံများကြောင့်လည်း လမ်းလျှောက်ရသည်မှာ ခရီးမတွင်လှ …..။

ရွာနှင့် နီးကပ်လာသည်နှင့်အမျှ စပါးခင်းများက ပို၍သန်သည်ကို တွေ့ရသည်။ ကျနော်တို့ ရွာအတွင်းသို့ ရောက်တော့…၊ ကိုရင်လေးအချို့ ဆွမ်းခံထွက်လာသည်ကို ရွာလယ်လမ်းမပေါ်၌ တွေ့ရ၏။ ရွာလယ်ရှိ ဆွမ်းလောင်းဇရပ်ပေါ်တွင်မူ ဆွမ်းလောင်းရန် စောင့်နေသည့် အမယ်အို ၃-၄ ဦးအား တွေ့ရ၏။ ရွာက ဤဒေသတွင် ရွာကြီးဟု ဆိုရမည်။ အိမ်ခြေ ၃ဝဝ ခန့် ရှိ၏။

မွန်ပိုင်း၊ ဗမာပိုင်း၊ ကရင်ပိုင်း ဟူ၍ သီးသန့်စီ ခွဲပြီး နေကြသည်။ သူ့အပိုင်းနှင့်သူ …၊ သူကြီးများ ရှိကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှ ကျေးရွာတရွာ ဖြစ်သည်။ မွန်ပြည်သစ်ပါတီမှ နအဖနှင့် အပစ်အခတ်ရပ်စဲခြင်း မပြုမီ အချိန်ထိ ဤရွာတွင် နအဖ စစ်တပ်မှ တပ်ခွဲတခွဲ စခန်းချအခြေစိုက်ခဲ့သည်။ ယခုမူ နအဖတပ်စခန်းလည်း မရှိတော့ ..။ သို့သော် နအဖ စစ်ကြောင်းများက မကြာမကြာ ဖြတ်သန်းသွားလာနေဆဲ ဖြစ်သည်။ အဝင်အထွက်က ရှိမြဲပင် …..။

ကျနော်တို့တတွေလည်း မကြာမကြာ သွားလာဝင်ထွက်ကြ၏။ ထိပ်တိုက်ရင်ဆိုင်မတိုးမိစေရန်တော့ သတိထားပြီး သွားလာကြရသည်။ ကျနော်တို့အင်အားများလျှင် သူတို့ရှောင်ကြပြီး၊ သူတို့အင်အားများလျှင် ကျနော်တို့တတွေ ရှောင်ကြသည်။ ရွာတွင်းမှာဖြစ်ဖြစ်၊ ရွာအနီးအပါးတွင်ဖြစ်ဖြစ် ထိပ်တိုက်တိုးပြီး တိုက်ပွဲမဖြစ်စေရန် ကျနော်တို့က ပို၍ ဂရုစိုက်ကြရသည်။ ဖြစ်လျှင် ရွာအတွက် ထိခိုက်မည်။

ရွာနားတွင် သူပုန်ရှိလျက်နှင့် သူတို့အား သတင်းမပေးဘူး၊ သူပုန်အားပေးတဲ့ရွာ၊ သူပုန်ရွာ …. စတဲ့ စွပ်စွဲချက်များနှင့် စွပ်စွဲမည်။ ပြီးလျှင် မဆိုင်သူများကို ဖမ်းမည်။ ညှင်းဆဲမည်။ သူတို့ဘက်မှ လက်နက်ဆုံးရှုံးခဲ့ပါလျှင် ရွာက သေနတ်ဖိုးပြန်၍ လျော်ပေးရမည်။ ဒါက ဤဒေသတွင် နအဖ စစ်တပ်မှ လုပ်နေကြ……။ ဤအတွက် ကျနော်တို့ တတွေက ရွာဝန်းကျင်တွင် ထိပ်တိုက်မတိုးမိစေရန် ရှောင်ကြရသည်။

ကျနော်တို့အား ဦးဆောင်၍ခေါ်လာသည့်ရွာမှ ကင်းသမားလူငယ်သည် ရွာ၏ အနောက်ခြမ်းဘက်သို့ ဦးတည်၍ သွားနေသည်။ ရွာ၏ အနောက်ခြမ်းက ကရင်ပိုင်း ဖြစ်သည်။ ဝင်းယော်ချောင်းအား မေးတင်၍ ထားသည်။ နအဖ စစ်တပ် အလွယ်တကူ ဝင်လာ၍မရ …..။ ချောင်းရိုးက ခံနေသည်။ ရွာ၏ အရှေ့ခြမ်းမှ ဝင်လာပါကလည်း ကျနော်တို့ ကြို၍သတင်းရသည်။

လှေအဆင်သင့်ပြင်ထားပါက ကျနော်တို့ အလွယ်တကူ ဝင်းယော်ချောင်းအား ကူးပြီး ရှောင်ထွက်သွား၍ရသည်။ ပြဿနာမရှိ …..။ ယခုကဲ့သို့ လူနည်းနည်းဖြင့် ရွာသို့လာသည့်အခါများတွင် ကျနော်တို့သည် ရွာ၏ အနောက်ခြမ်း ကရင်ပိုင်းတွင်ပင် နေကြ၏။ ရွာကလည်း ဤသို့ပင် စီစဉ်ပေးကြသည်။

ကျနော်တို့ အိမ်ဝင်းတခုထဲ ဝင်လိုက်ကြသည်။ အိမ်ပေါ်သို့ တတ်လိုက်သည်နှင့် ရွာလူကြီးအချို့နှင့် ရွာသားတို့အား တွေ့ရ၏။ ၁၅ ယောက်၊ အယောက် ၂ဝ ခန့် ရှိမည်။ ကျနော်တို့အလာ စောင့်မျှော်နေကြသည့် ဟန်ကို သူတို့၏ အမူအယာများက ဖော်ပြ၍ နေကြသည်။ တစုံတခုသော အကြောင်းကိစ္စက သူတို့၏ စိတ်အာရုံအား ဖိစီးထားကြောင်း သူတို့၏ မျက်နှာအမူအယာများတွင် ထင်ဟပ်၍ နေသည်။ ဤသို့ အကြောင်းကိစ္စ တခုခုရှိပါက သူတို့သည် ကျနော်တို့အား အခေါ်လွှတ်၍ တွေ့ဆုံမြဲ၊ တိုင်ပင်မြဲ၊ တခုခု ဆုံးဖြတ်ချက်ချရန် ဆွေးနွေးမြဲ …..။

ယခုလည်း …. ရွာလူကြီးတဦးမှ စာ ၃ စောင်အား ထုတ်၍ပြသည်။ ကြာအင်းဆိပ်ကြီးအခြေစိုက် ခြေမြန်တပ်ရင်း ၃၅ မှ ပေးပို့သည့် အကြောင်းကြားစာဖြစ်သည်။ စာနှစ်စောင်က လွန်ခဲ့သည့် ၁ဝ ရက်ခန့်မှ ပေးပို့ထားသည့် စာများဖြစ်ပြီး တစောင်မှာမူ မနေ့ကမှ နောက်ထပ်ပေးပို့လာသည့် စာဖြစ်သည်။ ပထမစာက ဘုရားသုံးဆူစခန်းရှိ တပ်နှင့် ချိန်းရန်အတွက် လှည်းအစီး ၂ဝ အား ချောဆင့်ခေါ်သည့် စာဖြစ်သည်။

တလခန့် ကြာနိုင်သည်။ သူတို့ပစ္စည်းများအား တင်ပြီး စစ်ကြောင်းနှင့်အတူ သွားရမည်။ မြေမြုပ်မိုင်းလည်း ထိနိုင်သည်။ ဒါမှမဟုတ် ကေအင်ယူ (ကရင်အမျိုးသားအစည်းအရုံး) ရဲ့ ပြောက်ကျားတိုက်ခိုက်မှုကိုလည်း ခံရနိုင်သည်။ လှည်းအစီး ၂ဝ ထဲမှ …၊ လှည်းသမား ၂ဝ ဦးထဲမှ အကောင်းပကတိအတိုင်း မည်မျှသာ ရွာသို့ ပြန်ရောက်နိုင်မည်နည်း ….။

ဤလမ်းဤခရီး၏ အန္တရာယ်အား အားလုံးက သိကြသည်။ မည်သူမျှ မသွားလိုကြ ….။ ပြီးလျှင် မိမိ၏ ဝမ်းရေအတွက် လုပ်စရာများက ရှိသည်။ ကောက်နှံတို့က ရင့်မှည့်၍နေပြီ ……။ ရိတ်သိမ်းကြရမည်။ လှေ့ရမည်။ တလင်းထဲသို့ ရောက်အောင် လုပ်ရမည်။ အချိန်လွန်၍မရ …..။ ပြီးလျှင် ….. မိမိတို့မနှစ်သက်သော အုပ်စိုးသူ၏ အုပ်ချုပ်မှု အာဏာစက်အား မိမိတို့၏ အသက်သွေးချွေးနှင့် မချဲ့ထွင်ပေးစေလိုကြ …..။ ဖောက်ပြန်သည့် အုပ်ချုပ်ရေးယန္တရားကြီးအား မိမိတို့၏ ပူးပေါင်းပါဝင်မှုနှင့် မလည်ပတ်စေလိုကြ …..။ ဘာလုပ်ကြမည်နည်း။

ပြီးခဲ့သည့်လက ဝင်းယော်ချောင်း အနောက်ဘက်ကမ်းရှိ ရွာသို့ ယခုကဲ့သို့ပင် နအဖ စစ်တပ်မှ ချောလှည်းတောင်းသည်။ ရွာမှလှည်းများကို ဘီးတခြား ကိုယ်ထည်တခြား ဖြုတ်ပြီး လှည်းအဆင်သင့်မရှိဟု အကြောင်းပြပြီး ချောလှည်းမပို့ခဲ့ ….။ နအဖ စစ်တပ်မှ ထိုရွာသို့ စစ်ကြောင်းနှင့်ဝင်လာပြီး ခိုင်းနွားများအား ရွာတွင်းမှာပင် ပစ်သတ်ပြီး စစ်ကြောင်းရိက္ခာ လုပ်လိုက်သည်။ ဘာလုပ်ကြမည်နည်း။ အားလုံး လေးလေးနက်နက် တွေးဆနေကြသည်။

ဒုတိယစာတစောင်က မိုးစပါးအတွက် အခွန်တောင်းသည့် အကြောင်းကြားစာဖြစ်သည်။ အခွန်တော်က ၃ မျိုး စည်းကြပ်ထားသည်။ တာဝန်ကျေစပါးက ၁၂ တင်း၊ စစ်တပ်ရိက္ခာစပါးက ၁၂ တင်း၊ ဝန်ထမ်းများအတွက် စေတနာ့စပါးက ၅ တင်း တဧကလျှင် ၂၉ တင်း အခွန်ပေးဆောင်ရမည်။ ရွာရှိ လယ်မြေဧက သတ်မှတ်ထားခြင်းကလည်း လွန်ခဲ့သည့်နှစ် ၅ဝ ခန့်က မြေစာရင်းဦးစီးဌာန၏ စာရင်းဇယားအတိုင်း ဖြစ်သည်။

ယခု … ဤအတိုင်းမဟုတ်တော့။ အချို့လယ်မြေများက ကြက်ပေါင်းစေးခြံများ ဖြစ်၍နေပြီ။ အချို့ကလည်း စပါးမစိုက်တော့ဘဲ ယိုးဒယားသို့ တက်၍ အလုပ်လုပ်နေကြသဖြင့် ၎င်းတို့၏ လယ်မြေများက မြေလွတ်များအဖြစ် ရှိနေသည်မှာ ၁ဝ နှစ်ခန့်ပင် ရှိမည်ဖြစ်သည်။ သို့သော် ….. လယ်လုပ်ကိုင်သည်ဖြစ်စေ၊ စပါးစိုက်သည်ဖြစ်စေ၊ မစိုက်သည်ဖြစ်စေ ၎င်းတို့၏ လယ်မြေဧကစာရင်းအတိုင်း အခွန်ပေးဆောင်ရန် နှုန်းသတ်မှတ်ပြီး အခွန်ကောက်ခံထားသည်။ မည်သို့လုပ်ကြမည်နည်း။

နောက်ဆုံးစာက သတိပေးထားသည့် စာဖြစ်သည်။ ၎င်းတို့သတ်မှတ်သည့်ရက်အတွင်း လှည်းအစီး ၂ဝ နှင့် အခွန်ဆောင်ရမည့် စပါးများကို မပေးပို့ပါက ရွာအားအဓမ္မပြောင်းရွှေ့ပစ်မည်။ လယ်များ၊ ယာများ၊ ခြံများကို စစ်တပ်မှ သိမ်းယူမည်။
မည်သို့ ဆုံးဖြတ်ကြမည်နည်း။


(၂)

ရေထသည့် ရက်ဖြစ်သဖြင့် ဝင်းယော်ချောင်းအတွင်း ရေပြည့်၍နေသည်။ လဆန်းရက် လရောင်အောက်၌ ချောင်းရေသည် ငြိမ်သက်၍မနေ ….။ ဒီရေက တရိပ်ရိပ်ဆန်လျက် ….။ မိုးမခပင်များက တိုးရေကြောင့် ယိမ်းနွဲ့၍ နေကြသည်။ လှေဦးသည် မိုးမခပင်များအကြားမှ တိုးထွက်၍ ဝင်ယော်ချောင်းအား ထိုးခွဲကာ အနောက်ဘက်ကမ်းဆီသို့ ဦးတည်၏။ ရေမွှာတို့က … လရောင်တွင် လင်းလင်းလက်လက် …။
ကျနော်၏ အတွေးက … အမေလူထုဒေါ်အမာ ဘာသာပြန်သည့် `သက်တန့်ရောင်` စာအုပ်ဆီသို့ …။ သက်တန့်ရောင်က ဘာသာပြန်ထားသော စာအုပ်တအုပ် ဖြစ်သည်။ မူရင်းစာရေးဆရာမှာ `ဝမ်ဒါဝါစီလူးစကား` ဖြစ်သည်။

၁၉၄၂ ခုနှစ်တွင် ရေးသားထုတ်ဝေခဲ့ပြီး ၁၉၄၃ ခုနှစ်တွင် စတာလင်ဆု ချီးမြှင့်ခြင်းခံရသည့် စာအုပ်ဖြစ်သည်။ ယူကရိန်းနယ်ရှိ ရွာငယ်လေးတရွာအား နောက်ခံထား၍ ဝတ္တုအား ဇာတ်လမ်း ဖွဲ့ထားသည်။ ယူကရိန်းနယ်တခုလုံးအား ဖက်ဆစ်နာဇီဂျာမန်တို့က သိမ်းပိုက်ထားခဲ့သည်မှာ တလခန့်ရှိပြီ။ ကျေးရွာများအတွင်း ဂျာမန်တပ်များ အခြေစိုက်ချထားပြီး ရွာအုပ်ချုပ်ရေးတွင် ဂျာမန်တို့၏ လက်ကိုင်တုတ် ပုဆိန်ရိုး ရုရှတယောက်စီအား ကျေးရွာသူကြီးအဖြစ် ခန့်ထားကြသည်။ `ဂေါ်ပလစ်` သည်လည်း ထိုအမျိုးအစားထဲမှ သူကြီးတယောက်ဖြစ်သည်။ သူကြီးဂေါ်ပလစ်သည် သံချောင်းခေါက်ပြီး ကျေးရွာလူထုအား ဆင့်ခေါ်လိုက်သည်။ နေရာကား ယခင်ကျေးရွာ၏ စာသင်ကျောင်းအတွင်း ….။

စာသင်ကျောင်းဟုဆိုသော်လည်း ယခုမူ အဆောက်အဦ အခွံကြီးသာ ကျန်တော့သည်။ စာသင်ခုံများအား ဂျာမန်စစ်သားတို့က ထင်းခွဲ၍ မီးဆိုက်လိုက်ကြပြီ။ ခမ်းမအတွင်း ထိုင်ခုံတလုံးနှင့် စားပွဲတလုံးသာ ကျန်တော့သည်။ ကုလားထိုင်ပေါ်၌ ဂျာမန်စစ်ဗိုလ်သည် ထိုင်နေပြီး သူကြီးဂေါ်ပလစ်က ဂျာမန်စစ်ဗိုလ်ဘေး စားပွဲအနောက်၌ မတ်တပ်ရပ်လျက် စုရုံးလာကြသော ရွာသားများကို ကြည့်နေ၏။ ရွာသူရွာသားများက ခမ်းမအတွင်း ဟိုနားတစု ဒီနားတစု …..။ ထိုင်သူ ထိုင်၊ မတ်တပ်ရပ်သူ ရပ်နှင့် ကျယ်လောင် …၊ ကျယ်လောင် တယောက်တခွန်း စကားပြောနေကြသည်။

သူတို့အရှေ့ရှိ ရွာသူကြီးနှင့် ဂျာမန်စစ်ဗိုလ်တို့အား ဂရုမစိုက်သည့် ဟန်များဖြင့် …..။ အများစုကား အမျိုးသမီးများဖြစ်ပြီး၊ မသန်မစွမ်းသည့် ယောက်ျားနှင့် သက်ကြီးရွယ်အို ယောက်ျားအချို့တို့သာ ပါကြ၏။ ငယ်ရွယ်သော လူငယ်လူလတ်ယောက်ျားတို့ကား ရွာတွင် မရှိတော့ ….။ မျိုးချစ်ပြောက်ကျား တပ်များနှင့် ဆိုဗီယက်ရှပ်နီတပ်များသို့ ဝင်ရောက်၍ သွားကြလေပြီ ….။ သူကြီးသည် ချောင်းဟန့်၍ လည်ချောင်းကို ရှင်းလိုက်၏။ စာရွက်ကို တဖက်မှကိုင်၍ ကျန်တဖက်ဖြင့် အိတ်ထဲမှ မျက်မှန်ကို ထုတ်၍တပ်၏။ ပရိတ်သတ်လည်း စကားပြောရပ်၍ ငြိမ်သက်သွားလေ၏။ သူကြီးသည် ချောင်းဟန်ပြန်၏။ ပြီးလျှင် …. ဂျာမန်စစ်ဗိုလ် ထုတ်ထားသည့် အမိန့်စာအား ဖတ်လေ၏။

``….. ယခုအချိန်တိုင် ဤရွာမှလူများသည် အခွန်တော်ငွေအစား ဂျုံစပါးကို တောင်းခံသည့် အခွန်များကို ပေးဆောင်ခြင်း မရှိသဖြင့် ယခုအမိန့်ထုတ်သည်မှ နောက် ၃ ရက်အတွင်းတွင် မိမိတို့ထမ်းဆောင်ရန် ကျသင့်သည့် ဂျုံစပါးများကို အပြေအလည် ထမ်းဆောင်ရမည်။ အကယ်၍ ဂျာမန်တပ်မတော်ကြီးနှင့် ဂျာမန်အစိုးရက ထုတ်ပြန်လိုက်သော အမိန့်ကို မလိုက်နာသူအားလည်းကောင်း၊ ငြင်းဆန်သူအားလည်းကောင်း၊ ခုခံသူအားလည်းကောင်း၊ ထိုသူအား သေဒဏ်အပြစ်ကို ပေးမည်။

ဤအမိန့်ကို အတိအကျ လိုက်နာရိုသေ လေးစားစေလိုသဖြင့် ဂျာမန်စစ်ဗိုလ်ကြီးက အောက်ပါရွာသား ၅ အား ဓားစာခံများအဖြစ် ဖမ်းဆီးထားမည်။ အခွန်တော်ဂျုံစပါးများကို ၃ ရက်အတွင်း မပေးဆောင်ခဲ့သော် ယခုဖမ်းဆီးထားသည့် ဓားစားခံ ၅ ယောက်အား ကြိုးစင်တင်၍ သတ်ပစ်မည် …..``
အစည်းအဝေးက ပြီးဆုံး၍ သွားလေပြီ …..။ ဓားစားခံအဖြစ် အဖမ်းခံထားရသည့်အထဲမှ အမျိုးသမီးတဦးသည် ရွာသားများဘက်သို့ လှည့်၍ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
``တောင့်သာခံကြဟေ့၊ တို့အတွက် ကိစ္စ မရှိဘူး။ လျှော့မပေးကြနဲ့ တောင့်ထား …။”

ကျနော်၏ အတွေးများက … ယူကရိန်းနယ်ရှိ ရွာငယ်လေးနှင့် ဝင်းယော်ချောင်းနဘေးရှိ ရွာငယ်လေးဆီသို့ လူးလာခတ်၍နေသည်။

ကျနော်တို့အား တင်ဆောင်လာသည့် လှေငယ်လေးက တရွေ့ရွေ့နှင့် ဝင်းယော်ချောင်းအား ကူးဖြတ်၍ လှော်ခတ်နေဆဲ ……။



No comments: