Thursday, June 17, 2010

အစိမ်းရောင်ဝေဒနာ

မိနဒီမွန်(ကောင်းဝါ)

ထိုင်း မြန်မာ နယ်စပ် ဆန်ခ ဘူရီမြို့ မှာရှိတဲ့ ကလေးရွာ လို့ခေါ်တဲ့ မိဘမဲ့ ကျောင်းလေး မှာဖြစ်ပါတယ်။ ဒီကျောင်းက လက်ရှိ ကျောင်းအိပ် ကျောင်းမှာစား တဲ့ကလေးတွေ (၁၄ဝ)ယောက် ကျော်ရှိပြီး ကလေး တွေဟာ အများအား ဖြင့်တော့ မြန်မာ နိုင်ငံက ဆင်းရဲချို့တဲ့ပြီး မိဘတွေ အလုပ်သွား လုပ်နိုင်ဖို့ လာအပ်ထား တဲ့ကလေး တွေနဲ့ မိဘစွန့် ပစ်ခံရတဲ့ ကလေး တွေဖြစ်ပါတယ်။ ကလေး တွေက အသက် တစ်နှစ် ကနေ (၁၈)နှစ်ကြား အရွယ်တွေ များပါ တယ်။

တချို့ ကလေးတွေက မိဘကိုတခါမှ မတွေ့ဖူးတာလည်းရှိပါတယ်။ မိဘတွေနဲ့ ငယ်ငယ်ကတည်းကခွဲခွာပြီး မောင်နှမသုံးယောက်နှင့်အတူ မိဘမဲ့ကျောင်းမှာကြီးပျင်းခဲ့သူ၊ အသက်(၁၅)နှစ်အရွယ် မတိမ်မိုးက သူမမိသားစု အကြောင်းကို အခုလိုပြောပါတယ်။

“မောင်နှမ(၃)ယောက်ရှိတယ်အခု။ မောင်လေးကအသက်(၆)နှစ်ညီမလေးကအသက် (၁ဝ)နှစ် လောက်ရှိမယ်။ အဖေနဲ့အမေက ကွဲသွားတယ်။ အမေနဲ့လိုက်လာခဲ့တယ်။ ဒါပေမယ့်အမေက နောက်လင်ရပြီးတော့သွားလိုက်တယ်။ အဖေကတော့ အခုတော့ ဆုံးသွားပြီလို့  သတင်းကြားတယ်။

မိဘမဲ့ကျောင်းအုပ်ဖြစ်တဲ့((Didi DEVAMALA)ကတော့ သူမကျောင်းကိုရောက်ရှိလာတဲ့ မြန်မာနိုင်ငံက မိဘတွေဟာ အများအားဖြင့်ကလေးတွေအတွက် ကျောင်းထားနိုင်ဖို့ ကျွေးမွေးနိုင်ဖို့အတွက်ကို အလုပ်ရှိဖို့ လိုကြောင်း၊ နေစရာမရှိ၊ အလုပ်မရှိရင် ပိုက်ဆံမရှိ၊ ပိုက်ဆံမရှိရင် ကလေး တွေကိုလည်း မကျွေးမွေးနိုင်တဲ့အတွက် ကလေးတွေကိုစွန့်ပြီး မိဘတွေကအလုပ်သွားလုပ်ကြပါ တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ဇွန်လ(၁)ရက်နေ့ကစပြီး အစိုးရကျောင်းတွေဖွင့်ကြပါတယ်။ ကျောင်း စရိတ်တွေ၊ စာအုပ်ဖိုးကျောင်းသုံးကရိယာတွေဈေးတက်လာတဲ့အတွက် မိဘတွေအခက်ခဲများ စွာနဲ့ ကြုံတွေ့နေရပါတယ်။

ရေးမြို့နယ်ကမိခင်တွေတချို့က ကလေးတွေကိုကျောင်းထားနိုင်ဘို့ တောင်ယာ ပေါင်းပင်တွေငှားခုတ်ကြရပါတယ်။

တချို့ကလေးတွေကလည် ကွမ်းသီးအခွံ ငှားချွတ် ကြပါတယ်။ ခြံမြက်ခုတ်၊ ဟင်းသီးဟင်းရွက်ရောင်း၊ ရာဘာငှားခြစ် စတဲ့ရရာအလုပ်တွေကို လုပ်ကိုင်ရင်း ကလေးတွေကို ကျောင်းထားကြရပါတယ်။

နယ်စပ်ကိုရွှေ့ပြောင်းလာတဲ့ ရေးမြို့နယ်က ကလေး(၂)ယောက်မိခင်မိလှကတော့ သူမရဲ့အခက်ခဲ ကို အခုလို ပြောပြပါတယ်။
“ဒီနှစ်ကျောင်းစရိတ်တွေက နှစ်ဆလောက်တက်လာတယ်လေ။ စာအုပ်ဖိုတွေလည်းကြီးလာတော့ ကလေးတွေကို ကျောင်းမထားနိုင်ဘူး။ စားဝတ်နေရေးကလည်း တစ်ဖက်နဲ့ အဆင်မပြေဘူး။ ဒါ ကြောင့် ဒီကိုပြောင်းလာတယ်။

မိဘတွေရဲ့ စီးပွားရေး အဆင်မပြေမှုကြောင့် ခလေးတွေဟာ ကျောင်းထွက်ကြပြီး မိဘကို ကူညီလုပ်ကိုင် ပေးကြပါတယ်။ တချို့ကလည်းထိုင်းနိုင်ငံဘက်ကိုအလုပ်လာလုပ်ကြရပါတယ်။ မုဒုံမြို့နယ်ဘဲရမ်းရွာက မိနှင်းမြတ် သွယ်ကတော့ သူမကျောင်းနေဖို့အတွက် တဖက်တလမ်းကနေ ပိုက်ဆံရှာရပြီးမှ ကျောင်းတက်ခဲ့ရတယ်လို့ အခုလို ပြောပါတယ်။

“ဒီလိုပဲအိမ်မှာ ပန်းခြံရှိတော့ ပန်းသီပြီးရောင်းရတာပေါ့။ ဒီလိုပဲပန်းရောင်းပြီး (၈)နာရီအိမ်ပြန် (၈)နာရီခွဲလောက်ကြမှ ကျောင်းသွားတယ်။”

ဒီနှစ်မှာတော့ သူမအနေနဲ့ မိသားစုရဲ့စားဝတ်နေရေးကိုငဲ့ကွက်တဲ့အနေနဲ့ ကျောင်းထွက်ပြီး အလုပ်လုပ် နေတယ်လို့ အခုလိုပြောပါတယ်။

“(၇)တန်းအထိကျောင်းနေတယ်။ အမေ့စီးပွားရေးအခြေအနေမကောင်းလို့ ကျောင်းနေဖို့ စရိတ်လည်းပိုက်ဆံမရှိ၊ ကျူရှင်သွားဖို့လည်းပိုက်ဆံမရှိ စာအုပ်ဝယ်ဖို့လည်းပိုက်ဆံမရှိတဲ့ အတွက်ကြောင့် အမေနဲ့အတူ အလုပ်လာလုပ်တာ။ အမေကိုသနားပြီ သမီးကျောင်း မနေတော့တာ။

အမေ့ကိုဝိုင်းကူလုပ်ပေးရတာ သမီးဝမ်းသာပါတယ်။ သမီးစိတ်ထဲမှာတော့ မကောင်းဘူးပေါ့။ ကျောင်းထွက်ရတဲ့တွက် အခုတော့မေမေကိုယ် ဝိုင်းကူတော့မယ်လို့ ဆုံးဖြတ် ထားတယ်။

တချို့ဆယ်တန်းတက်မယ့်ခလေးတွေက ပိုက်ဆံမရှိတာနဲ့ မယ်ဟောင်ဆောင်ဒုက္ခသည်စခန်းကို ရောက်ရှိလာကြပါတယ်။ သည်စခန်းမှာ ပညာရေးကိုမူလတန်းကနေ အထက်တန်းအထိ သင်ကြားပေးနေပါတယ်။

အိမ်ကျောင်းဆက်သွယ်ရေးနှင့် မသန်မစွမ်းခလေးကလေးများစောင့်ရှောက်ရေးအဖွဲ့ ဦးဂျိုဟန်ဆောင် (‘joehamtson) ကနေအခုလိုပြောပါတယ်။

“စာရင်းအရဆိုတော့ ဒီကနေ့က(၆ဝဝဝ)လောက်ရှိမယ်။ အားလုံးပေါ့နော် စခန်းတစ်ကော စခန်း နှစ်ကော။ ဆယ်တန်းခလေးတွေ ပြည်ထဲက လာတာအများကြီဘဲလို့ပြောလို့ရတယ်။

လက်ရှိဒီနှစ်ရောက်လာတာ(၂ဝဝ)ကျော်ရှိပြီး နောက်ထပ်ရောက်ရှိလာဖို့လည်းရှိသေးတယ်လို့သူက ဆက်ပြောပါတယ်။ အလားတူဘဲခလော့ဟနီဒုက္ခသည်စခန်းမှာလည်း စစ်ဘေးတိမ်းရှောင်ရောက်လာတဲ့ အိမ်ထောင်စု(၂၁)အိမ်ထောင်စုမှာ ကျောင်းနေအရွယ်ကလေး(၁၅) ယောက် ရှိနေပါတယ်။

ဒီလိုကလေးတွေ ဒုက္ခသည်စခန်းကိုရောက်များလာရတဲ့အပေါ်မှာ ပညာရေးကို ဦးစားမပေး နိုင်တာရယ် လက်ရှိစီးပွားရေးကျပ်တည်းမှုကြောင့် ကလေးတွေရဲ့အတွေးဟာ ပညာရေးဘက်ကစိတ်ဝင်စားမှု အားနည်းလာ တယ်လို့လည်း ဦးဂျိုဟန်ဆောင်က ဆက်ပြောပါတယ်။

“မိဘဘက်ကအခက်ခဲရှိလာတော့ ဒီခလေးတွေလည်း သူတို့မှာ စိတ်ဝင်စားမှုနည်းတယ်လေ။ အမြင်ကျဉ်းတာပေါ့။ ဘဝမှာကွေ့ပတ် ကြည့်လိုက်ရင်တောင်တွေဘဲရှိတယ်။ စာသင်ဖို့ အားမရှိဘူး ပေါ့နော်၊ အားမတန်ဘူးပေါ့။”

ဒီနှစ်အစိုးရကျောင်းဝင်ကြေးက အခြေခံမူလတန်းအဆင့်မှာ (၃၅ဝဝ)ကျပ်ဖြစ်ပြီ စာအုပ်ဖိုးတွေပါ ဆိုရင်(၁၅ဝဝဝ)ကျပ်လောက်ကုန်ကျပါတယ်။ အလယ်တန်းအဆင့်၊ အထက်တန်းမှာတော့ အဆင့်အဆင့် မြင့်တက် သွားပါတယ်၊
ရန်ကုန်မြို့က ဒီနှစ်ကျောင်းတွေမှာ ကျောင်းနေတဲ့ခလေးတွေ တိုးလာပေမယ့် လက်ရှိမိဘအခြေ အနေတွေအပေါ်မှာ ကျောင်းမအပ်နိုင်တဲ့ ခလေးတွေအများကြီးရှိသေးတယ်။ တချို့ခလေးတွေဟာ ဝမ်းစာရေးအတွက် မိဘတွေကို ဝိုင်းလုပ်နေရတဲ့အကြောင်း အမျိုးသားကျန်းမာရေးနှင့်ပညာရေးကော်မတီ ပညာရေးဆိုင်ရာကျွမ်းကျင်သူ ဦးသိန်းနိုင် ကအခု လိုပြောပါတယ်။

“အထူသဖြင့်တော့ကျောင်းဝင်ကြေး စာသင်ခန်းစရိတ်နဲ့တခြားသောကျောင်းစရိတ်တွေကြီး လွန်းသောအခါ အကြောင်းတကြောင်းဖြစ်တယ်။ နောက်တချို့  ကလေးတွေဟာဆိုရင်မိဘတွေနဲ့ အတူအလုပ်တွေကို လုပ်နေကြ ရတယ်လေ။ အဲဒီအတွက်မိဘတွေဘက်ကလည်း ကလေးတွေကိုကျောင်းအပ်နှံဖို့ အခက်ခဲတွေ့နေရတယ်။ မိဘ တွေကိုယ်တိုင်ကလေးတွေကို ဝမ်းစာအတွက် အလုပ်ခိုင်းနေရတဲ့ အခြေအနေရှိတာကိုလည်း ကျွန်တော် တို့ သိရတယ်။”

အစိုးရကထုတ်ပြန်ထားတဲ့အခမဲ့ပညာရေးကို လက်တွေ့မှာ အကောင်ထည်မဖော်နိုင်သေးပါဘူး။ ကလေးတွေ ကျောင်းတက်နိုင်ဖို့ကို တာဝန်ရှိအဆုံးက အစိုးရနှင့်မိဘတွေမှာဖြစ်ကြောင်း အခုလိုပြော ဆိုသွားပါတယ်။

“အခမဲ့ပညာရေးကို အနည်းဆုံးအသက်(၁၅)နှစ်အရွယ်အထိ ကလေးအားလုံးစာသင်ခန်းထဲမှာ ရောက်ရှိနေနိုင်ဖို့ အတွက် အကောင်အအထည်ဖော်ဖို့လိုပါတယ်။ လောလောဆယ်မှာတော့ အခမဲ့ပညာရေးမဖြစ်သေးဘူး။ ဆင်းရဲ နွမ်းပါးတဲ့မိဘတွေမတတ်နိုင်တဲ့မိသားစုတွေကို ကူညီပံ့ပိုးဖို့ အတွက်အခမဲ့ပညာရေးကို အကောင်အထည် ဖော်ဖို့အတွက် အရမ်းအရေးကြီးပါတယ်။ ကလေးတွေ ကျောင်းနေခွင့်ရဖို့အတွက် အများကြီးထက်ကြိုးစားဖို့ လိုပါတယ်။ စရိတ်မတတ်နိုင်တဲ့ မိဘတွေက အများစုကြီးပေါ့။ ဒီလိုအခြေအနေမှာကျွန်တော်တို့ရဲ့ကလေးအားလုံး ကျောင်းနေနိုင်ရေးဆောင်ပုဒ်နဲ့တော့ အလှမ်းအများကြီးဝေးပါတယ်။ တာဝန်အရှိဆုံးကတော့ အာဏာပိုင်အစိုးရ ပဲဖြစ်တယ်။ ရပ်ရွာမိဘပြည်သူတွေနဲ့ အစိုးရဘက်က ကလေးတွေအားလုံးပိုင်ပိုင်နိုင်နိုင်နဲ့ ပညာသင်ကြားဖို့ အတွက်ကိုအမျာကြီး ကြိုးစားဖို့ လိုပါသေးတယ်။”

ကျောင်းဖွင့်ချိန်ရောက်တိုင်း ကျောင်းသားတွေဟာ မျှော်လင့်ချက်ကိုယ်စီနဲ့ ရင်ဆိုင်မှု အသစ်တွေကို ရင်ခုန်စွာနဲ့ဖြတ်သန်းရပါတယ်။ ကျောင်းဝတ်စုံအဖြူအစိမ်းဝတ်ဆင်ထားတဲ့ ကျောင်းသူကျောင်းသားတွေ ကျောင်းတက်နေတဲ့မြင်ကွင်းဟာ တကယ့်ကိုကြည်နူးစရာကောင်းလှပါတယ်။ ကျောင်းတက်ခေါင်းလောင်းသံတွေ ခလေးတွေရဲ့စာအံသံတွေဟာ သာယာနာပျော်ဘွယ်အသံလေး တွေနားထောင်ပြီးပီတိဖြစ်ရပါတယ်။ ပစ္စုပ္ပန် မြန်မာနိုင်ငံပညာရေးအခြေအနေကတော့ ငွေရှိမှာသာ ပညာသင်ကြားခွင့်ရှိတဲ့အတွက် ချို့တဲ့တဲ့မိဘများအဖို့ကတော့ ကျောင်းဝတ်စုံအဖြူအစိမ်း ဝတ်ဆင်ထားတဲ့ ကျောင်းသူကျောင်းသားတွေကိုတွေ့တိုင်း မိမိသားသမီးတွေအတွက် ဝေဒနာတစ်ရပ် ခံစားရပါတယ်။ အဲဒီဝေဒနာဟာ အစိမ်းရောင်ဝေဒနာလို့တင်စားရင် မှားမယ်မထင်ပါဘူး။

No comments: