Thursday, June 17, 2010

စစ်တွေဆိပ်ကမ်း စီမံကိန်းကြောင့် မြို့သူမြို့သားများ ပြောင်းရွေ့ရမည်ကို စိုးရိမ်

စံလင်း

ရခိုင်ပြည်နယ်ရှိ ကုလားတန် မြစ်ကြောင်း သွားလာရေး ဘက်စုံ စီမံကိန်းတွင် အတွက် စစ်တွေ ဆိပ်ကမ်းကို ပြန်လည် ပြုပြင် တည်ဆောက်မည် ဖြစ်သဖြင့် အနီးအနားရှိ ဈေးကြီး၊ စာတိုက်၊ ပြည်သူ့ဆေးရုံကြီးနှင့် လူနေရပ်ကွက်များ ပြောင်းရွေ့ ရမည်ဟု သတင်းထွက်ပေါ်နေ သောကြောင့် မြို့သူ မြို့သားများ စိုးရိမ် နေကြသည်ဟု စစ်တွေမှ မြို့ခံ လူကြီး တဦးက ပြောသည်။

“ကုလားတန် မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်းကို တည်ဆောက်ရင် အနီးအနားမှာ ရှိတဲ့ ဈေးကြီး၊ စာတိုက်၊ ပြည်သူ့ဆေးရုံကြီးနဲ့ လူနေ ရပ်ကွက် တချို့ကို ဖြိုဖျက်ပီး တခြားနေရာတွေကို ပြောင်းရွေ့ရမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတဲ့ အတွက် မြို့ခံလူထုတွေက အထူး စိုးရိမ်နေကြပါတယ်” ဟုပြောသည်။

စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရန်အတွက် အိန္ဒိယနိုင်ငံ Essar ကုမ္ပဏီမှ ဆောက်လုပ်ရေး ကျွမ်းကျင်သူများသည် ဇွန်လဆန်း ကတည်းက စစ်တွေသို့ ရောက်ရှိလာပြီး လုပ်ငန်းခွင်အတွက် လိုအပ်သည့် လေ့လာမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဆိပ်ကမ်းတည်ဆောက်ဖို့ အတွက် Essar ကုမ္ပဏီမှ ဆောက်လုပ်ရေး တာဝန်ခံတွေတော့ စစ်တွေမှာ ရောက်နေပါတယ်။ လက်ရှိ ဆိပ်ကမ်း ဧရိယာတွေကိုလည်း လေ့လာနေတယ်။ ခုထိတော့ အသစ် တည်ဆောက်မယ့် ဆိပ်ကမ်း ဧရိယာကို တရားဝင် မသတ်မှတ် သေးဘူး။ ဒါပေမယ့် ခုလို ကောလဟလ သတင်းတွေ ကြောင့် ကျွန်တော်တို့ အနေနဲ့ စိုးရိမ်ပူပန်နေကြတာ အမှန်ပါဘဲ ” ဟု သူက ဆက်ပြောသည်။

စစ်တွေ ဆိပ်ကမ်းအသစ်ကို ဆိပ်ကမ်းဟောင်းနေရာတွင် တည်ဆောက်ပါက ဆေးရုံကြီး၊ စာတိုက် အပါအ၀င် လူနေအိမ်ခြေ အတော်များများကို ဖြိုဖျက်ရမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံ တိုးတက်ရေး စီမံကိန်းကို ၂၀၀၈ ခုနှစ် ဧပြီလအတွင်းက မြန်မာ့ စစ်အစိုးရနှင့် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူများ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ စီမံကိန်းကို အိန္ဒိယ Essar ကုမ္ပဏီမှ ရူပီငွေ ၃၄၂ ကုဋေ ဖြင့် ကန်ထရိုက် ရရှိထားသည်။



No comments: