Tuesday, September 28, 2010

ရန်ကုန်မြို့တွင် မဲပေးခွင့်မရသူ သိန်းချီရှိနိုင်

မျိုးဝင်းဇော် / ၂၈ စက်တင်ဘာ ၂၀၁၀

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းပြုစုပုံ မမှန်ကန်ခြင်း၊ နိုင်ငံရေးပါတီများ စစ်ဆေးခွင့် မရခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်ပင် မဲပေးခွင့်မရသူ သိန်းချီ ကျန်ရစ်နိုင်ကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် နိုင်ငံရေးသတင်းအယ်ဒီတာများက ပြောသည်။

ပြည်တွင်းမှ ရွေးကောက်ပွဲ စောင့်ကြည့်သူတဦးက “အလုံမြို့နယ်က ဘီယာဆိုင်ကြီးတဆိုင် ဆိုပါတော့၊ သူ့မှာ နယ်က အလုပ်လာလုပ်နေတဲ့ အလုပ်သမားပေါင်း (၆ဝ) ကျော်ရှိတယ်။ စားပွဲထိုး၊ မီးဖိုချောင်၊ သန့်ရှင်းရေး၊ လုံခြုံရေး အားလုံးပါတယ်။ အဲဒီလူတွေက ဧည့်စာရင်းနဲ့ နေကြတယ်။ သူတို့တွေအားလုံး တယောက်မှ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲမှာ မပါဘူး။ ဒီမှာရောက်နေတော့ သူတို့ ရပ်ရွာ မဲစာရင်းမှာလည်း မပါဘူး။ ပိုင်ရှင် သူဌေးကလည်း စီးပွားရေး လုပ်နေသူဆိုတော့ အဲဒီကိစ္စ ကော်မရှင်မှာ သွားပြောရကောင်းမှန်း မသိဘူး။ သိလည်း သွားမပြောရဲဘူး။ အလားတူ စားသောက်ဆိုင်တွေ၊ အလုပ်ရုံတွေ၊ စက်ရုံတွေ ရန်ကုန်ဧရိယာမှာ အများကြီးရှိတယ်။ ကျနော်တို့ စုံစမ်းလို့ ရသမျှ နယ်က အလုပ်လာလုပ်တဲ့ အဲဒီ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေ မဲစာရင်းထဲမှာ မပါဘူး” ဟု ပြောသည်။

စစ်အစိုးရက စက်တင်ဘာ (၂ဝ) ရက်နေ့၌ မဲစာရင်း ထုတ်ပြန်ပေးခဲ့ပြီး မဲစာရင်းတွင် မပါသည့် ပြည်သူများအနေဖြင့် လူကိုယ်တိုင် သက်ဆိုင်ရာ ကော်မရှင်ထံသွားပြီး ပုံစံ (၃) ဖြင့် လျှောက်ထားရမည် ဖြစ်သည်။

မဲစာရင်းထဲတွင် ထည့်သွင်းပေးရန် အချိန်ကာလကို စက်တင်ဘာ (၂၆) ရက်နေ့ နောက်ဆုံး အချိန်ပေးထားသော်လည်း အမြို့မြို့ အနယ်နယ်ရှိ ရပ်ကွက် ကော်မရှင်ရုံးတို့တွင် လာရောက်လျှောက်ထားသူ မရှိသလောက်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း နိုင်ငံရေးသတင်းအယ်ဒီတာ တဦးက “အရင်ခေတ်တုန်းကဆို မဲစာရင်း မှန်မမှန် နိုင်ငံရေးပါတီတွေက စစ်ဆေးခွင့် ရှိကြတယ်။ အခု ရွေးကောက်ပွဲ နည်းဥပဒေမှာ အဲလို ပြဋ္ဌာန်းတာမျိုး မပါဘူး။ ဒါကြောင့် ဘာလုပ်မလဲလို့ နိုင်ငံရေးပါတီတွေကို မေးတဲ့အခါ ပါတီ (၃) ခု လောက်က မဲစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်ထံကနေ အခမဲ့ တောင်းတယ်လို့ ဖြေတယ်။ ဒါပေမယ့် ဘယ်သူမှ မရကြဘူး။ မဲစာရင်းကို ကိုယ့်ဘာသာကိုယ် ကူးပြီး စာရင်းတိုက်ဖို့ဟာလည်း လူ (၁) သိန်းလောက်ရှိတဲ့ မဲဆန္ဒနယ်မြေ တခုတည်းတင် ငွေကျပ် သိန်း (၂ဝ) လောက် ကုန်မှာမို့ ဘယ်ပါတီမှ မလုပ်နိုင်ကြဘူး” ဟု ပြောသည်။

ထို့အပြင် မဲစာရင်းတွင် မပါသည့် ပြည်သူများက မဲစာရင်းပါစေရန် အကူအညီ လာတောင်းပါက လုပ်ပေးမည်ဟု နိုင်ငံရေးပါတီများက ကြေညာထားသော်လည်း (၂၆) ရက်နေ့ ကျော်သွားသည်အထိ အကူအညီ သွားတောင်းသည့်ပြည်သူ တယောက်မှ မရှိကြောင်း၊ မဲရုံတို့တွင် ကိုယ့်နာမည် ပါမပါ သွားကြည့်သည့် ပြည်သူ အလွန်နည်းကြောင်းလည်း ၎င်းက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကလည်း တိုင်းနှင့်ပြည်နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူ စာရင်း၊ တနိုင်ငံလုံး အတိုင်းအတာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းတို့ကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခြင်း မလုပ်သည့်အပြင် တနိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်းများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပြန်ပေးခြင်း မရှိကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ၎င်းတို့အမည် မဲစာရင်းထဲ ပါမပါ လာရောက်ကြည့်ရှုသူ အလွန်နည်းခြင်းကြောင့် ယခု ရွေးကောက်ပွဲတွင် စိတ်ဝင်စားမှု မရှိသည်ကို ဖော်ပြနေကြောင်း ရန်ကုန်မြို့ခံ အသိုင်းအဝိုင်းက ဝေဖန်ပြောဆိုနေကြသည်။

No comments: