Monday, September 27, 2010

ကရင်နီပြည်တွင် ကြံ့ဖွံ့နှင့် တစညပါတီ နှစ်ခုသာ စည်းရုံးရေးဆင်း

ကန္တာရ၀တီတိုင်း(မ်)

NUDP ပါတီ ဖျက်သိမ်းခံရလိုက်ပြီးသည့်နောက် ကရင်နီပြည်မြို့နယ်-၇ မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စုတိုင်း ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ လာမည့် ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းလျက်ရှိသည်။


ကြံ့ဖွံ့အနေဖြင့် တစည ပါတီအား ကြိုးကိုင်ထားပြီး စည်းရုံးရေး ဆင်းနေသည့် ကာလအတောအတွင်း အမတ်လောင်းများကို ထိမ်းချုပ်ကြိုးကိုင်မည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။
ကရင်နီပြည် “ဘောလခဲ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁) နေရာမှာ (တစည) ၀င်မယှဉ်ဖို့ ကြံ့ခိုင်ရေး က ဦးခင်မောင်ဦး (လေတပ် ဗိုလ်မှူးကြီး ဦးခင်မောင်ဦး-ဦးကျော်ဒင်သား) က ရှောင်ထားခိုင်း တယ်” ဟု တစညနှင့် နီးစပ်သူ တဦးက ပြောသည်။

ကြံ့ခိုင်ဖွံ့ရေးပါတီသည် ပြီးခဲ့သည့် လက မော်ချီးဂွင်မှ ကျေးရွာ ၁၇ ရွာ၏ ရွာသူကြီးများအား ဆင့်ခေါ်ပြီး ကြံ့ဖွံ့အတွက် မဲများ ရရှိရန် နည်းလမ်းများ ညွန်ကြားပေးခဲ့သည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိပါက ကျေးရွာသူကြီးတိုင်း ထော်လာဂျီ (ထွန်စက် ) small tractor တစီး စီဆုချမည် ဖြစ်ပြီး မော်ချီး ကားလမ်းဟောင်းနှင့် ကျေးရွာတိုင်း လမ်းပမ်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန် လမ်းများ ပြုပြင်ပေးမည်ဟု ကျေးရွာ အသီးသီး၏ ရွာသူကြီးများအား ကတိပေးခဲ့သည်ဟု အစည်းအဝေးသို့ တက်ရောက်သူ ရွာသူကြီး တဦးက ပြန်လည်ပြောပြသည်။

ထို့အတူ လွိုင်ကော် အရှေ့မြောက်ပိုင်းရှိ ရှမ်းကယားနယ်စပ်တွင် တီးစဲခါးကျေးရွာအုပ်စု ၁၃ ကျေးရွာနှင့် တီးလုံ ကျေးရွာအုပ်စု ၈ ကျေးရွာ မှာလည်း ကြံ့ဖွံ့မှ အလားတူပုံစံများ ပြုလုပ်နေကြောင်း ကရင်နီ လူမှုကယ်ဆယ်ရေးကော်မီတီ ပင်မဌာနမှ ပြည်ထဲရေးတာဝန်ခံ ဗမာနိုင်က ပြောပါသည်။

လောလောဆယ် ကရင်နီပြည်တွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီနှင့် ကယန်းအမျိုးသားပါတီသာ ၀င်ရောက်ယှဉ်ပြိုင်ရန် အလားအလာ ရှိသည်။ ကယန်းအမျိုးသားပါတီမှာ ကရင်နီပြည် လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်နှစ်ခုကိုသာ ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်သော်လည်း အမတ်လောင်းများ အသေအချာ မရွေးဘဲ ရှိနေသေးသည်။ NUDP ပါတီမှာ ကြံ့ဖွံ့၏ ခြိမ်းခြောက်နှောက်ယှက်မှုကြောင့် ပါတီဖျက်သိမ်းလိုက်ရသည်။

No comments: