Wednesday, September 22, 2010

မူဆယ်မြို့တွင် ဗုံးပေါက်ကွဲ

ခိုင်လင်း / ၂၂ စက်တင်ဘာ ၂၀၁၀

ယမန်နေ့ ညပိုင်းက ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ တရုတ်-မြန်မာနယ်စပ်အနီး နိုက်ကလပ်တခုရှေ့တွင် ဗုံးတလုံး ပေါက်ကွဲခဲ့သည်။

တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ပေါက်နှင့် မျက်နှာချင်းဆိုင် Royal Night Club ရှေ့တွင် ယမန်နေ့ ည (၉) နာရီ မိနစ် (၃ဝ) ဝန်းကျင်၌ ပေါက်ကွဲခဲ့ပြီး လူအသေအပျောက်နှင့် အပျက်အစီးမရှိကြောင်း မူဆယ်ဒေသခံတဦးက ပြောသည်။

၎င်းက “ဗုံးပေါက်ကွဲတာတော့ ပြီးခဲ့တဲ့နှစ် မြောက်ရပ်ကွက်မှာ ပေါက်တဲ့ ဗုံးတွေထက် အသံကျယ်တယ်။ မီးခိုးလုံးတွေလည်း တက်လာတယ်။ အဆောက်အဦရှေ့ ခြံစည်းရိုးနားမှာ ပေါက်တာ။ လူအသေအပျောက်နဲ့ ထိခိုက်တာမရှိဘူး။ ညတွင်းချင်းပဲ ချိုင့်ဖြစ်သွားတဲ့ ကြမ်းခင်းကို အင်္ဂတေနဲ့ ဖာထေးပြီး ပြန်ပြင်ထားတယ်။ ဘာမှ မဖြစ်ခဲ့သလို လုပ်ထားတယ်၊ အဲဒီပေါက်တဲ့ နေရာက နယ်စပ်ခြံစည်းရိုးနဲ့ အလွန်ဆုံး မီတာ (၁ဝဝ) လောက်ပဲ ဝေးမယ်” ဟု ပြောသည်။

ယခု ဗုံးပေါက်ကွဲခဲ့သည့် နေရာအနီးရှိ Royal Night Club ကို နအဖစစ်ဗိုလ်ချုပ်များနှင့် ရင်းနှီးသူ ပန်ဆေးပြည်သူ့စစ် ခေါင်းဆောင် ဦးကျော်မြင့်က ဖွင့်လှစ်ထားပြီး အဆောက်အဦးအတွင်း၌ လောင်းကစားဝိုင်းများလည်း ဖွင့်လှစ်ထားရာ အခင်းဖြစ်စဉ် လာရောက် လောင်းကစားလုပ်နေသည့် တရုတ်နိုင်ငံသားများ တရုတ်ပြည်ဘက် ညတွင်းချင်း ပြန်သွားခဲ့ကြောင်း အဆိုပါဒေသခံက ပြောသည်။

ယမန်နှစ် သြဂုတ်(၂၇) ရက်နေ့ ညပိုင်းကလည်း မူဆယ်မြို့၊ မြောက်ရပ်ကွက်အတွင်း ဗုံး (၃) လုံး နေရာ (၃) နေရာ၌ ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့် နအဖအကြား တိုက်ပွဲဖြစ်နေချိန်ဖြစ်သည်။

ယခုပေါက်ကွဲသည့်နေရာသည် နယ်စပ်အဝင်အထွက် ဂိတ်ပေါက်အနီးရှိ နအဖ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့၏သတင်းပေး အများအပြား ရှိနေသည့်နေရာဖြစ်၍ ယခုပေါက်ကွဲမှုအပေါ် သံသယ ရှိကြသည်ဟု အဆိုပါ မူဆယ်မြို့ခံက ပြောသည်။

၎င်းက “ရဲတို့၊ လဝကတို့၊ မူးယစ်တို့ ဌာနဆိုင်ရာတွေရှိတယ်။ သူတို့တွေ မွေးထားတဲ့ သတင်းပေးတွေ ရှိတယ်ဗျာ။ သတင်းပေးတွေက နယ်စပ်နားမှာ မယောင်မလည်လုပ်နေတဲ့သူတွေ၊ ခြံစည်းရိုးကျော်ပြီး ပစ္စည်းတွေသယ်တဲ့ သူတွေကို လိုက်ချောင်းပြီး ဌာနဆိုင်ရာနဲ့ဖမ်းလို့ ငွေတောင်းနေကြတာ။ သူတို့တွေချည်း ခြေချင်းလိမ်နေတဲ့ နေရာမှာ ဗုံးပေါက်တာဆိုတော့ ထူးဆန်းတာပေါ့ဗျာ။ ဘယ်သူက လာလုပ်ရဲပါ့မလဲ” ဟု ပြောသည်။

No comments: