Friday, September 24, 2010

မောင်တောမြို့နယ်တွင် နောက်ထပ် ဆင်ဖြူ တစီး ဖမ်းဆီးရမိ

နိရဉ္စရာ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အသက် ၁၈ နှစ် အရွယ်ရှိ ဆင်ဖြူမ တစ်ကောင်ကို နအဖ အာဏာပိုင်များက ယနေ့နံနက်က ဖမ်းဆီး ရမိခဲ့သည်။

ဒေသခံ တဦးက “ ဒီကနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်မှာ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းတိုက်နယ် ရန်အောင်ပြင် ရွာအနီးမှာ ဖမ်းဆီးရမိခဲ့ပါတယ်။ အသက်က ၁၈ နှစ်ခန့်ရှိပီး အရပ်က ၇ ပေ ၁ လက်မ ရှိပါတယ်” ဟု ပြောသည်။ အဆိုပါ ဆင်ဖြူမကို ဖမ်းဆီးရန် အတွက် တပ်ရင်း သုံးရင်းနှင့် နစက တပ်သားများကို အသုံးပြုခဲ့ရပြီး ၁၉ ရက်နေ့က စတင်ခဲ့သော ၅ ရက်ကြာ ဆင်ဖြူ စစ်ဆင်ရေး အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။“

ဘူးသီးတောင် တပ်နယ်က တပ်ရင်းသုံးရင်းနဲ့ နစက တပ်သားတွေ အများအပြားကို အသုံးပြုပြီးဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။ ခုဆင်ဖြူကို ဖမ်းမိရေး အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ကိုယ်တိုင် ရဟတ်ယာဉ်တွေနဲ့ လွန်ခဲ့တဲ့ နှစ်ရက်က မောင်တောကို ရောက်ရှိလာပြီး တိုက်ရိုက် ညွှန်ကြား ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မဲ့ဆေး သေနတ်ကို အသုံးပြုပြီး ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တင်ပါးနဲ့ အမြီးကြားမှာ ထိပီး မူးလဲသွားခဲ့ပါတယ်။ ဆင်ဖမ်း အဖွဲ့က ဖြေဆေး ပြန်ထိုးတဲ့ အတွက် နေ့လည် တစ်နာရီမှာ မတ်တပ် ပြန်ရပ်နိုင်ပြီး တခြား ဆင်လေးကောင်နဲ့အတူ အခု ဆင်ကို ကြိမ်ချောင်း အောင်တော်မူ ကျောင်းအနီး ဆင်ထိန်း စခန်းမှာထားပါတယ် ” ဟု သူက ဆက်ပြောသည်။

ယမန်နေ့က စပြီး ဆင်ဖြူ ဖမ်းဆီးရမိသည့် ကျေးရွာ ကြိမ်ချောင်းသို့ ကစထမှူး ဗိုလ်ချုပ်လှမင်းနှင့် အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူး ချုပ် စိုးသိန်းနှင့် စစ်အရာရှိကြီးများ ရောက်ရှိနေကြောင်း သိရသည်။

ယခု ဖမ်းဆီးရမိသော ဒေသအတွင်းမှပင် လွန်ခဲ့သော ဇွန်လ ၂၆ ရက်နေ့ကလည်း အသက် ၃၇ နှစ်အရွယ် ဆင်ဖြူမ တစ်ကောင်ကို ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ အဆိုပါ ဆင်ဖြူမကို ပဒ္ဒ၀တီဟု အမည်ပေးပြီး နေပြည်တော်တွင် ထားရှိသည်။ ဆင်ဖြူရရှိသည်မှာ တိုင်းပြည် အုပ်ချုပ်သူများ၏ မင်းကျင့်တရား အညီ တိုင်းပြည်ကို အုပ်ချုပ်နေသဖြင့် ရရှိခြင်း ဖြစ်သည်ဟု ဆိုကာ ပဒ္ဒ၀တီကို ဖမ်းဆီးရမိခဲ့စဉ်က နအဖ သတင်းစာများက အကြီးအကျယ် ၀ါဒ ဖြန့်မူများ ပြုလုပ်ခဲ့သည်။


No comments: